စက်တင်ဘာ ၁၃ ရက်သတင်းများအနှစ်ချုပ်- ဦးကျော်မိုးထွန်းကိုဖမ်းဖို့ အင်တာပိုနဲ့ချိတ်ဆက်နေတယ်လို့ဆို

နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ဇူလိုင် ၇ ရက်က တုန်းက ပြုလုပ်တဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအ၀ေးတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ဇူလိုင် ၇ ရက်က တုန်းက ပြုလုပ်တဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအ၀ေးတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန် း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

ကုလသမဂ္ဂမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြန်မာကိုယ်စားပြု သံအမတ်အဖြစ် ဆက်ရှိနေတဲ့ ဦးကျော်မိုးထွန်းကို နိုင်ငံတော်ပုန်ကန်မှုအပါအ၀င် အမှု ၅ မှုနဲ့ တရားစွဲထားပြီး ဖမ်းဆီးနိုင်ရေးကိုလည်း အမေရိကန်၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)တို့နဲ့ ချိတ်ဆက်နေတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

ဦးကျော်မိုးထွန်းကို စွပ်စွဲထားတဲ့အမှုတွေကို နေပြည်တော် နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ရင်း အခုလို ပြောလာတာဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့အပါအဝင် အမှု ၅ ခုနဲ့ စွဲချက်ဖွင့် တရားစွဲထားတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာတာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းကို နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ပေမဲ့ ဘဏ်ငွေစာရင်းထဲက နိုင်ငံပိုင်ဘဏ္ဍာငွေ ကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃၈,၀၀၀ ကျန်ငွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲမှုနဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးမှုတွေလုပ်ခဲ့တယ်လို့‌ နေပြည်တော်က စွပ်စွဲပါတယ်။

နောက်ထပ် ၂ မှုကတော့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ၆(၁)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့နဲ့လည်း အမှုဖွင့်အရေးယူထားတယ်လို့ဆိုပါတယ်။

နေပြည်တော်က ဦးကျော်မိုးထွန်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ်ကြေညာထားပြီး တရားရုံးအမိန့်တွေ ထုတ်ထားတယ်လို့ နေပြည်တော်က ကြေညာပါတယ်။

အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ အမေရိကန် USNCB တို့ကတဆင့် အမေရိကန်၊ ဝါရှင်တန်အခြေစိုက် မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေးအတွက် သံတမန်လမ်းကြောင်းကနေ ဆက်ဆောင်ရွက်မယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

နေပြည်တော်ကတော့ ဦးကျော်မိုးထွန်းဟာ ကုလမှာ မြန်မာကိုယ်စားပြုသူ နေရာမှာ ဆက်ရှိနေတာဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ကိုယ်စားပြုမယ့်သူနေရာကို ရွေးချယ်ရေး (Credentials Committee) က မြန်မာအတွက် ကိုယ်စားပြုသူ နေရာကို ဆိုင်းငံ့ထားတာကြောင့် ဖြစ်တယ်ဆိုတဲ့အချက်ကို သူတို့ရဲ့ ကြေညာချက်ထဲ ထည့်ပြောပါတယ်။

ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူ နေရာကို မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဆုံးဖြတ်ချက် ရွှေ့ဆိုင်းခဲ့တာဖြစ်လို့ အရင်သံအမတ် ဦးကျော်မိုးထွန်းကပဲ မြန်မာကိုယ်စားပြုသူနေရာမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကုလသမဂ္ဂမှာ နိုင်ငံတွေရဲ့ကိုယ်စားပြုခွင့်ကို စိစစ်မယ့် Credentials Committee ကို နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကနေ ကုလသမဂ္ဂမှာ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံတွေကို ကိုယ်စားကိုယ်စားပြုမယ့် သံအမတ် သီးသီးကို စိစစ်မှာဖြစ်ပါတယ်။

သံအမတ်နေရာအတွက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က တင်သွင်းထားသလို နေပြည်တော်ကတော့ စစ်သံမှူး ဦးအောင်သူရိန်ကို ၂၀၂၄ ခုနှစ်ကတည်းက နာမည်တင်သွင်းထားပါတယ်။

စက်တင်ဘာ ၁၂ ရက်တုန်းကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ပြီး ကိုယ်စားပြုခွင့်ရရေးအတွက် ယူကေရောက်မြန်မာတွေ လန်ဒန်မြို့က ပါလီမန်အဆောက်အအုံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

NUG ရဲ့မြင်းမူတိုက်နယ် ပကဖ တာဝန်ခံ စစ်တပ်ထံ လက်နက်ချတယ်လို့ဆို

စစ်တပ်ဆီလက်နက်ချလိုက်တဲ့ မြင်းမူတိုက်နယ် ပကဖ တာဝန်ခံကိုမြတ်စိုးနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စစ်တပ်ဆီလက်နက်ချလိုက်တဲ့ မြင်းမူတိုက်နယ် ပကဖ တာဝန်ခံကိုမြတ်စိုးနဲ့ ဇနီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်းထဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ကိုမြတ်စိုးဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာပဲ စစ်တပ်ထံမှာ လက်နက်ချလိုက်တယ်လို့ ဒီအခြေအနေကို သိတဲ့သတင်းရင်းမြစ် ၂ ဦးထက်မနည်းက ပြောပါတယ်။

လက်နက်ချခဲ့တဲ့ ပကဖ တာဝန်ခံနဲ့အတူ "လက်နက် ၁၀ လက်နဲ့ ငွေကြေးတချို့လည်း ပါသွားတယ်" လို့လည်း သူက ပြောပါတယ်။

မြင်းမူနယ်ထဲက စစ်ရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ငွေကျပ် ၁၅ သိန်း ကိုမြတ်စိုးနဲ့အတူပါသွားတာလို့ သူနဲ့ရင်းနှီးသူတစ်ဦးကလည်း ပြောပါတယ်။

ကိုမြတ်စိုး လက်နက်မချခင် ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သူ့ရဲ့ ဇနီးဖြစ်သူက အရင် ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ တိုက်နယ်ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ပကဖ တာဝန်ခံ လက်နက်ချတဲ့ ဒီကနေ့မှာပဲ သူအထိုင်ချခဲ့တဲ့ ဂုံညှင်းဆိပ်ရွာနဲ့ အနီးတဝိုက်နေရာတွေမှာ စစ်တပ်ရဲ့ ကင်းထောက်ဒရုန်း‌တွေ ဝဲပျံနေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ကိုမြတ်စိုးအပေါ် သူ့ရဲ့ အဖွဲ့ဝင်တချို့က လုပ်ငန်းဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်ခဲ့တဲ့ကိစ္စတွေရှိခဲ့ဖူးတာကြောင့် သက်ဆိုင်ရာ မြို့နယ်ပကဖကို တိုင်ကြားခဲ့တာတွေရှိခဲ့ပေမဲ့ မြို့နယ်ပကဖဘက်က လျစ်လျူရှုခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ကိုနွေဦးမြောင်ကတော့ မြင်းမူနယ်ထဲမှာ စက်တင်ဘာလအတွင်းမှာပဲ စစ်တပ်ဆီမှာ လက်နက်ချတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။

မြင်းမူတိုက်နယ်ပကဖ တာဝန်ခံ လက်နက်ချတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

မြဝတီမြို့ပေါ် ၃ နေရာမှာ ပေါက်ကွဲမှုဖြစ်

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း မြဝတီမြို့ ပေါက်ကွဲမှုအတွင်း ပျက်စီးခဲ့တဲ့ ယာဉ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း မြဝတီမြို့ ပေါက်ကွဲမှုအတွင်း ပျက်စီးခဲ့တဲ့ ယာဉ်တစ်စီး

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲက မြဝတီမြို့ပေါ်မှာရှိတဲ့ နေပြည်တော်ရဲ့အုပ်ချုပ်ရေးယန္တရား ဆက်နွှယ်နေရာ ၃ ခုမှာ ဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။

"ရဲစခန်းအနီးက ပြန်ကြားရေးနဲ့ပြည့်သူ့ဆက်ဆံရေးရုံးနား၊ မြို့လယ်က ရေပူမီးပွိုင့်နဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား " စတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာလို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုအတွင်း လူထိခိုက်တာတော့ မရှိဘူးလို့ သူကဆိုပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေမှာ‌တော့ ပေါက်ကွဲမှုကြောင့် ယာဉ် ၂ စီး မီးလောင်ကျွမ်းပျက်စီးနေပြီး ရေပူမီးပွိုင့်အနီးက ယာဉ်ထိန်းရုံး ပျက်စီးသွားတာကိုလည်း တွေ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့နေရာတွေထဲက ရေပူမီးပွိုင့်နားကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တချို့ရောက်လာပြီးနောက် ယာယီလမ်းပိတ် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"လမ်းသွားလမ်းလာတွေကို မေးတာ၊ ဖမ်းဆီးတာတော့မရှိဘူး" လို့ သူကဆိုပါတယ်။

မြဝတီမြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို စက်တင်ဘာ ၁၃ နေ့လယ်ပိုင်းအထိ အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။

စစ်တပ်နဲ့ နယ်ခြားစောင့်တပ်အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့စုံလည်း ရှိတဲ့မြ၀တီမြို့ပေါ်က အခု ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ဒါပေမဲ့ အခုဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဗုံးထောင်မှုနဲ့ မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်းဖြစ်ဖူးတဲ့နေရာတွေလို့ မြို့ခံတွေကို ကိုးကားပြီး ဒေသတွင်း သတင်း KIC က သတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မြ၀တီမြို့ အမှတ် ၁ တံတားနဲ့ အမှတ် ၂ ရပ်ကွက်တို့မှာ ဗုံးပေါက်ကွဲလို့ ကား ၃ စီးမီးလောင်ပြီး အနီးနားက နေအိမ်တွေ ဗုံးစ ထိမှန် ပျက်စီးခဲ့ပါတယ်။

ဒါအပြင် မြ၀တီမြို့မှာ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးအပါအ၀င် စစ်တပ်နဲ့ဆက်နွှယ်နေရာတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းဗုံးချမှုတွေလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် ညပိုင်းတုန်းကလည်း မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကြားကို ဒရုန်းနဲ့ ကြဲချတဲ့ဗုံး ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

၂၀၂၃ စက်တင်ဘာလ ၃ ရက် ညပိုင်းတုန်းကလည်း မြ၀တီမြို့က ခရိုင်ထွေအုပ်ရုံး ဒရော့ဗုံးနဲ့ တိုက်ခိုက်ခံရလို့ ခရိုင်အုပ်ချုပ်ရေးမှူးအပါအ၀င် စစ်တပ်၊ ရဲနဲ့ ထွေအုပ်၀န်ထမ်း စုစုပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်မှုထမ်းဖို့ မန္တလေးက မြို့နယ် ၇ ခုမှာ မဲနှိုက်ရွေးချယ်

စစ်မှုထမ်းတပ်သားသစ်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့စစ်မှုထမ်းများစုစည်းရာ

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းတပ်သားသစ်တချို့ (ပုံဟောင်း)

မန္တလေးမြို့ပေါ်က စစ်တပ်အပြည့်အဝစိုးမိုးနိုင်တဲ့မြို့နယ် ၇ ခုက သတ်မှတ်နေရာအသီးသီးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ရွေးချယ်ဖို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ မဲနှိုက်ရွေးချယ်တာတွေ လုပ်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

"ဒီနေ့ မနက် မဲနှိုက်တာ၊ ရပ်ကွက်ထဲက စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့သူတွေတိုင်း မဲလာနှိုက်ရမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ခေါ်ထားတာ"လို့ အောင်မြေသာစံမှာနေတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မဲနှိုက်ရွေးချယ်တဲ့နေရာကို လူငယ်တွေလာဖို့ မနေ့ကတည်းက ရပ်ကွက်အများစုမှာ အသံချဲ့စက်နဲ့ အသိပေးတာတွေလုပ်ခဲ့တယ်လို့လည်း မြို့ခံတွေကဆီကနေ သိရပါတယ်။

မဲပေါက်တဲ့ နံပါတ်အကြီးအသေးအလိုက် စစ်မှုထမ်းရမယ့်အပတ်စဉ်ကို ဆုံးဖြတ်ပြီး စစ်မှုထမ်းခေါ်မှာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတဲ့အကြောင်း မြို့ခံတစ်ဦးက ပြောပြပါတယ်။

"တစ်ရပ်ကွက်ကို ဘယ်နှစ်ယောက်ခေါ်မယ် မသိရဘူး၊ အသက် ၁၈ ကနေ ၃၅ နှစ်ကြား ယောက်ျားလေးအကုန်လုံးကို မဲလာနှိုက်ခိုင်းတာ" လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြို့ပေါ် တချို့ရပ်ကွက်တွေမှာတော့ မနေ့ စက်တင်ဘာ ၁၂ ရက် ညနေ ၃ နာရီပိုင်းလောက်မှာ မဲနှိုက်ရွေးချယ်တာတွေ လုပ်ပြီးပြီလို့လည်း သူက ထပ်ပြောပါတယ်။

စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်ပေမယ့် ကျောင်းနေအရွယ် ယောက်ျားလေးတွေကိုတော့ ကျောင်းတက်နေတဲ့ အထောက်အထားနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ တင်ပြဖို့ အကြောင်းကြားထားတယ်လို့ သူက ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဧပြီမှာ အသက်သွင်းခဲ့တာဖြစ်ပါတယ်။

၂ နှစ်ကျော်ကြာ ၂၀၂၆ စက်တင်ဘာ ပထမသီတင်းပတ်မှာတော့ စစ်မှုထမ်းအပတ်စဉ် ၂၈ အထိ သင်တန်းသားခေါ်ယူထားပြီလို့ နေပြည်တော်က တယ်လီဂရမ်ချန်နယ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့နောက်ပိုင်းကစလို့ နိုင်ငံထဲက လူငယ်အများစုဟာ နိုင်ငံပြင်ပကို နည်းလမ်းမျိုးစုံနဲ့ထွက်ခွာနေကြပါတယ်။

နေပြည်တော်ကတော့ လူငယ်တွေ နိုင်ငံခြားထွက်ခွာခွင့်ကို တရစ်ရစ် တင်းကျပ်ပိတ်ပင်ထားပြီး ပြည်ပထွက်ခွာတဲ့လေဆိပ်တွေမှာလည်း ထွက်ခွာခွင့်မပေးဘဲ ကန့်သတ်တာတွေ လုပ်နေတယ်လို့ လူငယ်တချို့က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

ဗန်းမော်ကနေ ဆင်းလာတဲ့ စစ်တပ် သင်္ဘော ၄ စင်းထက်မနည်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

စက်တင်ဘာ ၁၂ ရက်က စစ်တပ်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့တိုက်ခိုက်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၂ ရက်က စစ်တပ်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့တိုက်ခိုက်နေတဲ့မြင်ကွင်း

ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာမှာ စစ်အင်အားနဲ့ လက်နက်ရိက္ခာပို့ပြီး ရွှေကူဘက် ပြန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ၄ စင်းထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တွေက မနေ့က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်ရဲ့သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲက စင်းခန်းတံတားအနီးနဲ့ ရွှေဘုံသာရွာနားအရောက်မှာ တိုက်ခိုက်လိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်က တိုက်ခိုက်မှုမှာ စစ်တပ်ရဲ့တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အမြန်စက်လှေ တစ်စင်း ပျက်စီးသွားတယ်လို့ သူက ထပ်ပြောပါတယ်။

အလားတူ ဗန်းမော်မြို့နယ်ထဲက စားဝတီကျေးရွာမှာလည်း မြစ်ကြောင်းထဲ ခုတ်မောင်းနေတဲ့ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းအဖွဲ့တွေက မြေပြင်ကနေ ဒရုန်းနဲ့ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဗန်းမော်ကနေ ပြန်ဆင်းလာတဲ့စစ်တပ်သင်္ဘောအုပ်စု ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ သင်္ဘော ၄ စင်းထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။

လက်ရှိ စင်းခန်းတံတားအနီးနဲ့ ရွှေကူမြို့နယ်ထဲက ဇင်းဘုံရွာအနီးမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မြေပြင်တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

စစ်တပ်က ဧရာဝတီမြစ်ကြောင်းတလျှောက် ဗန်းမော်နဲ့ ရွှေကူမြို့နယ်ထဲက မြစ်ကမ်းဘေးနှစ်ဖက်ကိုလည်း လေယာဉ်တွေသုံးပြီး လေကြောင်းကနေ ပစ်ခတ်တာအပြင် ဒရုန်းတွေ သုံးပြီးလည်း တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်က စက်တင်ဘာ လဆန်းပိုင်းမှာပဲ ဗန်းမော်ကို စစ်ကူဖို့ လူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေအပါအ၀င် သင်္ဘောအစင်းရေ ၃၀ ကျော်ကို စေလွှတ်ထားပါတယ်။

ဒီသင်္ဘောအုပ်စု မတိုင်ခင် ပထမ စစ်ကူသင်္ဘောအုပ်စုကိုလည်း KIA/ KPDF တပ်တွေက ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘော ၅ စင်းထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၁၅၀ ကျော်ဖမ်းမိခဲ့တယ်လို့ KIA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ကတော့ ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

စစ်တွေ၊ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်

အေအေ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အေအေ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေအနီးတဝိုက်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ကြား တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ကပ်လျက်က ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်က အင်အားထောင်ချီသုံးပြီး စက်တင်ဘာပထမသီတင်းပတ်ကတည်းက ထိုးစစ်ဖော် တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်ထဲက "မင်းချောင်း၊ မင်းလှ၊ ဝါဘို၊ ကွမ်းတောင်ရွာတွေဘက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာ" လို့ စစ်ရေးသတင်းရင်းမြစ်က ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ခမောင်းတော၊ ရဲရိုးပြင်၊ အောင်မြေကုန်းနဲ့ အောင်ဇေယျရွာတွေအနီးမှာလည်း စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အေအေဘက်ကလည်း ခုခံစစ်နဲ့ ထိုးစစ် တလှည့်စီ တန်ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့ကိုတော့ အေအေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စက်တင်ဘာ ဒုတိယသီတင်းပတ်ထဲ စစ်တပ်နဲ့ အေအေတို့ကြား တိုက်ပွဲပိုပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်ကြောင်းမှူးအဆင့်ရှိသူတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သူက ဆိုပါတယ်။

"နှစ်ဖက်စလုံး အကျအဆုံးများတယ်၊ စစ်တပ်က လေကြောင်းကနေလည်း ဖိပစ်နေတယ်" လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်တပ်က ဒီမြို့နယ် ၂ ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ အင်အား ၁,၀၀၀ ကျော်ကနေ စစ်ကြောင်းတွေကို ရာနဲ့ချီ အသုတ်လိုက်နဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

ဒီအင်အားတွေနဲ့ ရခိုင်ပြည်နယ်ထဲက သူထိန်းချုပ်ထားတဲ့ မြို့နယ်တွေ လက်မလွှတ်ရရေး ပြည်နယ်ဝင်ပေါက်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ ဗျူဟာကို သုံးနေတာလို့လည်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့အခုထိုးစစ်ကို ၄၆၂၉ စစ်ဆင်ရေးလို့ အမည်ပေးရေးသားနေကြပါတယ်။

စစ်တပ်ရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်သလို ဂြိုဟ်တုဓာတ်ပုံတွေအရ ရေငုပ်သင်္ဘောလည်း ရပ်နားလေ့ရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့ တောင်မော်ဦးရေတပ်စခန်းတဝိုက်မှာလည်း စစ်တပ်က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဖော်လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

ကျောက်ဖြူနဲ့ ရမ်းဗြဲကြားက စနဲမြို့အပြင် ရမ်းဗြဲမြို့နယ်ထဲက အဝတောင်ရွာအနီးတဝိုက်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ အေအေတို့ ပစ်ခတ်နေကြတာလို့ သူက ဆိုပါတယ်။

ကျောက်ဖြူမြို့အတွက် စစ်ရေးအရ အခရာကျတဲ့ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်အတွက် ကာကင်းစခန်းကြီးတစ်ခုဖြစ်တဲ့ တောင်မော်ဦးရေတပ်စခန်းတို့ကို လက်မလွှတ်ရရေး စစ်တပ်က ထိုးစစ်ဖော်ပြီး တိုက်ခိုက်နေတာလို့ သူက ဖြည့်ပြောပါတယ်။

မြန်မာစစ်တပ်ကတော့ လက်ရှိမှာ ရခိုင်ပြည်နယ်ကို အကြီးမားဆုံးထိုးစစ်ဆင်နေသလို ပြီးခဲ့တဲ့နှစ်ကတည်းက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေးသုံးပြီး တိုက်ခိုက်သွားမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အေအေကတော့ သူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းသာမက ရေကြောင်းကနေပါ ပစ်ခတ်မှုတွေ တိုးလုပ်နေတာကြောင့် အေအေထိန်းချုပ်ဒေသတွေမှာ နေထိုင်နေတဲ့ ရခိုင်လူထုတွေကို သတိပြုနေထိုင်ကြဖို့ သတိပေးနေပါတယ်။