ကျောက်ဖြူက တောင်မော်ဦးရေတပ်စခန်း အေအေနဲ့ စစ်တပ်အတွက် ဘာကြောင့်အရေးပါလဲ

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေး ရေယာဉ်တစ်စီး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မြန်မာရေတပ် စစ်ရေယာဉ်တစ်စင်း (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)သိမ်းထားတဲ့ ရမ်းဗြဲနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ကြားက စစ်တပ်ရဲ့တောင်မော်ဦး ရေတပ်စခန်းအနီးမှာ စစ်တပ်နဲ့ အေအေတို့ကြားက တိုက်ပွဲ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။

ဒီတိုက်ပွဲ တစ်လကျော်အတွင်း ရေတပ်ကာကင်းစခန်း ၄ ခု ထက်မနည်းကို အေအေက သိမ်းထားတယ်လို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

စစ်တပ်ကလည်း စစ်ကြောင်း အကြိမ်ကြိမ်ပို့ပြီး ပြန်လည်တုံ့ပြန်နေတာကြောင့် ရေတပ်စခန်းအနီး မိုင်အနည်းငယ်အကွာက စနဲမြို့အထိ တိုက်ပွဲအရှိန် ရိုက်ခတ်လို့ စနဲမြို့က ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။

တဖက်မှာလည်း စနဲမြို့နဲ့ကပ်လျက်က ဒီရေတပ်စခန်းဟာ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်ကို ရေနံတင်ပို့နေတဲ့မဒေးကျွန်းတို့လို စီမံကိန်းကြီးတွေကို အေအေက ရေကြောင်းအရပါ ထိန်းချုပ်ဖို့ ဗျူဟာမြောက်စခန်းဖြစ်နေတယ်လို့ ရခိုင်စစ်ရေးအကဲခတ်တချို့က ထောက်ပြပါတယ်။

ဘာကြောင့် ဗျူဟာမြောက်တာလဲ

၂၀၂၄ ခုနှစ်တုန်းက အေအေသိမ်းပိုက်ခဲ့တဲ့ မြန်မာစစ်သင်္ဘော ၂ စင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်တုန်းက အေအေသိမ်းပိုက်ခဲ့တဲ့ မြန်မာစစ်သင်္ဘော ၂ စင်း

တောင်မော်ဦးရေတပ်စခန်းဟာ မြန်မာစစ်တပ်(ရေ)ရဲ့ အကြီးဆုံးရေတပ်စခန်းဖြစ်တဲ့ ကျောက်ဖြူမြို့အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ကျောက်ဖြူအတွက် အခိုင်အမာရှိနေတဲ့ ရှေ့တန်း ကာကင်း ရေတပ်စခန်းတစ်ခုဖြစ်တယ်လို့ ရခိုင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ဒီရေတပ်စခန်းဟာ ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့ ၂ မြို့ကြားမှာရှိတာကြောင့်ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်းကို ထိန်းချုပ်ဖို့ အခရာကျတယ်လို့ ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီပေးနေသူလည်းဖြစ်၊ မြေပြင်စစ်ရေးအခြေအနေလည်း သိရှိတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ဒီစခန်းဟာ အေအေထိန်းချုပ်ထားတဲ့ စနဲမြို့ မြောက်ဘက်ခြမ်းမှာရှိပြီး ၃ မိုင်နီးပါးကွာဝေးပါတယ်။

စစ်တပ်ကတော့ တိုက်ပွဲပြင်းထန်တဲ့ကာလအတွင်း ဒီလမ်းပိုင်းနဲ့ စနဲမြို့ဘက်ကလာတဲ့ ကုန်းလမ်းပိုင်းကို ပိတ်ဆို့ တားဆီးဖို့ လမ်းဆုံ၊ လမ်းခွနဲ့ တံတားအနီးဝန်းကျင်တွေမှာ ကာကင်းစခန်းတွေ ထားလေ့ရှိတယ်လို့ CDM ရေတပ်အရာရှိဟောင်းတစ်ဦးက ဘီဘီစီကို ဖွင့်ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီရေတပ်စခန်းဟာ ကုလားပုန်းတောင်တန်းကို အကာအကွယ်ယူ တည်ဆောက်ထားတာဖြစ်ပါတယ်။

တောင်တန်းတကြောကနေ ရေတပ်စခန်းကို စီးမြင်ရတဲ့ တောင်ကုန်းအမြင့်တွေအပေါ်မှာ ကာကင်းစခန်းငယ် ၃ ခုကနေ ၅ ခုထက် မနည်းတည်ဆောက်လေ့ရှိပြီး လက်နက်ကြီးတွေနဲ့ လုံခြုံရေးယူလေ့ရှိတယ်လို့ အမည်မဖော်လိုတဲ့ CDM ရေတပ်အရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။

တောင်မော်ဦးရေတပ်စခန်းဟာ ကျောက်ဖြူမြို့ကနေဆိုရင်တော့ မိုင် ၂၀ ဝန်းကျင်ကွာဝေးပြီး မြို့အရှေ့တောင်ဘက်မှာရှိပါတယ်။

ဒီရေတပ်စခန်းကို အေအေသိမ်းနိုင်ခဲ့ရင် စစ်တပ်အတွက် "ရမ်းဗြဲကို ပြန်ရဖို့ လမ်းပေါက်ပိတ်သွားမှာဖြစ်သလို ကျောက်ဖြူအတွက်လည်း စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်" လို့ စစ်ရေးအကဲခတ်တစ်ဦးကလည်း ထောက်ပြပါတယ်။

ဒါ့အပြင် စနဲမြို့အနီးမှာ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းနဲ့ ကျောက်ဖြူ-တောင်ကုတ်ကားလမ်းပိုင်းရဲ့ ဆုံချက်လည်း ရှိနေပါတယ်။

ဒါကြောင့် ကျောက်ဖြူ-ရမ်းဗြဲနဲ့ ကျောက်ဖြူ-တောင်ကုတ် စတဲ့ မြို့ ၃ မြို့ထဲ စီးဝင်နေတဲ့ လမ်းပိုင်းကို ထိန်းချုပ်ဖို့ တောင်မော်ဦးရေတပ်စခန်းရဲ့အနီးတဝိုက်ကို စစ်တပ်က ထိုးစစ်တွေ ဖြန့်ကြက်နေတယ်လို့ မြေပြင်စစ်ရေး အခြေအနေ သိသူတစ်ဦးက ဆိုပါတယ်။

တောင်မော်ဦးစခန်းထိန်းချူပ်နိုင်ရေးဟာ အေအေရဲ့ကျောက်ဖြူမြို့ထိန်းချုပ်နိုင်ရေးကြိုးပမ်းချက်အတွက် အရေးပါနေတယ်လို့ အေအေနဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

"ကျောက်ဖြူကို ပိတ်ဆို့ပြီး ရမ်းဗြဲနဲ့ တောင်ကုတ်ကိုလည်း ကာနိုင်မယ်၊ ရေလမ်းကြောင်းကို ကိုင်တွယ်ခွင့်ရပြီး လက်နက်ကြီးရန် ခြိမ်းခြောက်ခံရမှုကနေလည်း လျော့ကျသွားမှာဖြစ်တယ်" လို့ သူက ဆိုပါတယ်။

နောက် ရခိုင်တောင်ပိုင်းမှာ စစ်တပ်အပေါ် ထိုးစစ်တွေ ထိရောက်အောင် အချက်အချာကျတဲ့ စစ်ရေးခြေကုပ်ရသလို ဖြစ်သွားမှာကြောင့် အေအေရဲ့အုပ်ချုပ်နိုင်စွမ်းအတွက် အသိအမှတ်ပြုခံရမယ့် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ သူက ဖြည့်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ

Arakan Oil Watch အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် အစီရင်ခံစာအရ မဒေးကျွန်းနဲ့ ကျောက်ဖြူကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, AOW

ဓာတ်ပုံ ပုံစာ, Arakan Oil Watch အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် အစီရင်ခံစာအရ မဒေးကျွန်းနဲ့ ကျောက်ဖြူကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်

ဇွန်လ နောက်ဆုံးပတ်အထိ တောင်မော်ဦးရေတပ်စခန်းနဲ့ စနဲမြို့ကြားမှာ အေအေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အနီးက မျှော်ချောင်းကုန်း၊ ဒွေးချကုန်း နဲ့ စံပယ်ရှောင်ကုန်းတွေမှာရှိတဲ့ ကာကင်းစခန်းတွေအပါအဝင် ကာကင်း ၄ ခုထက်မနည်းကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ထားပြီလို့ မြေပြင်စစ်ရေးအခြေအနေသိသူတစ်ဦးက ဘီဘီစီကို ဇွန် ၂၁ ရက်မှာ ပြောပါတယ်။

စစ်တပ်ကလည်း တောင်မော်ဦး လက်မလွှတ်ရရေးအတွက် စနဲမြို့အနီးတဝိုက်ကို စစ်တပ်က မေလကတည်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးတဲ့ အရပ်သားတချို့လည်းရှိတယ်လို့ စနဲကနေ စစ်ရှောင်လာတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ရှုခင်းသာရပ်ကွက်ကဆို အိမ်ခြေ ၁၀၀ ကျော် ဗုံးကျကွဲလို့ ပျက်စီးသွားတယ်။ အရပ်သားတွေလည်း အထိအခိုက်ရှိတယ်" လို့ သူက ဆိုပါတယ်။

နောက် အေအေရဲ့ထိုးစစ်ဟာ တောင်မော်ဦးရေတပ်စခန်းရဲ့တစ်မိုင်အကွာထိ ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထုတ်ပြောပါတယ်။

စစ်တပ်ကလည်း တောင်မော်ဦးစခန်းကို ဓညဝတီရေတပ်ဌာနချုပ်ကနေ ရေကြောင်းနဲ့ ကျောက်ဖြူမြို့ပေါ်ကနေ ကုန်းကြောင်းနဲ့ စစ်ကူအင်အားတွေကို အသုတ်လိုက်စီ ခွဲပြီး ပို့ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

"တစ်ကြိမ်ပို့ရင် ၅၀၀ ဝန်းကျင်လောက်ပို့တယ်"လို့ သူကဆိုပါတယ်။

တစ်ဖက်မှာလည်း အေအေက ကုန်းလမ်းကြောင်းကနေ ပို့တဲ့ စစ်ကူအင်အားတွေကို ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်တာတွေ လုပ်နေတာကြောင့် စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးမှု ရှိတယ်လို့ အေအေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ရေလမ်းကြောင်းကနေ ပို့တာတွေကလည်း ကုန်းပေါ်ရောက်လာလိုက် သေလိုက်ဖြစ်နေတာ၊ ကုန်းလမ်းမှာလည်း ဖြတ်တိုက်ခံရတော့ အထိနာနေတာပေါ့" လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

တောင်မော်ဦးရေတပ်စခန်းနဲ့ တရုတ်စီမံကိန်း

မဒေးကျွန်းနားက တရုတ် ရေနံစီမံကိန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဒေးကျွန်းက တရုတ် ရေနံစီမံကိန်း (ပုံဟောင်း)

တောင်မော်ဦးနဲ့ ဓညဝတီရေတပ်စခန်းတို့ဟာ ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းတွေအတွက် အကာအကွယ်ပေးနေတဲ့စခန်းတွေလို့လည်း ရခိုင်မြေပြင်စစ်ရေးအခြေအနေလည်း သိတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

"မဒေးကျွန်း စီမံကိန်းနယ်မြေက ရေတပ်စခန်း နှစ်ခုကြားမှာ ရှိနေတာ" လို့ သူက ဖြည့်ပြောပါတယ်။

ကျောက်ဖြူနဲ့ မဒေးကျွန်းဟာ တရုတ်အထိပေါက်တဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို သယ်ပို့တဲ့ ပိုက်လိုင်းတွေ စတင်ရာနေရာလည်းဖြစ်နေပါတယ်။

ဒါအပြင် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) အောက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းမှာပါဝင်ပြီး ယူနန်အထိ ဆက်မယ့် ရထားလမ်းဟာလည်း ကျောက်ဖြူကနေ စတင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ဟာ CMEC ထဲက ကျောက်ဖြူကနေ ကူမင်းအထိပေါက်မယ့် ရထားလမ်းစီမံကိန်းအပြင် ရေနက်ဆိပ်ကမ်းစီမံကိန်းထဲမှာပါ ပါဝင်နေပြီး တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကို ထွက်ဖို့ ပင်လယ်တံခါးပေါက်မြို့ဖြစ်နေပြန်ပါတယ်။

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ဘေကျင်းခရီးစဉ်အတွင်းမှာလည်း မြန်မာမှာလုပ်မယ့် CMEC စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဘေကျင်းက တွန်းအားပေးခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ တရုတ်ရဲ့အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ့်အကြောင်း သမ္မတရှီကျင့်ဖျင်ကို အာမခံပါတယ်။

ဒါအပြင် မြန်မာဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ်ရှိမယ်လို့ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ နေပြည်တော်ခေါင်းဆောင်တွေက တရုတ်ခေါင်းဆောင်ပိုင်းနဲ့တွေဆုံချိန်တွေမှာ ပြောခဲ့ဖူးပါတယ်။

တောင်မော်ဦးစခန်းကို အေအေ သိမ်းဖို့ ဘယ်လောက်လက်တွေ့ကျမလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်ထဲက သိမ်းဖို့ကျန်နေတဲ့ မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ အတွင်းမှာ အပြီးအပြတ်တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်ထဲက သိမ်းဖို့ကျန်နေတဲ့ မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ အတွင်းမှာ အပြီးအပြတ်တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်

အာရက္ခတပ်တော်(အေအေ)အနေနဲ့ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ဗျူဟာမြောက် ကုန်းလမ်း၊ ရေလမ်းကြောင်းအများစုကို စိုးမိုးနိုင်မှ ဒီရေတပ်စခန်းကို တိုက်ရိုက်ထိုးစစ်ဆင်နိုင်မယ်လို့ CDM ရေတပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

"ကုန်းလမ်းကို ဖြတ်တောက်နိုင်ရင်တောင် စစ်ရေယာဉ်တွေကနေ လက်နက်ကြီးနဲ့ပစ်တာ၊ ရိက္ခာနဲ့ စစ်ကူပို့တာတွေ ဆက်လုပ်လို့ရတယ်" လို့ သူကဆိုပါတယ်။

နောက် ဒီရေတပ်စခန်းဟာ တရုတ်စီမံကိန်းတွေဖြစ်တဲ့ မဒေးကျွန်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအပြင် ကျောက်ဖြူရေနက်စီမံကိန်းနဲ့ နီးကပ်တည်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ရေတပ်စခန်းအထိ တိုက်ရိုက်ထိုးစစ်ရောက်လာပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်လာမယ်ဆိုရင် စီမံကိန်းဧရိယာတစ်ဝိုက်ပါ ထိခိုက်နိုင်တာကြောင့် စစ်တပ်နဲ့ အေအေ နှစ်ဘက်လုံးကို ဘေကျင်းကနေ နိုင်ငံရေးနဲ့ သံတမန်ရေးအရ ဖိအားတွေပေးလာနိုင်တယ်လို့ ရခိုင်အရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

တောင်မော်ဦးရေတပ်စခန်းကို စစ်တပ် လက်လွှတ်လိုက်ရမယ်ဆိုရင်တော့ ဓညဝတီရေတပ်ဌာနချုပ်အထိ အေအေ ထိုးစစ် ခရီးဆက်နိုင်သွားလိမ့်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်ထဲက သိမ်းဖို့ကျန်နေတဲ့ မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ အတွင်းမှာ အပြီးအပြတ်တိုက်ခိုက်သွားမှာဖြစ်ပြီး မီးကုန်ယမ်းကုန် ကြိုးစားတိုက်သွားမယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ၁၄ မြို့ကို အေအေက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ကတော့ မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူနဲ့ မာန်အောင် စတဲ့ ၃ မြို့ပဲ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

နေပြည်တော်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဇူလိုင်လကုန်မတိုင်ခင် အထိ ငြိမ်းချမ်းရေးစကေားပြောဖို့ အသံလွှင့်ထားပါတယ်။

အေအေ ခေါင်းဆောင်ကတော့ စစ်တပ်က အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေမယ်ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေဖော်ဆောင်ဖို့ရာမှာလည်း ခက်ခဲမှာဖြစ်ပြီး အလျှော့ပေးဆွေးနွေးတာမျိုးလည်း ဖြစ်လာမှာမဟုတ်ဘူးလို့ သူ့ရပ်တည်ချက်ကို ပြောထားပါတယ်။

တရုတ်ဟာ မြန်မာက ရေနံအပြင် ရေနံတင်သင်္ဘောကြီးတွေကို သုံးပြီး သယ်လာတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ရေနံတွေကို မဒေးကျွန်းမှာ ချကာ အဲဒီက ရေနံပိုက်လိုင်းကနေတဆင့် တရုတ်ကို သယ်ဖို့ စီမံကိန်းဖော်ဆောင်ထားတာဖြစ်ပါတယ်။

မြန်မာက ရေနံတွေကို မဒေးကျွန်း ပိုက်လိုင်းကနေ တရုတ်ကို တင်ပို့ပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနေ သယ်လာတဲ့ရေနံတွေကို မဒေးကျွန်းကနေတဆင့်ပြန်သယ်နေပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ မဒေးကျွန်းနဲ့မိုင်အနည်းငယ်အကွာ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်အစပ်မှာတော့ တောင်မော်ဦးရေတပ်စခန်းကို ပစ်မှတ်ထားတဲ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

အေအေ အနေနဲ့ တောင်မော်ဦးစခန်းကို သိမ်းပိုက်ဖို့ရာ ဓညဝတီရေတပ်ဌာနချုပ်ကနေ ထောက်ပို့မယ့် တပ်ကူအင်အားနဲ့ ပစ်ကူတွေက အကြီးမားဆုံးအဟန့်အတားဖြစ်နေတယ်လို့ CDM ရေတပ်အရာရှိဟောင်းက သုံးသပ်ပါတယ်။

"အေအေက တောင်မော်ဦးရသွားမယ်ဆိုရင် စစ်တပ်အနေနဲ့ ရခိုင်တောင်ပိုင်းက မြို့တွေပြန်ရဖို့ဆိုတာ အိပ်မက်တွေ ဖြစ်ကုန်မယ်။ အေအေအနေနဲ့လည်း စခန်းကို တိုက်ရိုက် တိုက်မယ့်ဗျူဟာထက် အခရာကျတဲ့ရေလမ်း ကုန်းလမ်းတွေကို ဖြတ်လေးဖြတ်ဗျူဟာပဲ အဖြေဖြစ်လိမ့်မယ်"