ထိုင်းရောက်မြန်မာသန်းချီအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အမြန်ဆုံးပြည်နှင်ဒဏ်ပေးမယ့် စည်းမျဉ်းသစ်ကို တော်ဝင်ပြန်တမ်း (Royal Gazette) က ထုတ်ပြန်လိုက်လို့ အသက်ဝင်လာပါပြီ။
စည်းမျဉ်းသစ်အရ သတ်မှတ်ထားတဲ့ ပြစ်မှု ၆ မျိုးထဲက တစ်ခုခုကို ကျူးလွန်တဲ့ နိုင်ငံခြားသားတွေဟာ အမြန်ဆုံး ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့ ဒီလုပ်ငန်းစဉ်အောက်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒါက ထိုင်းရောက် မြန်မာနိုင်ငံသားတွေကို သီးခြားပစ်မှတ်ထားတာမဟုတ်ပေမဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် တရားမဝင်အလုပ်လုပ်ကိုင်တာနဲ့ နေထိုင်ခွင့်ဆိုင်ရာ ပြဿနာတွေမှာ သက်ရောက်မှုကြီးကြီးမားမား ရှိလာနိုင်ပါတယ်။
ထိုင်းအစိုးရက သူ့ ပြည်တွင်းမှာ ပြစ်မှုကျူးလွန်တဲ့ ဘယ်နိုင်ငံခြားသားတွေကိုမဆို ရည်ရွယ်တာလို့ ပြောထားပေမဲ့ လူ့အခွင့်အရေးစံနှုန်းနဲ့ ဥပဒေကြောင်းအရ မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
တော်ဝင်ပြန်တမ်းမှာထုတ်ပြန်ပြီး အသက်ဝင်လာပြီဖြစ်တဲ့ ဒီပြည်နှင်ဒဏ်အစီအမံဟာ ထိုင်းရောက် မြန်မာတွေအတွက် ဘယ်လောက်အထိ စိုးရိမ်စရာကောင်းလဲ။
ထိုင်းက ပြည်နှင်ဒဏ်ပေးမယ့် ပြစ်မှု ၆ မျိုးက ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဝန်ကြီးချုပ်အနုတင် လက်မှတ်ရေးထိုးလိုက်တဲ့ "ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်း"ဟာ နိုင်ငံခြားသားပြစ်မှုကျူးလွန်သူတွေနဲ့ပတ်သက်လာရင် သက်ဆိုင်ရာအစိုးရဌာနတွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးထိရောက်စေဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ် ကြန့်ကြာနေတာတွေကို မြန်ဆန်စေမယ့် နည်းဥပဒေတစ်ရပ် ထွက်လာအောင်လုပ်ဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က ဒုဝန်ကြီးချုပ် ပါကွန် နင်ပရာဖန်ကို ဇွန်လတုန်းက ညွှန်ကြားခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ် ပါကွန် တင်ပြလာတဲ့နည်းဥပဒေမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က ဇူလိုင်လယ်မှာ ထောက်ခံပြီးနောက် သြဂုတ် ၂၇ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်တာပါ။
နည်းဥပဒေအရ အောက်ပါ ပြစ်မှု ၆ မျိုးဟာ ထိုင်းမှာ ကျူးလွန်ရင် ပြည်နှင်ဒဏ်မြန်မြန်ပေးမယ့် ပြစ်မှုတွေ ဖြစ်လာပါတယ်။
- ၁။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေ (ဒါမှမဟုတ်) တရားမဝင်နေထိုင်သူတွေ
- ၂။ တရားမဝင် အလုပ်လုပ်သူတွေ
- ၃။ တရားမဝင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ
- ၄။ အစိုးရ စာရွက်စာတမ်းတွေကို အတုလုပ်သူတွေနဲ့ အသုံးပြုသူတွေ
- ၅။ ၅နှစ်နဲ့အထက် ထောင်ချနိုင်တဲ့ပြစ်မှုကျူးလွန်သူတွေ
- ၆။ အထက်က ပြစ်မှု တစ်ခုခုကို စီစဉ်ပေးသူ၊ လှုံ့ဆော်ပေးသူ ဒါမှမဟုတ် ပူးပေါင်းကူညီသူတွေကိုပါ ပြည်နှင်ဒဏ်ပေးနိုင်
ဒီပြဋ္ဌာန်းချက်တွေကြောင့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်၊ အလုပ်လုပ်ကိုင်သူတွေကလွဲရင် ကျန်တဲ့ အုပ်စုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို ၁၉၅၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခု အသစ်ထပ်မံထုတ်ပြန်လိုက်တဲ့ နည်းဥပဒေဟာ ၁၉၅၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်နှင်ဒဏ်ဆိုင်ရာ ဥပဒေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်တာလို့ မဲဆောက်အခြေစိုက်၊ အရပ်ဖက်အဖွဲ့ ဖြစ်တဲ့ အဝေးရောက်ဧရာဝတီအသင်း (OIA) ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
အဲဒီဥပဒေအရ ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ချမှတ်ခံရသူဟာ အမိန့်ထွက်ပြီးနောက် ၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် ရှိပါတယ်။ ပြည်နှင်ဒဏ်ပေးခံရတာကို မကျေနပ်ရင် ထိုင်းဝန်ကြီးချုပ်ထံ တိုက်ရိုက် အယူခံဝင်နိုင်ပြီး ဝန်ကြီးချုပ်ကသာ ပြည်နှင်ဒဏ်အမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ နည်းဥပဒေကို လွှတ်တော်ရဲ့ အတည်ပြုချက် ရယူစရာမလိုဘဲ ဝန်ကြီးချုပ်အမိန့်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနည်းဥပဒေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စောင့်ကြည့်ထိန်းကျောင်းနိုင်တဲ့ အခွင့်အရေးက အကန့်အသတ်ရှိသွားတယ်လို့ ''ထိုင်းနိုင်ငံရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့'' က ထောက်ပြထားပါတယ်။
ပြည်နှင်ဒဏ်နဲ့ စိုးရိမ်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ ပြစ်မှုအမျိုးအစားတွေကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအကြား စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ (IOM) ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းကျော် ရှိနေပြီး အဲဒီထဲမှာ တရားဝင်မှတ်ပုံတင်ထားသူတွေနဲ့ အထောက်အထားမပြည့်စုံသူတွေ ပါဝင်ပါတယ်။
IOM ရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ၂.၂၇ သန်းကျော် ရှိပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၁.၇ သန်းဟာ အထောက်အထားမပြည့်စုံတဲ့ အခြေအနေမှာ ရှိနေတယ်လို့ IOM က ခန့်မှန်းထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းလာသူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ IOM ရဲ့ အချက်အလက်အရ ၂၀၂၃ ခုနှစ်တစ်နှစ်တည်းမှာပင် မြန်မာနိုင်ငံသား ၁.၃ သန်းခန့် ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်ခဲ့ပါတယ်။
အဲဒီလို ထိုင်းနိုင်ငံထဲ ရောက်လာသူတွေထဲက တရားဝင်စာရွက်စာတမ်း မရှိသူတွေကို နောက်ပိုင်းမှာ တရားဝင်အလုပ်လုပ်ခွင့်ရရှိစေဖို့ ထိုင်းအစိုးရက အလုပ်လုပ်ခွင့်လက်မှတ်နဲ့ ပန်းရောင်ကတ်လို့ လူသိများတဲ့ သက်သေခံကတ်တွေ ထုတ်ပေးထားပါတယ်။
အဲဒီကတ်တွေလျှောက်ထားရာမှာ အလုပ်ရှင်ရဲ့ ထောက်ခံစာနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေက အရေးကြီးပါတယ်။ အလုပ်ရှင်နဲ့ အထောက်အထားပြည့်စုံသူတွေက ကိုယ်တိုင် လျှောက်ထားနိုင်ပေမဲ့ အလုပ်ရှင်မရှိသူတွေကတော့ အလုပ်ရှင်ငှားပေးနိုင်တဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လျှောက်ထားရတာတွေ ရှိပါတယ်။
လက်ရှိ ပန်းရောင်ကတ်ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူတွေထဲမှာ ကတ်လျှောက်စဉ်က မှတ်ပုံတင်ထားတဲ့ အလုပ်ရှင်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ရှင် မတူသူတွေအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုစိုင်းက ပြောပါတယ်။
"ပန်းရောင်ကတ် ရရုံနဲ့ မရဘူး။ အလုပ်ရှင်နာမည်ကွက်တိ လုပ်ရတာ။ အခုက အလုပ်ရှင်ပြောင်းတဲ့ စာရွက်စာတမ်းတွေ ထုတ်မပေးတာတွေလည်း ရှိတယ်။ ဒီလူတွေအတွက်လည်း တော်တော်လေးကို ပြဿနာရှိလာမှာ" လို့ ကိုစိုင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါတင်မက မြန်မာက စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေအနေနဲ့လည်း ပြန်လည်ပို့ဆောင်ခံရနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအတွက်လည်း အခုလိုအခြေအနေဟာ စိုးရိမ်စရာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ဦးရေ ၁ သိန်း ၁ သောင်းနီးပါး ရှိတယ်လို့ သူက ပြောပါတယ်။ အဲဒီထဲက လူဦးရေ ၇ သောင်းလောက်က ထိုင်းအစိုးရက ခွင့်ပြုထားတဲ့ ဂဏန်း ၁၃ လုံးပါ သက်သေခံကတ်တွေ ကိုင်ဆောင်ထားကြပြီး ကျန်တဲ့ ၄ သောင်းလောက်ကတော့ အထောက်အထားမရှိသူတွေ ဖြစ်တယ်လို့ စောပွယ်စေးက ပြောပါတယ်။
ဂဏန်း ၁၃ လုံးပါ သက်သေခံကတ်တွေဟာ ဒုက္ခသည်တွေအနေနဲ့ ဒုက္ခသည်စခန်းပြင်ပမှာ တရားဝင်အလုပ်လုပ်နိုင်ဖို့ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ကတ်တွေ ဖြစ်ပါတယ်။
"ဘာမှ မရှိတဲ့သူတွေအတွက်တော့ စိုးရိမ်စရာ သိပ်ရှိတယ်။ ကျွန်တော်တို့လို စခန်းကို စီမံခန့်ခွဲ၊ အုပ်ချုပ်နေရသူတွေအနေနဲ့ ပိုလို့တောင် စိုးရိမ်နေရတယ်" လို့ စောပွယ်စေးက ပြောပါတယ်။
အခုလို ထိုင်းနိုင်ငံအတွင်း နေထိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေဟာ ပြစ်မှုအမျိုးအစားတွေထဲက တရားမဝင်နေထိုင်သူ ဒါမှမဟုတ် တရားမဝင် အလုပ်လုပ်ကိုင်သူဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ငြိစွန်းသွားနိုင်တာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
မြန်မာပြည်ပြန်ပို့ခံရနိုင်တဲ့ ဝင်း နဲ့ ဇော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအစိုးရက ထောင်ဒဏ် သုံးနှစ် နဲ့ အထက် ချနိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်သူတွေကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ ကြေညာထားပါတယ်။
ဒီအချက်ဟာ မြန်မာရော၊ နိုင်ငံတကာကပါ စိတ်ဝင်စားကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလူသတ်မှုနဲ့ ထောင်ကျခံနေရတဲ့ ဝင်း နဲ့ ဇော် တို့နှစ်ဦးဟာ မြန်မာပြည်ပြန်ပို့ခံရမယ့် အခြေအနေဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေရေးရာအကူအညီပေးနေတဲ့ရှေ့နေတစ်ဦးက ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲ အသတ်ခံခဲ့ရမှုနဲ့ သူတို့နှစ်ဦးဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နဲ့ အခုချိန်ထိ အကျဉ်းကျနေတာပါ။
ဒါကြောင့် ထောင်ဒဏ် ၅ နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ပြစ်မှုတွေ ကျူးလွန်သူတွေကို ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့အထဲ သူတို့ နှစ်ဦး အကျုံးဝင်နေတာပါ။
တဖက်မှာလည်း ထိုင်းအစိုးရဟာ နိုင်ငံအတွင်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် လွှဲပြောင်းပေးအပ်တာတွေ လုပ်နေတာပါ။
ပြီးခဲ့တဲ့ သုံးလအတွင်းမှာပဲ မြန်မာနိုင်ငံသားဦးရေ ၁၄၄,၀၀၀ ကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။
ပြစ်မှု နံပတ် ၆

ဓာတ်ပုံ ရင်းမြစ်, Getty Images
သတ်မှတ်ထားတဲ့ ပြစ်မှုအမျိုးအစား ၆ ခုထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ ''ပြစ်မှုတွေကို စီစဉ်ပေးသူ၊ လှုံ့ဆော်ပေးသူ ဒါမှမဟုတ် ပူးပေါင်းကူညီသူတွေကိုပါ ပြည်နှင်ဒဏ်ပေးနိုင်တယ်" ဆိုတဲ့ ပြဋ္ဌာန်းချက် ကိုတော့ အထူးစိုးရိမ်နေကြပါတယ်။
ဒီအချက်က ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေအပေါ် သက်ရောက်မှုကြီးမားနိုင်တယ်လို့ အဝေးရောက်ဧရာဝတီအသင်း (OIA) ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
အထူးသဖြင့် မြန်မာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာတာဖြစ်ပါတယ်။
OIA ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ CDM ဝန်ထမ်းတွေကို ခိုလှုံစရာနေရာ (Safe House) တွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
OIA လိုမျိုး ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေနဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အခြား NGO အဖွဲ့အစည်းတွေလည်း အခု ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့ ပြည်နှင်ဒဏ်ပေးရေး နည်းဥပဒေကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေကြတယ်လို့ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
ထိုင်းနိုင်ငံ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ကတော့ ဒီနည်းဥပဒေမှာ ပြည်နှင်ဒဏ်ပေးခံရသူတွေအတွက် လုံလောက်တဲ့ လုံခြုံရေးအာမခံချက် မရှိသလို ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့လည်း ဆန့်ကျင်နိုင်တယ်လို့ မူကြမ်းအဆင့်ကတည်းက ထောက်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ပြဋ္ဌာန်းချက် ၁၅ ခုနဲ့ သဘောတူစာချုပ် ၄ ခုကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ အဲဒီအဖွဲ့က အစောပိုင်းမှာ ပြောထားပါတယ်။
အဲဒီထဲမှာ ကုလသမဂ္ဂရဲ့ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နဲ့ ညှင်းပန်းနှိပ်စက်ခံရမှုမှ အကာအကွယ်ပေးရေး သဘောတူစာချုပ် (CAT)တို့ပါဝင်ပြီး ဒီနည်းဥပဒေပါ ပြဋ္ဌာန်းချက်တချို့ဟာ အဲဒီနိုင်ငံတကာသဘောတူစာချုပ်တွေမှာ ထိုင်းနိုင်ငံက လိုက်နာဖို့ ကတိပြုထားတဲ့ အချက်တွေနဲ့ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
ဒီနည်းဥပဒေရဲ့အားနည်းချက်တွေကို ထိုင်းနိုင်ငံ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ က အခုလို ထောက်ပြထားပါတယ်။
- ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေအတွက် မျှတမှုမရှိတာ
- အန္တရာယ်ရှိတဲ့နိုင်ငံကို ပြန်မပို့ဖို့ အတိအကျ ပြဋ္ဌာန်းချက် မရှိတာ
- နိုင်ငံမဲ့သူတွေကို လုံခြုံရေးအန္တရာယ် အကဲမဖြတ်ဘဲ ၇ ရက်အတွင်း ပြန်ပို့တာ
- အမိန့်ကို ခေတ္တရပ်ဆိုင်းနိုင်တဲ့အယူခံဝင်ခွင့်မရှိတာ
- ကလေးငယ်တွေနဲ့ မိသားစုဝင်တွေ စုစည်းခွင့်မရှိတာ
- ထိန်းသိမ်းခံရသူတွေအကာအကွယ်မဲ့တာ
- တသက်တာပြည်ဝင်ခွင့်ပိတ်ပင်တာ
ဒါဟာ ထိုင်းနိုင်ငံကို ဝင်လာမယ့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် ယုံကြည်မှုကျဆင်းစေသလို၊ နိုင်ငံတကာရဲ့ဖိအားတွေလည်း ကြုံလာရနိုင်တယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ က ပြောပါတယ်။
ဒီအချက်တွေကြောင့် နည်းဥပဒေ မူကြမ်းကို အတည်ပြုမပြဋ္ဌာန်းသေးဘဲ ပြန်လည်သုံးသပ်ဖို့၊ အခြေခံလုံခြုံရေးအစီအမံတွေ ထည့်သွင်းစဉ်းစားပေးဖို့၊ ပြည်နှင်ဒဏ်နည်းဥပဒေကို ကြေညာလိုက်တာထက် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေတစ်ခုလုံးကို လွှတ်တော်ကတဆင့် ပြန်လည်ပြင်ဆင်ဖို့ အစောပိုင်းမှာ အကြံပြုခဲ့ပါတယ်။
ဒါကြောင့် ဒီနည်းဥပဒေဟာ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ နယ်စပ်ဒေသက ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် ဘယ်လောက်အထိ သက်ရောက်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။
"ဒုက္ခသည်တွေဖြစ်ဖြစ်၊ လူ့အခွင့်အရေးကာကွယ်သူတွေဖြစ်ဖြစ် သူတို့မှာ အထောက်အထားတွေ မရှိဘူး။ ကျွန်တော်တို့က သူတို့တွေကို လက်ခံကူညီထားတာမျိုးတွေက ကျွန်တော်တို့အပေါ် သက်ရောက်မှုရှိလာနိုင်တယ်" လို့ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
















