အီရန်နဲ့ တိုက်ခိုက်မှုတွေရှိပေမယ့် အပစ်ရပ်သဘောတူမှု မပျက်သေးဘူးလို့ ထရမ့်ပြော

    • ရေးသားသူ, အော့တီလီ မစ်ချယ်
  • ဖတ်ရန်အချိန်: မိနစ် ၄

ကြာသပတေးနေ့ညပိုင်းမှာ အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဆက်လက်အသက်ဝင်နေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ တကျော့ပြန်ဖြစ်လာတဲ့အခုတိုက်ခိုက်မှုတွေကို ဘယ်ဘက်က စတင်ခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အီရန်ရဲ့ ထိပ်ပိုင်းစစ်ဘက်ခေါင်းဆောင်တွေကတော့ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားအနီးမှာ အီရန်ရဲ့ ရေနံတင်သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘောတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို အီရန်တောင်ပိုင်း ကမ်းရိုးတန်းဒေသတချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီအတောအတွင်း အမေရိကန်ဘက်ကတော့ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ အမေရိကန်ရေတပ် ဒုံးကျည်လမ်းညွှန်စနစ်တပ် စစ်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် "ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ တန်ပြန်တိုက်ခိုက်မှု" တွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

သမ္မတထရမ့်ကတော့ "အီရန်က ကျွန်တော်တို့ကို အကဲစမ်းခဲ့တယ်" လို့ ပြောဆိုပါတယ်။

စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က စဉ်းစားနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပြီး တစ်ရက်အကြာမှာ ဒီတိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတာပါ။

အီရန်နိုင်ငံပိုင်မီဒီယာက ကနဦးထုတ်ပြန်ချက်မှာ ဟော်မုဇ်ရေလက်ကြားမှာ "ပေါက်ကွဲမှုတွေ" ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပြီး "ရန်သူ" နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအတောအတွင်း ဒေသတွင်းမီဒီယာတွေကလည်း အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

သိပ်မကြာခင်မှာပဲ အီရန်စစ်ဘက်ထိပ်ပိုင်းက ထုတ်ပြန်ချက်တစ်စောင်မှာ အမေရိကန်ရဲ့ "လေကြောင်းတိုက်ခိုက်မှုတွေ" ဟာ ဘန်ဒါခါမီးရ် ၊ ဆီရစ်နဲ့ ကက်ရှမ်ကျွန်းတွေရဲ့ ကမ်းရိုးတန်းဒေသတွေကို ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီရန်ဘက်ကတော့ ဒီတိုက်ခိုက်မှုတွေကို ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်သင်္ဘောတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး "သိသိသာသာ ထိခိုက်ပျက်စီးမှုတွေ" ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (Centcom) ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို "အကြောင်းမဲ့ တိုက်ခိုက်မှု" လို့ ဖော်ပြထားပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ အမေရိကန်ရေတပ် ဒုံးကျည်ပစ်စနစ် တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေကို အီရန်တပ်ဖွဲ့တွေက ဒုံးကျည်အများအပြား၊ ဒရုန်းတွေနဲ့ အသေးစားရေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

Centcom ကတော့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ရေးပစ်မှတ်တွေကို တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ ဒုံးကျည်နဲ့ ဒရုန်းပစ်လွှတ်ရာနေရာတွေ၊ အမိန့်ပေးကွပ်ကဲ စခန်းတွေ၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေးဆိုင်ရာ နေရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

"Centcom အနေနဲ့ အခြေအနေ ပိုမိုတင်းမာလာအောင် လုပ်ဆောင်လိုတာ မရှိပေမယ့် အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ အသင့်အနေအထားနဲ့ ဆက်ရှိနေတယ်" လို့ အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

သမ္မတထရမ့်ကတော့ သူ့ရဲ့ Truth Social လူမှုမီဒီယာပေါ်မှာ အမေရိကန်တပ်တွေဟာ အီရန်ရဲ့ အသေးစားရေယာဉ်အများအပြားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီရေယာဉ်တွေဟာ "ပင်လယ်ထဲကို လှလှပပ ကျဆင်းသွားခဲ့တယ်" ဆိုပြီးနိုင်ပွဲရဟန်ရေးထားပါတယ်။

"အီရန်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုလည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်" လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး ထပ်မံသတိပေးခဲ့ပြီး "ဒီနေ့ သူတို့ကို ကျွန်တော်တို့ ပြန်တိုက်ခိုက်ခဲ့သလိုပဲ၊ သဘောတူညီချက်ကို အမြန်လက်မှတ်မထိုးဘူးဆိုရင် နောက်ပိုင်းမှာ ဒီထက်ပိုပြင်းထန်ပြီး ပိုမိုအကြမ်းဖက်တဲ့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်" လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးသတင်းရင်းမြစ်ကတော့ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ "အစ္စရေး ပါဝင်ပတ်သက်မှုမရှိဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်သမ္မတထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်စစ်ပွဲဟာ "မြန်မြန်ဆန်ဆန် အဆုံးသတ်သွားမယ်" လို့ ပြောထားခဲ့ပေမယ့် အခုလို တင်းမာမှုတွေ ပြန်မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန်သတင်းမီဒီယာ Axios ကတော့ အိမ်ဖြူတော်ဟာ ၁၄ ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာ အပေါ် အီရန်နဲ့ သဘောတူညီမှုရဖို့ နီးကပ်လာနေပြီလို့ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီချက်ဟာနျူကလီးယားဆိုင်ရာ အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုတွေအတွက် မူဘောင်တစ်ရပ် ချမှတ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နောက်ဆုံး အမေရိကန်ဘက်က တင်ပြလာတဲ့ အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေပြီး တီဟီရန်ရဲ့ သဘောထားကို ပါကစ္စတန်ကြားဝင်ညှိနှိုင်းသူတွေထံ ပြန်လည်ပေးပို့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့နိုင်ငံအနေနဲ့ ဒီအပစ်ရပ်သဘောတူညီချက်ကို "စစ်ပွဲအပြီးတိုင် ရပ်တန့်သွားစေမယ့် အခြေအနေတစ်ရပ်" အဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်လွှတ်တော်ထဲက အကြီးတန်းအမတ်တစ်ဦးကတော့ ၁၄ ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာဟာ "ဆန္ဒတစ်ခုသာ" ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံစလုံးကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် သူတို့သတ်မှတ်ထားတဲ့ အခြေအနေတွေ မပြည့်မီဘူးဆိုရင် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

မေ ၆ ရက်က သမ္မတထရမ့်က သူ့ရဲ့ ထရုဆိုရှယ်မီဒီယာပေါ် မှာ "အီရန်ဘက်က သဘောတူညီချက်ကို လက်မခံဘူးဆိုရင် အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်စတင်လာမှာဖြစ်ပြီး အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်" လို့ ရေးသားခဲ့ပါတယ်။

သိပ်မကြာခင်အကြာမှာပဲ အီရန်လွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကော်မရှင် ပြောခွင့်ရသူ အီဘရာဟင် ရီဇာအီ ကလည်း သူ့ရဲ့ X လူမှုကွန်ရက်ပေါ်မှာ "အီရန်က သေနတ်မောင်းပေါ် လက်ညှိုးတင်ထားသလို အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ရှိနေတယ်" လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က "အလျှော့မပေးဘဲ လိုအပ်တဲ့ သဘောတူညီချက်တွေကို မပေးဘူးဆိုရင်" အီရန်ဘက်က "ပြင်းထန်ပြီး နောင်တရစေမယ့် တုံ့ပြန်မှု" ပြုလုပ်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အီရန်အပေါ် စစ်ဆင်ရေးဖြစ်တဲ့ "Operation Epic Fury" ဟာ "အီရန်ဘက်ကသာ သဘောတူထားတဲ့ အချက်တွေကို လက်ခံမယ်ဆိုရင်" အဆုံးသတ်သွားမယ်လို့ အရင်က ပြောထားပါတယ်။

ဒီမတိုင်ခင်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း အဲဒီစစ်ဆင်ရေးဟာ အဆုံးသတ်သွားပြီဖြစ်ပြီး ရည်မှန်းချက်တွေကို အောင်မြင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ထရမ့်ကတော့ အီရန်ဟာ " အမေရိကန်ဖြစ်စေချင်တဲ့ အခြားအချက်တွေနဲ့အတူ" နျူကလီးယားလက်နက် မပိုင်ဆိုင်တော့ဘူးဆိုတဲ့အချက်ကိုလည်း သဘောတူထားကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အဲဒီပြောဆိုချက်ကို တီဟီရန်ဘက်က အတည်မပြုသေးပါဘူး။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ နှစ်နိုင်ငံကြား အဓိက သဘောကွဲလွဲနေတဲ့ အချက်တွေထဲက တစ်ခုဖြစ်နေဆဲပါ။