၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုနဲ့ သမဂ္ဂရုံးခန်း စီးနင်းခံရတာတွေအပါအဝင်
အကျဉ်းထောင်ထဲထိန်းသိမ်းခံရရင်း သေဆုံးခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင်
ကျောင်းသား ၁၁ ဦးရှိတယ်လို့ ဗကသရဲ့ တွဲဖက်အတွင်းရေးမှူး ၂ မခင်နီဆီက သိရပါတယ်။
“ဒါက ၂၁ နောက်ပိုင်း ဗကသထဲရောက်လာတဲ့ လက်ရှိရဲဘော်တွေထဲကို ၁၁ ယောက် သေဆုံးခဲ့တာပါ။ ဗကသမျိုးဆက်ဟောင်းတွေထဲမှာလည်း
တိုက်ပွဲထဲကျသွားတဲ့သူတွေ ဖမ်းခံရပြီး ကျသွားတဲ့သူတွေ ရှိပါသေးတယ်” လို့ တွဲဖက်အတွင်းရေးမှူး ၂ မခင်နီက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာရှိတဲ့ ဗကသရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်
၂၀၂၃ ခုနှစ်မှာဖြစ်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ဥက္ကဋ္ဌ ကိုကျော်ဝင်းသန့်၊ အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့
ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ကိုသုတနေတို့ အသတ်ခံခဲ့ရပါတယ်။
ဒါအပြင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗကသကျောင်းသားအယောက်
၃၀ ကျော်ရှိပြီး ဒီနေ့အချိန်အထိ အကျဉ်းထောင်ထဲမှာဆက်ထိန်းသိမ်းခံရဆဲကျောင်းသား ၁၀ ယောက်ဝန်းကျင်
ဆက်ရှိနေဆဲလို့ သိရပါတယ်။
ဗကသများအဖွဲ့ချုပ်ကို ၁၉၃၆ ခုနှစ်၊ မေ ၈ ရက်မှာဖွဲ့စည်းခဲ့ပြီး
ဒီနေ့ဆိုရင် နှစ်ပေါင်း ၉၀ ပြည့်ပါပြီ။ နှစ် ၉၀ သမိုင်းအတွင်းမှာ ဗကသအနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊
ခေတ်ပြိုင်အဖွဲ့အစည်းတွေ၊ လူထုလူတန်းစားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကြားမှာ မကျေလည်မှုတွေဖြစ်ခဲ့တယ်လို့လည်း
ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်စာမှာဖော်ပြပါတယ်။
ဒီပဋိပက္ခတွေကိုဆက်သယ်မသွားဘဲ ရန်သူကိုအနိုင်တိုက်မယ့်တိုက်ပွဲဝင်စိတ်ကိုသာ
ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့မယ်လို့ ဒီနေ့ထုတ်ပြန်စာမှာပြောပြီး တော်လှန်ရေး
အင်အားစုတွေလည်း ဒီညီညွတ်ရေးစိတ်ဓာတ်နဲ့ပြင်ဆင်စုစည်းနေကြဖို့ မျှော်လင့်ကြောင်း ထည့်ပြောပါတယ်။
“အခုလည်း စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့
ဒီစစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့က ဗကသရဲ့
ရည်မှန်းချက်ဖြစ်တယ်။ ဗကသများအဖွဲချုပ်အနေနဲ့ ဗမာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်က
လွတ်မြောက်ပြီး လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတရပ်မှာ နေထိုင်နိုင်တဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်သွားဦးမှာပါ” လို့ ဗကသရဲ့ တွဲဖက်အတွင်းရေးမှူး ၂ မခင်နီက ပြောပါတယ်။
ဗကသ နှစ် ၉၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကလည်း ရုပ်သံကတဆင့် ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။