ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၂၄ ရက် သတင်းအနှစ်ချုပ် - ပြင်သစ်က ဆန္ဒပြပွဲတွေကိုထိန်းဖို့ ရဲ ၇၀၀၀၀ တာဝန်ချ
ပြင်သစ်နိုင်ငံတစ်ဝန်းမှာ စနေနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေ မတိုင်မီမှာ ထိခိုက်နစ်နာမှုတွေ မရှိစေရေး ကြိုတင်သတိပေးပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ကန့်သတ်မှုတွေ ချမှတ်ထားပြီးဖြစ်ပေမယ့် ကျောင်းသားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရဆန့်ကျင်ရေးအုပ်စုတွေက စီစဉ်တဲ့ ဒုတိယအကျော့ဆန္ဒပြပွဲတွေကို မြို့တော်ပါရီနဲ့ နေရာအတော်များများမှာ ပြုလုပ်ကြမှာဖြစ်ပြီး လူထောင်သောင်းပေါင်းများစွာ ပါဝင်ဆန္ဒပြမယ်လို့ မျှော်လင့်ထားပါတယ်။
အောက်တိုဘာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုတွေရဲ့ အတိုင်းအတာကို အစိုးရကလျှော့တွက်ခဲ့တယ်လို့ အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနဟာ ရဲတပ်ဖွဲ့ဝင် ၇၀၀၀၀ ကို တာဝန်ပေးထားမှာဖြစ်ပြီး မြို့အတော်များများမှာလည်း လုံခြုံရေးကိုတင်းကျပ်ထားမှာဖြစ်ပါတယ်။
"ပြည်သူပိုင်ပစ္စည်းဖျက်ဆီးသူတွေ၊ လုယက်သူတွေနဲ့ အကြမ်းဖက်မှုကျူးလွန်တွေကို သက်ညှာမှာမဟုတ်ပါဘူး"လို့ ပြည်ထဲရေးဝန်ကြီး လောရင့် နူနက်က ပြောပါတယ်။
ဆန္ဒပြသူတွေကို တရားရုံးက အချိန်တိုတွင်း စစ်ဆေးစီရင်ချက်ချပြီးနောက် လူရာပေါင်းများစွာဟာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ မီးရှို့မှု၊ လုယက်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်။
အစိုးရကအသိအမှတ်ပြုထားတဲ့ အလုပ်သမားသမဂ္ဂတွေက စီစဉ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကိုသာ ခွင့်ပြုမှာဖြစ်တယ်လို့ သမ္မတမက်ခရွန်က အခုအပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ လူစုလူဝေးမပြုရဘူးလို့တောင် ကျယ်ပြန့်တဲ့ ပိတ်ပင်ချက်တွေကို လီယွန်၊ နိစ်၊ မွန်ပဲလီယာအပါအဝင် မြို့များစွာက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အစိုးရရဲ့ပိတ်ပင်ချက်တွေရှိပေမယ့် စီစဉ်တွေဟာ တွန့်ဆုတ်မသွားကြဘဲ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်ဖို့ ရှိနေပါတယ်။
မြို့တချို့မှာ တစ်စိတ်တစ်ပိုင်းညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ အာဏာပိုင်တွေဟာ ဆန္ဒထုတ်ဖော်မှုတွေကို ဘယ်အတိုင်းအတာအထိ ခွင့်ပြုမယ်ဆိုတာနဲ့ပတ်သက်လို့ မသေချာမှုတွေရှိနေပါတယ်။
မြို့တော်ဝန်တချို့က ကျယ်ကျယ်ပြန့်ပြန့်ပိတ်ပင်ထားပေမယ့် တချို့ကတော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ကြိုတင်တောင်းခံထားတဲ့ ဆန္ဒပြမှုတွေကို ခွင့်ပြုမယ်လို့ဆိုထားပါတယ်။ ဥပမာပေးရမယ်ဆိုရင် မာဆေးမြို့မှာဆိုရင် ဆန္ဒပြမှုအားလုံးကို အရင်က ပိတ်ပင်ထားပေမယ့် အလုပ်သမားသမဂ္ဂက စီစဉ်တဲ့ ဆန္ဒပြမှုတွေကို ခွင့်ပြုမယ်လို့ ပြောင်းလဲထုတ်ပြန်ထားပါတယ်။
ပါရီမှာဆိုရင် အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ခံထားပြီး ကျောင်းသားသမဂ္ဂက စီစဉ်တဲ့ ချီတက်ပွဲဟာ မြို့လယ်ကို ဖြတ်မသွားတဲ့ လမ်းကြောင်းကပဲ သွားရမယ်လို့ ညွှန်ကြားထားပေမယ့် မြို့ရဲ့တချို့အစိတ်အပိုင်းတွေမှာ ဖြစ်လာနိုင်တဲ့ ကမောက်ကမမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားတာတွေရှိနေပါပြီ။
လုဗာ၊ အော်ဆေနဲ့ ပီကာဆိုပြတိုက်တွေကို ပိတ်ထားပြီး ပီအက်စ်ဂျီဘောလုံးအသင်းရဲ့ ပွဲစဥ်တစ်ပွဲကို တနင်္လာနေ့ကို ရွှေ့ဆိုင်းထားရပါတယ်။ စီးပွားရေးလုပ်ငန်းတချို့ဟာလည်း ပြတင်းပေါက်တွေကို လုံခြုံအောင် ကာရံထားပါတယ်။
ပြင်သစ်နိုင်ငံဟာ အရင်အပတ်က ဆန္ဒပြမှုတွေကနေ နာလန်မထနိုင်သေးဘဲ ဒီဆန္ဒပြုမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်ဦးရေဟာ ဆန္ဒပြသူ၊ ပြဿနာရှာသူဦးရေနဲ့ နှိုင်းယှဉ်ရင် မဆိုစလောက်ဖြစ်နေကာ ဈေးဆိုင်တွေ လုယက်ခံရတာတွေ၊ အဆောက်အအုံတွေ မီးတင်ရှို့ခံရတာတွေရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေထဲက လူသိအများဆုံးကတော့ လီမိုဂဲစ်မြို့က ၁၉ ရာစုလက်ကျန် မြို့တော်ခန်းမ မီးတင်ရှို့ဖျက်ဆီးခံရတဲ့ ကိစ္စပဲဖြစ်ပါတယ်။
ဒီအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးမှာ ဗဟိုအစိုးရက ကုန်ကျစရိတ်ကို ကျခံမှာဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် ဆီဘတ်ရှန်း လဲကော်နူက သောကြာနေ့မှာ လီမိုဂဲစ်ကို သွားရောက်ရင်းပြောဆိုခဲ့ပါတယ်။
အောက်တိုဘာ ၁၇ အဓိကရုဏ်းတွေအတွင်း လူ ၂၃၂ ဦးဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လူ ၁၁၀၀ ကျော်ဟာ ရုံးတင်ခံခဲ့ရတယ်လို့ တရားရေးဝန်ကြီး ဂျရဲ ဒါမာနင်က ပြောဆိုခဲ့ပါတယ်။ ဒီအမှုတွေအနက် ၂၆၀ မှာ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်တာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။
လုယက်မှုကျူးလွန်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သူတွေကို နောင်လာမယ့် ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခွင့်ပိတ်ပင်တာ၊ မဲပေးခွင့်ရုတ်သိမ်းတာနဲ့ လူမှုမီဒီယာအသုံးပြုခွင့်ပိတ်ပင်တာအပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လျှောက်ထားပေးဖို့ ဥပဒေအရာရှိတွေကို သူက ညွှန်ကြားထားပါတယ်။
ကင်ဂျုံအွန်း တရုတ်ရောက်နေ
ပြီးခဲ့တဲ့လကမှ ဖွင့်လှစ်ခဲ့တဲ့ နယ်စပ်တံတားကိုဖြတ်ပြီး တရုတ်မြို့ ဒန်တုံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရောက်ရှိနေတယ် လို့ တောင်ကိုရီးယားသတင်းဌာန တစ်ခုဖြစ်တဲ့ Yonhap က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က အမ်နော့မြစ်လို့ ခေါ်ပြီး တရုတ်ဘက်က ယာလူမြစ်လို့ ခေါ်တဲ့ မြစ်ကိုဖြတ်ပြီး ကင်ဟာ ဒန်တုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားနယ်စပ်မြို့ ဆီနူဂျူနဲ့ တရုတ်က ဒန်တုံဒီကို ဆက်သွယ်ပေးထားတဲ့ တံတားကို ၁၂ နှစ်ကြာ ဆောက်လုပ်ခဲ့ရပြီး ဒါဟာ မြောက်ကိုရီးယားနဲ့ တရုတ်ကြားက စီးပွားရေးအရပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် အလားအလာကို ပြသနေပါတယ်။
အရှည် ၃၀၂၆ မီတာရှိပြီး လေးလမ်းသွားဖြစ်တဲ့ တံတားကို တရုတ်ဘက်က ဒေါ်လာ သန်း ၃၁၀ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပြီးစီးခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က သူတို့ဘက်အခြမ်းမှာ အဆောက်အအုံတွေ၊ အကောက်ခွန်ဆိုင်ရာအဆောက်အအုံတွေကို ပြီးစီးနိုင်ခြင်းမရှိတာကြောင့် ဖွင့်ပွဲကို ရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ တရုတ်တပ်တွေ ပါဝင်တိုက်ခိုက်ခဲ့မှု နှစ်ပတ်လည်နေ့ကို မြောက်ကိုရီးယားနဲ့ တရုတ်တို့ကျင်းပမယ့် တစ်ရက်အလိုမှာ ကင်ဟာ ဒန်တုံကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၂၅ ရက်မှာ တရုတ်တပ်တွေဟာ မြောက်ကိုရီးယားဘက်ကနေ ကုလတပ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းလည်း ဒန်တုံကို သွားနေတယ်လို့ သိရပါတယ်။
ကင်ဟာ တရုတ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ နောက်ဆုံးသွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်က တရုတ်ကို ခြောက်ကြိမ်မြောက်သွားတာ ဖြစ်ပါတယ်။
လာမယ့်လမှာ တရုတ်ဟာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ရှန်ကျန်းမြို့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီဖိုရမ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံစကားပြောနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောထားပေမယ့် မြောက်ကိုရီးယားဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။
ထိုင်းနဲ့ဗီယက်နမ်လို ခရီးသွားဝင်အောင် လွှတ်တော်မှာအဆိုတင်
ထိုင်းမှာခရီးသွား ၃၅ သန်းကျော်ဝင်ချိန် မြန်မာမှာ ၁ သန်းကျော်ပဲဝင်
ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုဝင်ရောက်လာအောင် မြန်မာက ကမ်းခြေတွေမှာ အထပ်မြင့် ဟိုတယ်တွေတည်ဆောက်ဖို့ မနေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ပုသိမ်အမတ် ဦးသန်းထွန်းက အဆိုတင်သွင်းလိုက်ပါတယ်။
ကမ်းခြေတွေကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး အထပ်မြင့်ဟိုတယ်တွေတည်ဆောက်ရင် ခရီးသည်တွေ ပိုတည်းခို လာနိုင်မှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းလည်းရပြီး နိုင်ငံခြားဝင်ငွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာက ကမ်းခြေခရီးသွားလုပ်ငန်းကို အမျိုးသားစီးပွားရေးမဟာဗျူဟာအဖြစ် မူဝါဒချမှတ် အကောင် အထည်ဖော်နိုင်ရင် အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို ခရီးသွားလုပ်ငန်းက အဓိကဝင်ငွေရနိုင်တဲ့ နိုင်ငံဖြစ်နိုင်တယ်လို့ ဦးသန်းထွန်းက အဆိုတင်သွင်းချိန်မှာ ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာကို နိုင်ငံတကာခရီးသွား ၁ ဒသမ ၂ သန်းနဲ့ ၂၀၂၄ ခုနှစ်မှာ ၁ ဒသမ ၉ သန်းဝင်ရောက်ပေမဲ့ အာဆီယံမှာ အနိမ့်ဆုံးအနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။
ဦးသန်းထွန်းရဲ့လွှတ်တော်ကိုတင်ပြချက်အရ ၂၀၂၄ ခုနှစ်က ထိုင်းမှာ ခရီးသွား ၃၅ သန်းကျော်ဝင်ပြီး အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်ဝင်ငွေရခဲ့ပါတယ်။
မြန်မာက ကမ်းခြေတွေကို အားလပ်ရက်နဲ့ နေ့ကြီးရက်ကြီးတွေမှာ လာရောက်သူများပြားပေမဲ့ တည်းခိုစရာနေရာ မလုံလောက်တာ၊ ဈေးနှုန်းကြီးမြင့်တာတွေ့ရတယ်လို့ လွှတ်တော်မှာ တင်ပြပါတယ်။
ဒါကြောင့် အထပ်မြင့်ဟိုတယ်တွေကို လုံခြုံရေးအရ စိတ်ချရတဲ့ ပုဂံ၊ ပြင်ဦးလွင်၊ အင်းလေး၊ တောင်ကြီး၊ ကလော၊ ပင်လယ်ကမ်းခြေဒေသတွေဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာနဲ့ မော်တင်ဒေသတွေမှာ ဦးစားပေးဆောင်ရွက်ရင် အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံတွေလို GDP အတိုင်းအတာတခုအထိ တိုးတက်လာနိုင်တယ်လို့ ဦးသန်းထွန်းက အဆိုတင်ခဲ့ပါတယ်။
ဒီအဆိုကို USDP အမတ် ဒေါက်တာနန္ဒာလှမြင့်က ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သဘောတူညီချက်ရထားပါတယ်။
အမေရိကန်-မြန်မာတွေ့ဆုံဆွေးနွေးမှု ထိုင်းထောက်ခံ
မကြာသေးခင်က အမေရိကန်နဲ့မြန်မာတို့ တွေ့ဆုံမှုရှိလာတာကို ထောက်ခံတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောတယ်လို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။
"မြန်မာနိုင်ငံကို အထီးကျန်မဆန်စေချင်သလို ပထဝီနိုင်ငံရေး အားပြိုင်မှုတွေရဲ့ နယ်မြေလည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုပါတယ်"လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောပါတယ်။
ဒီလို ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်တာဟာ စစ်အစိုးရကို တရားဝင် အသိအမှတ်ပြုတာ မဟုတ်ဘဲ မြန်မာက ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးနဲ့ အတိုက်အခံအင်အားစုတွေနဲ့ ပြန်လည်သင့်မြတ်ရေးကို အားပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဖြည့်ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နဲ့ ပြောဆိုဆက်ဆံမှုဖြတ်တောက်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဒီနှစ်ထဲမှာမှ ပြန်လည်ထိတွေ့ဆက်ဆံလာနေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လွန်ခဲ့တဲ့ နှစ်ပတ်ကတွေ့ဆုံမှုက တစ်လအတွင်းဒုတိယအကြိမ်တွေ့ဆုံမှုလည်းဖြစ်တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဆီဟာဆက်ကတော့ လာမယ့် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို နက်နက်ရှိုင်းရှိုင်းနဲ့ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့တော့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံခရီးတွေကို ဥပမာပြပြီး အပြောင်းအလဲတချို့မြင်ရတယ်လို့ ဆိုပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးအလေးအနက်ဆွေးနွေးမယ်ဆိုပေမဲ့ အာဆီယံမှာ မြန်မာရဲ့အပြည့်အဝကိုယ်စားပြုခွင့် ပြန်လည်ပေးအပ်ရေးကို ထည့်သွင်းစဥ်းစားဖို့ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာကို ဖြေထားပါတယ်။
ပေါက်တောမှာ နှစ်ရက်အတွင်းလေကြောင်း ဗုံးကြဲမှု အကြိမ် ၂၀ ကျော်ရှိ
ရခိုင်ပြည်နယ်၊ ပေါက်တောနယ်ထဲက ငပြီကျွန်းမှာ အေအေနဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်တပ်ဟာ မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ထက်မနည်း လုပ်သွားတယ်လို့ လေကြောင်းတိုက်ခိုက်မှုစောင့်ကြည့်နေတဲ့ စာမျက်နှာတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီအရေအတွက်ဟာ အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက်အတွင်း အချက် အလက်တွေဖြစ်ပါတယ်။
တိုက်လေယာဥ်နဲ့ သယ်ယူပို့ဆောင်ရေးလေယာဥ်တွေ အစုလိုက်ပျံသန်းလာပြီး တိုက်ခိုက်တာလို့ ဝေဟင်လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
မနေ့က မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ကနေ ညနေနာရီခွဲအထိတိုက်ခိုက်မှုတွေကို မိတ္ထီလာနဲ့ နေပြည်တော်လေတပ်က တက်တဲ့ ဂျက်ဖိုက်တာ ၅ စီးနဲ့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်လေကြောင်းစောင့်ကြည့်ရေး App တစ်ခုဖြစ်တဲ့ SAS ရဲ့ အသိပေးချက်တွေအရ ဒီမနက်မှာလည်း Y12 နဲ့ ဂျက်ဖိုက်တာ အုပ်စုတွေ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောဖက်ကို လာနေတာတွေ့ရပါတယ်။
ဒီနေ့မနက်အစောပိုင်းမှလည်း ပေါက်တောနယ်အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်သွားတယ်လို့ ထုတ်ပြန်တာတွေ့ရပါတယ်။
ဒေသတွင်းသတင်းဌာနတွေကတော့ ဒီမနက်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်တယ်လို့ဖော်ပြပါတယ်။
ဘီဘီစီက ပေါက်တောနယ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု၊ ဒီနယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ငပြီကျွန်းဟာ ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ပေါက်တောဆုံတဲ့ နေရာမှာရှိတဲ့ကျွန်းဖြစ်ပါတယ်။
ကန့်ဘလူ ထန်းတောရွာ လေကြောင်းတိုက်ခိုက်မှု မိသားစုလိုက် ၅ ဦးသေဆုံး
မနေ့က ညနေပိုင်းမှာ ကန့်ဘလူမြို့နယ်ထဲကထန်းတောရွာကို လေကြောင်း ဗုံးကြဲလို့ မိသားစု ၅ ဦး သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီမနက်ထုတ်ပြန်ပါတယ်။
မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ကြဲချတဲ့ ဗုံးဟာ တောင်ယာတဲ ပေါ်ကျပြီး မိသားစု ၅ ဦးလုံးသေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ၄ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ မိနစ်ပိုင်းခြားပြီး မကွေးလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာတစ်စင်းက ကန့်ဘလူနယ်ထဲက ချောင်းသာရွာကို လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ်ဆက်လုပ်သွားတယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးတာမရှိပေမဲ့ နွား ၂ ကောင်သေဆုံးပါတယ်။
ဒီမနက်ပိုင်းတော့ စစ်တပ်ရဲ့လေယာဥ်အသွားအလာငြိမ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြို့နယ်ထဲမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာတွေလည်း လေကြောင်းတိုက်ခိုက်ခံနေရတာကြောင့် သီတင်းကျွတ်ကာလမှာ ကုသိုလ်ရေးကိစ္စအတွက် လူစုလူဝေးလုပ်ရင် လေကြောင်းသတိရှိဖို့ အဖွဲ့က သတိပေးထားပါတယ်။
လာမယ့်ဒီဇင်ဘာမှာ အယ်နီညို စံချိန်တင် အားပြင်းလာနိုင်
ဒုက္ခသည်နဲ့စစ်ရှောင်တွေအပေါ် သက်ရောက်မှုပိုကြီးနိုင်
ကမ္ဘာ့မိုးလေဝသအဖွဲ့က နောက်ဆုံးထုတ်ပြန်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုခန့်မှန်းချက်အစီရင်ခံစာအရ လာမယ့်ဒီဇင်ဘာမှာ အယ်နီညိုစံချိန်တင် အားပြင်းလာမှာ ဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလကနေ ဇန်နဝါရီလအထိ ခန့်မှန်းချက်ကို ထုတ်ပြန်လာတာပါ။
အယ်နီညိုပြင်းထန်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးစုကျော်အတွင်း အသုံးပြုစောင့်ကြည့်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ စကေးအတိုင်းအတာတွေထက်ကို ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။
ဒီသက်ရောက်မှုတွေကို ၂၀၂၇ ခုနှစ်ထဲမှာလည်း ဆက်ခံစားရမှာဖြစ်တယ်လို့ ကမ္ဘာ့ မိုးလေဝသအဖွဲ့က ခန့်မှန်းပါတယ်။
ဒီလိုကာလမှာ ဒုက္ခသည်တွေ၊ ပဋိပက္ခဒေသမှာနေထိုင်သူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တခြားထိခိုက်လွယ်တဲ့အုပ်စုတွေမှာ ပိုကြီးမားတဲ့ သက်ရောက်မှုရှိလာမယ်လို့လည်း သတိပေးပါတယ်။
"အခုတောင် ဆန်ဆီပုံမှန်မဝယ်စားနိုင်တာ ဒီထက်ဆိုးလာရင်တော့ မတွေးဝံ့စရာပဲ" လို့ လူသန်းချီအငတ်ဘေးကြုံရနိုင်တယ်လို့ ကုလသတိပေးထားတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အယ်နီညိုကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဥ်တွေ ဖြစ်လာတာနဲ့အတူ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်ချက်တွေ မြင့်တက်လာမှာဖြစ်ပါတယ်။
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ကတော့ အသက်တွေနဲ့ အသက်မွေးဝမ်းကျောင်းကို ကာကွယ်နိုင်ဖို့ အထူးသဖြင့် ထိခိုက်လွယ်တဲ့လူမှုအသိုက်အဝန်းအတွက် ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း သန်း ၅၀ ကျော်ဟာ ပြင်းထန်တဲ့ငတ်မွတ်မှုကိုခံစားနေကြရပြီး ပဋိပက္ခနဲ့ ရာသီဥတု ရိုက်ခတ်မှုကို ရင်ဆိုင်နေကြရပြီဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။
ဝေဖန်မှုများနေတဲ့ ထိုင်းရုပ်ရှင် မြန်မာ့ယဥ်ကျေးမှုကို မှီငြမ်းထားတယ်လို့ဝန်ခံ
ထိုင်းရုပ်သံဇာတ်လမ်းတွဲ Scarlet Heart Thailand အတွက် လန်န၊ တိုင်၊ တရုတ်နဲ့ မြန်မာတို့ရဲ့ ကွဲပြားလှပတဲ့ အနုပညာ၊ ယဥ်ကျေးမှုသဏ္ဍာန်တွေကို မှီငြမ်းထားတယ်လို့ GMMTV ရုပ်သံလိုင်းက ထုတ်ပြောလာပါတယ်။
ရုပ်ရှင်ကြော်ငြာထွက်လာချိန်မှာ ဇာတ်ဝင်ခန်းနဲ့ သရုပ်ဆောင်တွေရဲ့ ဆင်ယင်ပုံအရ မြန်မာနိုင်ငံက ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာဝတ်စုံနဲ့အကတွေကို ထိုင်းယဥ်ကျေးမှုအဖြစ် ဖော်ပြမှာကို မြန်မာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှု ရှိခဲ့ကြတာပါ။
GMMTV ကတော့ မြန်မာရဲ့အနုပညာနဲ့ ယဥ်ကျေးမှုကို မှီငြမ်းထားတာဖြစ်ပြီး ဒါဟာ ထိုင်းကိုယ်ပိုင်ယဥ်ကျေးမှုအဖြစ် ကိုယ်စားပြုဖော်ပြလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။
ရုပ်ရှင်ထဲက ဥလ္လဝီဆိုတဲ့ မြို့ကလည်း စိတ်ကူးယဥ်သက်သက်သာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဥလ္လဝီဆိုတာကတော့ ဒီရုပ်ရှင်ဇာတ်လမ်းတွဲမှာ မင်းသမီးဟာ လက်ရှိ ကာလကနေ ရှေးခေတ်ကို ပြန်ရောက်သွားချိန် ရောက်ရှိသွားတဲ့မြို့ဖြစ်ပါတယ်။
ယဥ်ကျေးမှုတစ်ခုချင်းစီရဲ့ တန်ဖိုးနဲ့ မူရင်းဇစ်မြစ်ကို လေးစားသလို ရုပ်သံဇာတ်လမ်းတွဲမှာ အသုံးပြုတဲ့ ယဥ်ကျေးမှုဆိုင်ရာဖော်ပြချက်ကြောင့် စိုးရိမ်မှု မြင့်တက်ခဲ့ရတဲ့အပေါ်လည်းတောင်းပန်ကြောင်း ရုပ်သံလိုင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရုပ်ရှင်ပရိသတ်တချို့နဲ့ အနုပညာရှင်တချို့က ဒီကိစ္စအပေါ် စိုးရိမ်ချက်ရှိတယ်လို့ လူမှုကွန်ရက်မှာပြောနေကြပေမဲ့ နေပြည်တော် ယဥ်ကျေးမှု ဝန်ကြီးဌာနဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိပါဘူး။