ဘရာဇီးရွေးကောက်ပွဲ၊ AI အမျိုးသမီးအတုတွေသုံးပြီး လိင်ပိုင်းဆိုင်ရာအသုံးချ ငွေရှာမှုများ

    • ရေးသားသူ, လူးဝစ် ဖာနန်ဒို တိုလီဒို
    • ရာထူးတာဝန်, BBC News Brasil
    • ရေးသားသူ, ရိုဝန် အင်းဂ်စ်
    • ရာထူးတာဝန်, BBC Global Disinformation Unit
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ဆာလ်ဗာဒေါမြို့မှာ မဲဆွယ်စည်းရုံးရေးဘတ်စ်ကားပေါ်ကနေ နိုင်ငံရေးသမားတစ်ဦးနဲ့အတူ ကခုန်နေတဲ့ အမျိုးသမီးငယ်တစ်ဦး လူအုပ်ကြီးတွေကြား ပေါ်လာပါတယ်။ သူ့ရဲ့ဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး Instagram အကောင့်မှာ Follower ငါးသိန်းအထိ ရရှိလာပါတယ်။

ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ တကယ်မရှိသလို အဲဒီဖြစ်ရပ်ဟာလည်း တကယ်ဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ သူ့ကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး တကယ့်မဲဆွယ်စည်းရုံးပွဲ ဗီဒီယိုထဲမှာ ထည့်သွင်းထားတာပါ။

သူတစ်ဦးတည်း မဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းတွေအတွက် မဲဆွယ်ပေးနေသယောင် ဖော်ပြထားတဲ့ AI နဲ့ ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာ အသွင်အပြင်ကို အလေးပေးထားတဲ့ အမျိုးသမီးပုံတွေကို Instagram နဲ့ TikTok မှာ တင်နေတဲ့ အကောင့် ဒါဇင်နဲ့ချီကို BBC က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဘရာဇီးရွေးကောက်ပွဲမှာ သမ္မတလောင်းတွေအကြား အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုထဲမှာ မဲဆွယ်စည်းရုံးရေးဘတ်စ်ကားပေါ်ကနေ ကခုန်နေတဲ့ နိုင်ငံရေးသမားကတော့ လက်ယာယိမ်းသမ္မတလောင်း ဖလာဗီယို ဘော်လ်ဆိုနာရို ဖြစ်ပါတယ်။

သူဟာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ လက်ဝဲယိမ်း လက်ရှိသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗား နဲ့ ယှဉ်ပြိုင်နေသူပါ။

BBC က ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အကောင့်တွေထဲမှာ AI နဲ့ ဖန်တီးထားတဲ့ အမျိုးသမီးတွေဟာ အများအားဖြင့် ဘော်လ်ဆိုနာရိုကို ထောက်ခံကြပေမဲ့ သမ္မတ လူလာကို ထောက်ခံတဲ့ အမျိုးသမီးပုံတွေပါဝင်တဲ့ အကောင့်တွေလည်း ရှိပါတယ်။

ဥပမာ - TikTok အကောင့်တစ်ခုမှာဆိုရင် Follower ၂၄,၄၀၀ ဝန်းကျင်ရှိပြီး AI နဲ့ ဖန်တီးထားတဲ့ အမျိုးသမီးသုံးဦးကို ဆန္ဒပြပွဲတွေမှာ အနီရောင်တီရှပ်တွေ ဝတ်ဆင်ထားပြီး သမ္မတလူလာရဲ့ အလုပ်သမားပါတီ (Workers' Party) သင်္ကေတတွေကို ကိုင်ဆောင်ထားသယောင် ဖော်ပြထားပါတယ်။

ဒီဗီဒီယိုတွေမှာ တကယ့်လူတွေ ပါဝင်တဲ့ ဗီဒီယိုဖိုင်တွေကို ပြန်လည်အသုံးပြုပြီး အဲဒီလူတွေရဲ့နေရာမှာ AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို အစားထိုးလေ့ရှိပါတယ်။ မဲဆွယ်စည်းရုံးရေးဘတ်စ်ကားပေါ်မှာ ကခုန်နေတဲ့ အမျိုးသမီးပုံရိပ်ဟာလည်း တကယ်တော့ ဘော်လ်ဆိုနာရိုရဲ့ နိုင်ငံရေးမဟာမိတ်တစ်ဦး ပါဝင်တဲ့ ဗီဒီယိုဖိုင်ကို အခြေခံထားတာဖြစ်ပြီး အဲဒီနိုင်ငံရေးသမားရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်ဖရိမ်ချင်း တုပဖန်တီးထားတာပါ။

ဒီအကောင့်တွေဟာ သမ္မတလောင်းနှစ်ဦးစလုံးရဲ့ တရားဝင်မဲဆွယ်စည်းရုံးရေးအဖွဲ့တွေနဲ့ ဆက်စပ်နေကြောင်း သက်သေမတွေ့ရဘူးလို့ BBC က ဖော်ပြပါတယ်။

အဲဒီအစား ပရိသတ်တွေကို ဆွဲဆောင်ပြီး အကြောင်းအရာတွေကနေ ဝင်ငွေရှာဖို့ ရည်ရွယ်တဲ့ လူပုဂ္ဂိုလ်တွေက ဖန်တီးထားတာဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေကို တွေ့ရှိခဲ့ပါတယ်။

လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ကာ အရွယ်ရောက်ပြီးသူများအတွက် အခပေးအကြောင်းအရာတွေရှိရာကို လမ်းညွှန်ပေးတဲ့နည်းလမ်းဟာ ဘရာဇီးနိုင်ငံတစ်ခုတည်းမှာသာ ဖြစ်ပွားနေတာ မဟုတ်ပါဘူး။

သဘောကတော့ "အခပေးကြည့်ရှုရတဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေရှိရာ ပလက်ဖောင်းတွေကို ညွှန်ပို့နေတယ်"ဆိုတာမျိုးပါ။ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့မှာလည်း အလားတူဖြစ်ရပ်တွေကို မှတ်တမ်းတင်တွေ့ရှိထားပါတယ်။

BBC က ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ဘရာဇီးနိုင်ငံက အကောင့် ၃၇ ခုဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ တုံ့ပြန်မှုတွေ မြင့်တက်လာစေဖို့၊ Follower တွေ ပိုမိုရရှိဖို့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အသုံးချနေကြပုံရပါတယ်။

အဲဒီအကောင့်တချို့က သူတို့ရဲ့ ပရိသတ်တွေကို အရွယ်ရောက်ပြီးသူများအတွက် အကြောင်းအရာတွေ တင်ဆက်တဲ့ လိင်ပိုင်းဆိုင်ရာ OnlyFans ဝက်ဘ်ဆိုက် ဒါမှမဟုတ် Telegram ဆီ ညွှန်ပို့ပြီး စာရင်းသွင်းသူတွေကို ညစ်ညမ်းအကြောင်းအရာတွေ ရောင်းချနေကြပါတယ်။

အဲဒီအကောင့် ၃၇ ခုမှာ စုစုပေါင်း Follower ခုနစ်သန်းဝန်းကျင် ရှိပါတယ်။ သူတို့ရဲ့ ပို့စ်တွေမှာ တုံ့ပြန်မှုစုစုပေါင်း ၅၀၄,၁၀၅ ကြိမ် ရှိခဲ့ပြီး Like ၅၀၀,၀၀၀ နီးပါးနဲ့ မှတ်ချက် ၁၈,၆၀၀ ပါဝင်ပါတယ်။

နိုင်ငံရေးအရ ဘယ်သမ္မတလောင်းကို ထောက်ခံသလဲဆိုတာထက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ တုံ့ပြန်မှုတွေ ရရှိဖို့ကို ပိုဦးစားပေးနေပုံရပါတယ်။ အကောင့်တချို့မှာ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးကို ထောက်ခံတဲ့ ပို့စ်တွေကို မတူညီတဲ့အချိန်တွေမှာ တင်ထားတာ တွေ့ရပါတယ်။

Instagram မှာ Follower ၁၇၅,၀၀၀ ဝန်းကျင်ရှိတဲ့ အကောင့်တစ်ခုမှာ ဆံပင်တိုညှပ်ထားတဲ့ အမျိုးသမီးတစ်ဦးက မှန်ရှေ့မှာ ဘေးတိုက်ရပ်နေပြီး သမ္မတလူလာရဲ့ မျက်နှာပုံနှိပ်ထားတဲ့ အနီရောင်တီရှပ်ကို ဝတ်ဆင်ထားတဲ့ပုံကို တင်ထားပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာတော့ အဲဒီအမျိုးသမီးဟာ ဘော်လ်ဆိုနာရိုရဲ့ မျက်နှာပုံနှိပ်ထားတဲ့ ကိုယ်ကျပ်အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

"AI နည်းပညာဖြင့် ဖန်တီးထားသည်" ဆိုတဲ့ အညွှန်း

BBC က တွေ့ရှိခဲ့တဲ့ အကောင့်အများစုဟာ သူတို့တင်ဆက်တဲ့ အကြောင်းအရာတွေကို AI နည်းပညာနဲ့ ဖန်တီးထားကြောင်း မှန်ကန်စွာ အညွှန်းတပ်မထားကြပါဘူး။ ဒါဟာ TikTok နဲ့ Instagram နှစ်ခုစလုံးရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ ဖြစ်ပါတယ်။

Instagram ကို ပိုင်ဆိုင်တဲ့ Meta က "ကျွန်တော်တို့မှာ ကိုယ်လုံးတီးဖော်ပြမှုနဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် တားမြစ်ထားတဲ့ စည်းမျဉ်းတွေရှိပြီး စည်းမျဉ်းချိုးဖောက်တဲ့ အကြောင်းအရာတွေကို တွေ့ရှိတဲ့အခါ ဖယ်ရှားပါတယ်။ ဒီလိုအကြောင်းအရာတွေ သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ ပျံ့နှံ့နိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် အားထုတ်မှုများစွာ လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။

TikTok ကတော့ BBC က မျှဝေပေးခဲ့တဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်တဲ့အတွက် ဖယ်ရှားခဲ့တယ်လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေကို "မှားယွင်းနားလည်စေနိုင်တဲ့ သို့မဟုတ် လက်တွေ့ထိခိုက်နစ်နာမှု ဖြစ်စေနိုင်တဲ့" အကြောင်းအရာတွေကို လက်ခံမှာမဟုတ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

အဲဒီအထဲမှာ သတင်းမှားတွေနဲ့ "ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်ရောက်နှောင့်ယှက်နိုင်တဲ့" သို့မဟုတ် "ရွေးကောက်ပွဲရလဒ်တွေရဲ့ ခိုင်မာယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်တဲ့" အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

ဒီအကောင့်တွေကို ဘယ်သူတွေက ဖန်တီးခဲ့သလဲဆိုတာ BBC က ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ အကောင့်တချို့ကို လူတစ်ဦးတည်း ဒါမှမဟုတ် လူတစ်စုတည်းက ဖန်တီးထားနိုင်ကြောင်း ညွှန်ပြတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအကောင့်တွေဟာ အချင်းချင်း Follow လုပ်ထားကြပြီး အရွယ်ရောက်ပြီးသူများအတွက် အကြောင်းအရာတွေ တင်ဆက်တဲ့ Telegram ချန်နယ်တူတွေဆီကိုလည်း အသုံးပြုသူတွေကို ညွှန်ပို့နေကြပါတယ်။

အလားတူဖြစ်ရပ်တစ်ခုမှာ အိန္ဒိယနိုင်ငံက ဆေးကျောင်းသားတစ်ဦးဟာ အမေရိကန်နိုင်ငံမှာ သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူအဖြစ် ပုံဖော်ထားတဲ့ AI နဲ့ ဖန်တီးထားသော Influencer တစ်ဦးကို ဖန်တီးခဲ့ပြီး အဲဒီအကြောင်းအရာတွေကနေ ဝင်ငွေရှာခဲ့ကြောင်း WIRED မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ သူဟာ တစ်လကို ဒေါ်လာထောင်ဂဏန်းအထိ ဝင်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာလည်း လွတ်လပ်တဲ့ သတင်းစစ်ဆေးရေးအဖွဲ့ CORRECTIV.Faktencheck ရဲ့ စုံစမ်းစစ်ဆေးမှုအရ AI နဲ့ ဖန်တီးထားတဲ့ Influencer တွေကို အသုံးပြုထားတဲ့ လူမှုကွန်ရက်အကောင့် ၁၉၀ မှာ AI Influencer ၂၂ ဦး ပါဝင်ခဲ့ပါတယ်။

အဲဒီအကောင့်တွေဟာ ဂျာမနီလက်ယာစွန်းပါတီ AfD ဒါမှမဟုတ် လက်ယာယိမ်းအယူအဆတွေကို မြှင့်တင်ဖော်ပြခဲ့ကြပြီး ပရိသတ်တွေကို ငွေပေးသွင်းကြည့်ရှုရတဲ့ "လိင်စိတ်လှုံ့ဆော်တဲ့ အကြောင်းအရာတွေ'' တင်ဆက်တဲ့ ပလက်ဖောင်းတွေဆီ ညွှန်ပို့ခဲ့ကြပါတယ်။

အမျိုးသမီးပုံရိပ်များကို အမြတ်ထုတ်အသုံးချခြင်း

ဒီအကောင့်တွေရဲ့ မှတ်ချက်ကဏ္ဍတွေမှာ အမျိုးသားတွေက အဲဒီအမျိုးသမီးတွေကို တကယ့်လူတွေလို့ ယုံကြည်နေကြပုံရပါတယ်။ တချို့ကလည်း "အရမ်းလှတယ်"၊ "ချောမောလှပတယ်" စသဖြင့် မှတ်ချက်တွေရေးသားကြပါတယ်။

ဘရာဇီးနိုင်ငံ ရက်စီဖီမြို့ရှိ ဥပဒေနဲ့ နည်းပညာဆိုင်ရာ သုတေသနအင်စတီကျုမှာ ကျားမရေးရာနဲ့ နည်းပညာဌာန ဥက္ကဋ္ဌနဲ့ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ရာကွဲလ် ဆာရာအီဗာ (Raquel Saraiva) ကတော့ AI နဲ့ အမျိုးသမီးပုံရိပ်တွေ ဖန်တီးသူတွေဟာ လှပမှုဆိုင်ရာ သတ်မှတ်စံနှုန်းတချို့ကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ပုံရိပ်သုံးပြီး ဆွဲဆောင်နေကြတာလို့ ပြောပါတယ်။

အဲဒီအမျိုးသားတွေဟာ အခပေးကြည့်ရှုရတဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ဝယ်ယူကြည့်ရှုဖို့ ပိုမိုစိတ်ဝင်စားလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုဝင်ငွေရှာတဲ့ လုပ်ငန်းပုံစံဟာ အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို အမြတ်ထုတ်အသုံးချတာနဲ့ အမျိုးသမီးတွေကို မုန်းတီးခွဲခြားဆက်ဆံတဲ့ အယူအဆတွေအပေါ် အခြေခံထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ AI အမျိုးသမီးတွေဟာ တကယ်မရှိပေမဲ့ သူတို့ကို ဖန်တီးထားပုံက လူမှုကွန်ရက်တွေပေါ်မှာသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ပျံ့နှံ့နေတဲ့ သဘောထားအမြင်တွေကို ထပ်မံပုံဖော်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။

"ဒီကိစ္စတွေဟာ လူ့အဖွဲ့အစည်းထဲက အမျိုးသမီးမုန်းတီးမှုတွေနဲ့ သီးခြားစီ ဖြစ်နေတာမဟုတ်ပါဘူး။ အားလုံးဟာ ကြီးမားတဲ့ ကွင်းဆက်တစ်ခုရဲ့ အစိတ်အပိုင်းတွေပါပဲ" လို့ ဆာရာအီဗာက ပြောပါတယ်။

လူမှုကွန်ရက်ပလက်ဖောင်းတွေအနေနဲ့ ဒီလိုအကောင့်တွေကို ပိုမိုတင်းကျပ်စွာ ကြီးကြပ်စစ်ဆေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။