PKK တပ်တွေ နေရာရွှေ့ဖို့ ကာဒစ္စတန် အစိုးရ တောင်းဆို

_kurdistan_workers_party_
ဓာတ်ပုံ ပုံစာ, တူရကီ က အခုလို တိုက်ခိုက် လာမှာ ကို ကာဒစ္စတန်နယ် အစိုးရ အဖွဲ့ ခေါင်းဆောင် Massoud Barzani က ကြိုတင် သိရှိ ခဲ့ရုံ မက၊ သူကိုယ်တိုင် သဘောတူ ခွင့်ပြု ခဲ့တာ ဖြစ်တယ် ဆိုပြီး PKK အဖွဲ့က စွပ်စွဲ။
ရေးသားခဲ့သည်။

အီရတ် နိုင်ငံ ကာဒစ္စတန်နယ် ရဲ့ အစိုးရ က ကာ့ဒ် လူမျိုးစု ခွဲထွက်ရေး လက်နက်ကိုင် PKK အဖွဲ့ ကို လူနေ အိမ်ယာတွေ နဲ့ ဝေးရာ ကို ရွှေ့ကြဖို့ တောင်းဆို လိုက် ပါတယ်။

PKK အဖွဲ့ ကို ပစ်မှတ် ထားပြီး တူရကီ က လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင် နေတဲ့ အတွက် အရပ်သားတွေ ထိခိုက်မှု မရှိ အောင် အခုလို တောင်းဆိုရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

အီရတ် နိုင်ငံထဲ မှာ ပြုလုပ်ခဲ့တဲ့ တူရကီ ရဲ့ ဗုံးကြဲ မှု တွေ အတွင်း အရပ်သားတွေ သေဆုံး ခဲ့ကြရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့တဲ့ နောက် ကာဒစ္စတန်နယ် ရဲ့ အစိုးရ က တူရကီ အစိုးရ ရဲ့ အပြုအမူ ကိုပါ ရှုတ်ချ ခဲ့ပါတယ်။

ဒါပေမယ့် တူရကီ က အခုလို တိုက်ခိုက် လာမှာ ကို ကာဒစ္စတန်နယ် အစိုးရ အဖွဲ့ ခေါင်းဆောင် Massoud Barzani က ကြိုတင် သိရှိ ခဲ့ရုံ မက၊ သူကိုယ်တိုင် သဘောတူ ခွင့်ပြု ခဲ့တာ ဖြစ်တယ် ဆိုပြီး PKK အဖွဲ့ရဲ့ ပြောခွင့်ရ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒီပြောဆို ချက် ကို ကာဒစ္စတန်နယ် အစိုးရ အဖွဲ့ ကတော့ ငြင်းဆန် ပါတယ်။

လေကြောင်း တိုက်ခိုက် မှု တွေ ဖြစ်ပေါ် ခဲ့ပြီး မှ Massoud Barzani အနေနဲ့ သိရတာ ဖြစ်ကြောင်း လည်း ကာဒစ္စတန်နယ် အစိုးရ အဖွဲ့ က ပြောပါတယ်။

တူရကီ နဲ့ အီရတ် မြောက်ပိုင်း မှာ ရှိတဲ့ တရားမဝင် PKK အဖွဲ့ ကို ပစ်မှတ်ထား ပြီး လေကြောင်း တိုက်ခိုက်မှု တွေ သီတင်း တစ်ပတ် ကြာ ပြုလုပ် ပြီးချိန် မှာ PKK တိုက်ခိုက်ရေးသမား အနည်းဆုံး ၂၆၀ လောက် သေဆုံး ခဲ့တယ် လို့ တူရကီ အစိုးရ ရဲ့ သတင်းဌာန က ပြောပါတယ်။