ရှန်ကျန်းမာရသွန်မှာ လူရာနဲ့ချီပြီး လိမ်လည် ပြိုင်ပွဲဝင်ခဲ့

ရှန်ကျန်းမှာ ပြုလုပ်တဲ့ မာရသွန်တဝက်အပြေးပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, ရှန်ကျန်းမှာ ပြုလုပ်တဲ့ မာရသွန်တဝက်အပြေးပြိုင်ပွဲ

ဓာတ်ပုံ ပုံစာ, Getty Images

တရုတ်နိုင်ငံ ရှန်ကျန်းမှာ ပြုလုပ်တဲ့ မာရသွန်တဝက်အပြေးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၂၅၀ လောက်ဟာ ပြေးလမ်း အစအဆုံးမပြေးဘဲ ဖြတ်လမ်းကတဆင့် မာရသွန်ပန်းတိုင်ကို ဝင်ဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

၂၁ ကီလိုမီတာ (၁၃ မိုင်ကျော်) တာဝက်အပြေးပြိုင်ပွဲမှာ အပြေးပြိုင်ပွဲဝင်သူတွေဟာ ၂ ကီလိုမီတာကျော်လောက်ပဲပြေးပြီး လိမ်လည် ပြိုင်ပွဲဝင်ခဲ့ကြတာပါ။

ရှန်းကျန့်က ယာဉ်လမ်းကြော စောင့်ကြည့်တဲ့ စီစီတီဗွီကင်မရာတွေမှာတော့ အပြေးသမား ၂၀၀ ကျော်လောက်ဟာ ဂငယ်ကွေ့ သဏ္ဍာန် ပြေးလမ်းကို အစအဆုံးမပြေးဘဲ လမ်းလယ်ကျွန်း ချုံပုတ်တွေကြားကနေ ဖြတ်လမ်းသုံးပြီး တာပြည့်ကြောင်း လိမ်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အပြေးပြိုင်ပွဲဝင်သူတွေ ဝတ်ဆင်တဲ့ အင်္ကျီရှေ့ဖုံးခါးစည်းအတုတွေ ဝတ်ပြီး ပြေးခဲ့သူ ၁၈ ဦး နဲ့ အပြေးသမားအယောင်ဆောင် ပြေးခဲ့သူ ၃ ဦးကိုလည်း တွေ့ခဲ့တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။

လိမ်လည်ဝင်ပြိုင်ပွဲသူအားလုံးကတော့ အပြေးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် အပိတ်ခံရမှာ ဖြစ်ပါတယ်။

'မာရသွန်ဆိုတာက သိပ်လွယ်လှတဲ့ အားကစားနည်းတော့ မဟုတ်ပါဘူး၊ အပြေးသမားတိုင်းဟာ ကိုယ်ကိုယ်တိုင်လည်း တာဝန်ယူတတ်ရပါမယ်' လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာကြီးကလည်း 'လူတိုင်းဟာ မာရသွန်နဲ့ အားကစားစိတ်ဓာတ်ကို လေးစားကြဖို့' ဆိုတာကို အယ်ဒီတာ့အာဘော်မှာ ခေါင်းကြီးတပ်ပြီး ထည့်သွင်းရေးခဲ့ပါတယ်။

နှစ်စဉ်ကျင်းပနေကျ ရှန်ကျန်းအပြေးပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး အပြေးပြိုင်ပွဲဖြစ်ပြီး ဒီနှစ်မှာ လူပေါင်း ၁ သောင်း ၆ ထောင်လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ မာရသွန်နဲ့ အပြေးပြိုင်ပွဲက ၂၂ ခုတည်း ရှိရာကနေ အခုတော့ ပွဲပေါင်း ၁၀၇၂ ခုထိ ကျင်းပပြီး ဖြစ်တယ်လို့ တရုတ်အားကစားအသင်းရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။