ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူ ထိုင်းနိုင်ငံကို ထွက်ပြေး

မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင် တဲ့ သတင်းအပါအဝင် ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းသနိုင်ငံကို ထွက်ပြေးတိမ်းရှောင်
  • ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး၊ မြင်းမူ နဲ့ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ က စိုးရိမ်ရေ အမှတ်အထက်ကို ထပ်တက်မယ်
  • ရန်ကုန်မှာ စိန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ ကျပ်သား တောင်းဆိုခဲ့တဲ့ အဖွဲ့ကို ဖမ်းမိ
  • စစ်ဘေးသင့် စစ်ကိုင်းမှာ ရေဘေးသင့်သူ ၂ သိန်းကျော် ရှိလာ၊ ဝက်လက်မှာ မြစ်ရေတဖြည်းဖြည်းတက်လာ၊ လမ်း၊ တံတား ပျက်စီးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဩဂုတ် ၁၃ ရက်အထိ နိုင်ငံတဝန်း မိုးကြီးနိုင်၊ ရေကြီးမြေပြို သတိပေး

    ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် ဒီကနေ့ ကနေ သြဂုတ် ၁၃ ရက်အထိ နိုင်ငံတဝန်းမှာ မိုးထစ်ချုန်းရွာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဒီနေ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းကနေ ၁၃ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးများနိုင်ပြီး အချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေနဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားဖို့ မိုးဇလက အကြံပြုထားပါတယ်။

    ပင်လယ်ပြင်မှာတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေခန့် ရှိနိုင်ပါတယ်။

    မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်ကနေ မိုင် ၃၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေခန့် ရှိနိုင်ပါတယ်။

    ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို ကြိုတင်သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။

  2. လက်နက်တွေကုန်သွားလို့ ထရမ့်က အီရန်နဲ့အပစ်ရပ်လိုက်တာလား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ဇူလိုင်လအစောပိုင်းတုန်းက ပန်ဆေဗေးနီးယား ကာကွယ်ရေးနဲ့ နည်းပညာဆန်းသစ်ရေးညီလာခံမှာ အမေရိကန်ရဲ့ကာကွယ်ရေးကုမ္ပဏီကြီးတချို့ရဲ့အမှုဆောင်ချုပ်တွေနဲ့အတူ စင်ပေါ် တက်တော့ သူ့ခေါင်းထဲ ပေးချင်တဲ့သတင်းစကားက တစ်ခုပဲရှိပါတယ်။

    အဲဒါကတော့ "လက်နက်တွေ ပိုထုတ်ပါ၊ မြန်မြန်လည်း ထုတ်ပါ" ဆိုတာပါ။

    "ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအရည်အသွေးရှိတယ်။ ဒါပေမဲ့ မြန်နှုန်းကို နည်းနည်းပိုမြှင့်ဖို့တော့ လိုတယ်" လို့ ထရမ့်က အမေရိကန်စစ်ကောလိပ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ လက်နက်ထုတ်သူတွေကို ပြောပါတယ်။

    ဒါပေမဲ့ အများပြည်သူရှေ့မှာ မပြောသလောက် ဖြစ်နေတဲ့အချက်တစ်ခုကတော့ ဒီနှစ်အစောပိုင်း Operation Epic Fury ဆိုပြီး အီရန်နဲ့ ရက်ပေါင်း ၄၀ နီးပါးတိုက်ခိုက်မှုတွေအပြင် အဲဒီနောက်ပိုင်း သူတပြန် ကိုယ်တပြန် ပစ်ခတ်မှုတွေမှာ အမေရိကန်ဘက်က အဆင့်မြင့်လက်နက်တွေနဲ့ ထုတ်လုပ်ရခက်တဲ့စစ်လက်နက်ပစ္စည်း အမြောက်အများ အသုံးပြုခဲ့ရတဲ့အချက်ဖြစ်ပါတယ်။

    အဲဒီစစ်ပွဲကြောင့် အမေရိကန်အစိုးရ ဘယ်လောက် သုံးထားရလဲ။ ဒီဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  3. စစ်ဘေးသင့် စစ်ကိုင်းမှာ ရေဘေးသင့်သူ ၂ သိန်း ကျော် ရှိလာ၊ ဝက်လက်မှာ မြစ်ရေတဖြည်းဖြည်းတက်လာ

    စစ်ကိုင်းတိုင်း၊ ရွှေဘို နဲ့ ခင်ဦးမြို့နယ်တွေ မှာ မူးမြစ်ရေဟာ တဖြည်းဖြည်းပြန်ကျလာပေမဲ့ တောင်ဘက်က ဝက်လက်မြို့နယ်မှာတော့ မြစ်ရေတဖြည်းဖြည်းတက်နေပြီး လမ်း၊ တံတားတွေ ကျိုးကျပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

    မူးမြစ်ရေဟာ ဝက်လက်မြို့နယ်ထဲကို တဖြည်းဖြည်းတိုးဝင်လာတာကြောင့် ကျေးရွာ ၁၇ ရွာ ရေဘေးသင့်နေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် လူအင်အား၊ ဆေးဝါး၊စားနပ်ရိက္ခာ နဲ့ အမိုးအကားတွေ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

    “ဝက်လက်နယ်ရေဘေးကတော့ ထပ်တိုးနေပါတယ်ဗျ။ အခုချိန်ထိလည်း ပြည်သူတွေကိုစက်လှေတွေ နဲ့ကယ်ထုတ်နေတုန်းပါ။လမ်းတံတားကျိုးပျက်တာတွေလဲများတယ်ဗျ” လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

    ခင်ဦးမြို့နယ်မှာတော့ မူးမြစ်ရေဟာ တဖြည်းဖြည်းပြန်ကျလာပေမဲ့ တစ်ရွာလုံးရေနစ်မြုပ်နေတဲ့ ရွာတွေ လည်း ဆက်ရှိနေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    “နေကနည်းနည်းပြန်ကျလာတယ်။ အခုက နေရပ်ပြန်ဖို့ကို စောင့်ကြည့်နေတဲ့ အခြေအနေပါ” လို့ သူကပြောပါတယ်။

    လက်ရှိ ခင်ဦးမြို့နယ်မှာ ကျေးရွာ ၂၀ လောက် ရေဘေးသင့်နေပြီး ကျွန်းတောကြီး‌ကျေးရွာ မှာ ရေဘေးကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွားခံနေရတဲ့ ရွှေဘိုမြို့နယ်မှာဆိုလည်း မူးမြစ်ရေက ပြန်ကျလာပေမဲ့ မိုးရွာသွန်းမှုတွေဆက်ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ဝာာဝန်ရှိသူက ပြောပါတယ်။

    “မူးမြစ်ရေကတော့ ပြန်ကျနေပါပြီဗျာ။ လက်ရှိအချိန်ထိ မိုးရွာနေသေးတာမို့ ကူညီကယ်ဆယ်ရေးတော့ ဆက်လုပ်နေရပါသေးတယ်။ သဖန်းဆိပ်ဆည်ရဲ့ ရေအမှတ်ကလည်း တင်းနေတာမို့ အချိန်မရွေး ထပ်ဖွင့်ချနိုင်ပါသေးတယ်” လို့ သူကပြောပါတယ်။

    ဩဂုတ်လ ၅ ရက်က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည် ‌ရေပိုလွှဲဖောက်ချရာကနေ ရွှေဘို၊ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၉ မြို့နယ်မှာ ရေဘေးကြုံနေရတာပါ။

    သဖန်းဆိပ်ဆည်ကို စစ်တပ်က ဒီနှစ် မတ်လမှာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲကနေ ပြန်လည်ရယူထိန်းချုပ်ထားပြီး မူးမြစ်တလျှောက်က ဒေသတွေမှာတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာပါ။

    အခု ရေဘေးကြုံရတဲ့ မူးမြစ်တလျှောက်က ရွာတွေ ဟာ စစ်‌ဘေးသင့်ဒေသတွေလည်း ဖြစ်တာကြောင့် ‌ရေဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း တခြားဒေသတွေထက် ပိုပြီး စိန်ခေါ်မှုတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

    ရေဘေးကြုံနေရတဲ့ ဒေသတွေဖြစ်တဲ့ ခင်ဦး၊ ရွှေဘို နဲ့ ဝက်လက်မှာတော့ စစ်တပ် နဲ့ တော်လှန်ရေးအင်အားစုတွေ အကြား လတ်တလော တိုက်ပွဲဖြစ်ပွားနေတာတော့ မရှိသေးဘူးလို့ အဲဒီ ဒေသတွေအခြေစိုက် ကာကွယ်‌ရေးတပ်တွေက ဘီဘီစီကို ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩဂုတ် ၉ အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲမှာ ရေဘေးသင့်ပြည်သူ ၂ သိန်း ၂ သောင်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

    NUG ရော နေပြည်တော် ရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကရော စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီနေ့ ဩဂုတ် ၁၀ ရက်ကနေ ၁၆ ရက်အထိ မိုးရွာသွန်းမှုဆက်ရှိနေမယ်လို့ ထုတ်ပြန်ထားပါတယ်။

  4. ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ

    မြန်မာသမိုင်းကို ပုဂံမင်းဆက်ကစပြီး အစဉ်အဆက် ခိုင်ခိုင်မာမာ မှတ်သားခဲ့ကြပေမယ့် လက်ရှိ မြန်မာနိုင်ငံပုံစံကို စတင်ဖန်တီးသူကတော့ တောင်ငူမင်းဆက်က ဘုရင့်နောင်ကျော်ထင်နော်ရထာ ဖြစ်ပါတယ်။

    ဘုရင့်နောင်ဟာ ပုဂံအလွန် နှစ် သုံးရာလောက် စစ်ခင်းနေကြတဲ့ မြန်မာနဲ့ မွန်နိုင်ငံတွေကို သိမ်းသွင်းပြီး လက်နက်နိုင်ငံသစ် ထူထောင်ခဲ့ရုံမက မြောက်နဲ့ အရှေ့တလွှားက ရှမ်းပြည်တွေကို စစ်ခင်းပြီး ထိုင်း၊ လာအို၊ မဏိပူရနဲ့ ယူနန်ထိ အာဏာစက်ကို ချဲ့ထွင်ခဲ့ပါတယ်။

    ဒါကြောင့် ဘုရင့်နောင်ကို အရှေ့တောင်အာရှမှာ အကျယ်ပြန့်ဆုံး လက်နက်နိုင်ငံ ထူထောင်သူအဖြစ် မစ်ချီဂန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဗစ်တာလစ်ဘာမန်းက မှတ်ချက်ချခဲ့ပါတယ်။

    အရပ်ဆယ်မျက်နှာကို အောင်နိုင်သူအဖြစ်လည်း ထိုင်းနိုင်ငံမှာ လူသိများတဲ့ ဘုရင့်နောင်ရဲ့ လက်နက်နိုင်ငံဟာ သူ့သားတော်ကြီး နန္ဒဘုရင်လက်ထက်မှာ ပြိုကွဲခဲ့လို့ သားတော်ငယ် ညောင်ရမ်းမင်းတရားခေတ်ကျမှ ပြန်စုစည်းနိုင်ခဲ့ပြီး ညောင်ရမ်းမင်းဆက်အဖြစ် အင်းဝအခြေပြု စိုးစံခဲ့ကြပါတယ်။

    မွန်နဲ့ ကွေ့ပုန်ကန်မှုကြောင့် ပြိုလဲခဲ့တဲ့ ညောင်ရမ်းခေတ်အပြီး ဦးအောင်ဇေယျ ထူထောင်တဲ့ ကုန်းဘောင်မင်းဆက်ဟာ နောက်ဆုံးမြန်မာမင်းဆက်အဖြစ် ဗြိတိသျှလက်အောက် ကျတဲ့အထိ ဘုရင့်နောင်အလွန် နှစ်သုံးရာကျော်အောင် ဧရာဝတီမြစ်ဝှမ်း အခြေပြု မြန်မာပဒေသရာဇ်စနစ် တည်မြဲခဲ့ပါတယ်။

    အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်အကြောင်း ဒီဆောင်းပါး မှာဖတ်နိုင်ပါပြီ။

  5. ရန်ကုန်က စိန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲ၊ ကျပ်သိန်း ၄,၅၀၀ တောင်းတဲ့ အဖွဲ့ကို ဖမ်းမိ

    ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း က Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်ကို ပြန်ပေးဆွဲခဲ့တဲ့ တရားခံ ၉ ဦးကို ဩဂုတ် ၇ ရက်မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာ ကနေထုတ်ပြန်ပါတယ်။

    ဩဂုတ် ၇ ရက် မနက် ၄ နာရီခွဲအချိန်မှာ တရားခံ ၉ ဦးထဲက နှစ်ဦးကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးမှာ ဖမ်းဆီးရမိပြီး နောက်ထပ် ဆက်စပ် တရားခံ နှစ်ဦးကိုတော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးမှာ အသွား ၆ လက်မရှိတဲ့ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခု နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ပြန်ပေးဆွဲမှုမှာ ပါဝင် ခဲ့တဲ့ အငှားယာဉ်မောင်း အပါအဝင် ကျန်တဲ့ ဆက်စပ်တရားခံတွေကိုလည်း ဒေါပုံမြို့နယ် ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

    ဩဂုတ် ၆ ရက်၊ ညနေ ၅ နာရီခွဲလောက်က Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ဟာ သူ့ရဲ့ စိန်ဆိုင်ကနေ ရွှေ့ဘုံသာလမ်းမှာရှိတဲ့ နေအိမ်ကို ပြန်တဲ့အချိန် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာပါ။

    အဲဒီနောက်မှာ ဖမ်းဆီးသွားတဲ့ အဖွဲ့က စိန်ဆိုင်ပိုင်ရှင် ရဲ့ ဖုန်းနဲ့ မိသားစုကို ဆက်သွယ်ပြီး စိန်ဆိုင်ပိုင်ရှင်ကို အသက်ရှင်လျက် ပြန်လိုချင်ရင် မြန်မာကျပ်ငွေ သိန်း ၄,၅၀၀ နဲ့ ‌ရွှေ ၆၀ ကျပ်သား ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လုံခြုံ‌ရေးအဖွဲ့တွေကို တိုင်ကြားရင်လည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    Diamond Shine စိန်ဆိုင်ပိုင်ရှင် ကို တော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးက အိမ်ပျက်တစ်လုံးအတွင်းမှာ အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဖမ်းဆီးရမိထားတဲ့ တရားခံ ၉ ဦးကိုလည်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  6. ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး, မြစ် ၅ စင်းမှာ စိုးရိမ်ရေမှတ်မြင့်တက်၊ မြို့ ၅ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေ

    မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ ဩဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလို ရောက်နေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဒါကြောင့် ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ မြစ်ရေမြင့်တက်လာရင် အချိန်မီရှောင်ရှားနိုင်ဖို့နဲ့ ရေကြီးရေလျှံမှုအခြေအနေကို ကြိုတင်သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။

    တချိန်တည်းမှာပဲ ဩဂုတ် ၁၀ ရက် မနက်ပိုင်း ထုတ်ပြန်တဲ့ ရေကြီးမှုအခြေအနေမှာ မြစ် ၅ စင်းရဲ့ ရေမှတ်တွေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသလို ကျော်လွန်နေတဲ့နေရာတွေလည်း ရှိပါတယ်။ဧရာဝတီမြစ်ရေဟာ မြင်းမူမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်ပါတယ်။

    ညောင်ဦးမှာတော့ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် ထပ်မြင့်နိုင်ပါတယ်။ချင်းတွင်းမြစ်ရေက မုံရွာမှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်ပါတယ်။

    သံလွင်မြစ်ရေက ဘားအံမှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်ပါတယ်။ စစ်တောင်းမြစ်ရေက မဒေါက်မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ထပ်မြင့်နိုင်ပါတယ်။

    ဒုဋ္ဌဝတီမြစ်ရေကတော့ မြစ်ငယ်မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါကြောင့် မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နဲ့ မြစ်ငယ် မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို အချိန်မီ ရှောင်ရှားနိုင်ဖို့ သတိပေးထားပါတယ်။

  7. မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူ ထိုင်းနိုင်ငံကို ထွက်ပြေး

    အသက် ၁၉ နှစ်အရွယ်ရှိ ရုရှားနိုင်ငံသူတစ်ဦးဟာ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ညှင်းပန်းနှိပ်စက်ခိုင်း‌စေခံရပြီးနောက် တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဩဂုတ် ၉ ရက်က ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

    သူဟာ တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲရောက်တဲ့အချိန် ရန်ကုန်၊ မန္တလေး၊ တာချီလိတ်မြို့တွေကို လိမ်လည်ခေါ်ယူခံခဲ့ရတာလို့ ဆိုပါတယ်။

    မြန်မာနိုင်ငံထဲမှာရှိနေချိန် နှိပ်စက်မှုတွေခံခဲ့ရလို့ မယ်ဆိုင်မြစ်ကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလို့ အဲဒီရုရှားနိုင်ငံသူက ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုပါတယ်။

    ထိုင်းအာဏာပိုင်တွေက အဲဒီရုရှားနိုင်ငံသူကို ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် က ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။

    ဆေးရုံရောက်တဲ့အချိန် သူမဟာ တုန်လှုပ်ခြောက်ခြားနေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    သူ့ကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ညှင်းပန်းနှိပ်စက်ခဲ့လဲဆိုတာကိုတော့ ထုတ်မပြောပဲ မိခင်နိုင်ငံ ရုရှားကိုသာ ပြန်ချင်တယ်လို့ အာဏာပိုင်တွေကို သူက ပြောဆိုပါတယ်။

    ထိုင်းအာဏာပိုင်တွေကတော့ သူ့ကို ရုရှားနိုင်ငံပြန်လည် ပို့ဆောင်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံး နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    နောက်ပြီး ဒီရုရှားနိုင်ငံသူရဲ့ ခရီးစဉ်အသေးစိတ် နဲ့ ဆက်စပ်ဖြစ်စဉ်တွေကိုလည်း ဆက်လက်စုံစမ်းသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

    စစ်တပ်က တော့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းနေတယ်လို့ မကြာခဏထုတ်ပြန်လေ့ရှိပါတယ်။

    ဧပြီလ ၈ ရက်ကဆိုလည်း တာချီလိတ်မြို့နယ်၊​ ပန်ကူကျေးရွာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်သူ ၅၇ ဦး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  8. မင်္ဂလာပါ။ ဩဂုတ် ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။