တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူ ထိုင်းနိုင်ငံကို ထွက်ပြေး

မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင် တဲ့ သတင်းအပါအဝင် ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်
  • ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး၊ မြင်းမူ နဲ့ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ က စိုးရိမ်ရေ အမှတ်အထက်ကို ထပ်တက်မယ်
  • ရန်ကုန်မှာ စိန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ ကျပ်သား တောင်းဆိုခဲ့တဲ့ အဖွဲ့ကို ဖမ်းမိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်က စိန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲ၊ ကျပ်သိန်း ၄,၅၀၀ တောင်းတဲ့ အဖွဲ့ကို ဖမ်းမိ

    ပန်းဘဲတန်းမြို့နယ်က စိန်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲမှုမှာ ဖမ်းဆီးရမိတဲ့သူတွေ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ပန်းဘဲတန်းမြို့နယ်က စိန်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲမှုမှာ ဖမ်းဆီးရမိတဲ့သူတွေ

    ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း က Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်ကို ပြန်ပေးဆွဲခဲ့တဲ့ တရားခံ ၉ ဦးကို ဩဂုတ် ၇ ရက်မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာ ကနေထုတ်ပြန်ပါတယ်။

    ဩဂုတ် ၇ ရက် မနက် ၄ နာရီခွဲအချိန်မှာ တရားခံ ၉ ဦးထဲက နှစ်ဦးကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးမှာ ဖမ်းဆီးရမိပြီး နောက်ထပ် ဆက်စပ် တရားခံ နှစ်ဦးကိုတော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးမှာ အသွား ၆ လက်မရှိတဲ့ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခု နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ပြန်ပေးဆွဲမှုမှာ ပါဝင် ခဲ့တဲ့ အငှားယာဉ်မောင်း အပါအဝင် ကျန်တဲ့ ဆက်စပ်တရားခံတွေကိုလည်း ဒေါပုံမြို့နယ် ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

    ဩဂုတ် ၆ ရက်၊ ညနေ ၅ နာရီခွဲလောက်က Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ဟာ သူ့ရဲ့ စိန်ဆိုင်ကနေ ရွှေ့ဘုံသာလမ်းမှာရှိတဲ့ နေအိမ်ကို ပြန်တဲ့အချိန် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာပါ။

    အဲဒီနောက်မှာ ဖမ်းဆီးသွားတဲ့ အဖွဲ့က စိန်ဆိုင်ပိုင်ရှင် ရဲ့ ဖုန်းနဲ့ မိသားစုကို ဆက်သွယ်ပြီး စိန်ဆိုင်ပိုင်ရှင်ကို အသက်ရှင်လျက် ပြန်လိုချင်ရင် မြန်မာကျပ်ငွေ သိန်း ၄,၅၀၀ နဲ့ ‌ရွှေ ၆၀ ကျပ်သား ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လုံခြုံ‌ရေးအဖွဲ့တွေကို တိုင်ကြားရင်လည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    Diamond Shine စိန်ဆိုင်ပိုင်ရှင် ကို တော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးက အိမ်ပျက်တစ်လုံးအတွင်းမှာ အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဖမ်းဆီးရမိထားတဲ့ တရားခံ ၉ ဦးကိုလည်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  2. ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး, မြစ် ၅ စင်းမှာ စိုးရိမ်ရေမှတ်မြင့်တက်၊ မြို့ ၅ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေ

    သြဂုတ် ၁၀ ရက် ဘားအံမြို့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - SSaw Chaint Phaung

    ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၀ ရက် ဘားအံမြို့မြင်ကွင်း

    မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ ဩဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလို ရောက်နေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဒါကြောင့် ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ မြစ်ရေမြင့်တက်လာရင် အချိန်မီရှောင်ရှားနိုင်ဖို့နဲ့ ရေကြီးရေလျှံမှုအခြေအနေကို ကြိုတင်သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။

    တချိန်တည်းမှာပဲ ဩဂုတ် ၁၀ ရက် မနက်ပိုင်း ထုတ်ပြန်တဲ့ ရေကြီးမှုအခြေအနေမှာ မြစ် ၅ စင်းရဲ့ ရေမှတ်တွေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသလို ကျော်လွန်နေတဲ့နေရာတွေလည်း ရှိပါတယ်။ဧရာဝတီမြစ်ရေဟာ မြင်းမူမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်ပါတယ်။

    ညောင်ဦးမှာတော့ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် ထပ်မြင့်နိုင်ပါတယ်။ချင်းတွင်းမြစ်ရေက မုံရွာမှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်ပါတယ်။

    သံလွင်မြစ်ရေက ဘားအံမှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်ပါတယ်။ စစ်တောင်းမြစ်ရေက မဒေါက်မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ထပ်မြင့်နိုင်ပါတယ်။

    ဒုဋ္ဌဝတီမြစ်ရေကတော့ မြစ်ငယ်မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါကြောင့် မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နဲ့ မြစ်ငယ် မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို အချိန်မီ ရှောင်ရှားနိုင်ဖို့ သတိပေးထားပါတယ်။

  3. မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူ ထိုင်းနိုင်ငံကို ထွက်ပြေး

    မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရလို့ ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ရုရှားနိုင်ငံသူ

    ဓာတ်ပုံ ရင်းမြစ်, PR Thailand

    ဓာတ်ပုံ ပုံစာ, မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရလို့ ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ရုရှားနိုင်ငံသူ

    အသက် ၁၉ နှစ်အရွယ်ရှိ ရုရှားနိုင်ငံသူတစ်ဦးဟာ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ညှင်းပန်းနှိပ်စက်ခိုင်း‌စေခံရပြီးနောက် တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဩဂုတ် ၉ ရက်က ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

    သူဟာ တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲရောက်တဲ့အချိန် ရန်ကုန်၊ မန္တလေး၊ တာချီလိတ်မြို့တွေကို လိမ်လည်ခေါ်ယူခံခဲ့ရတာလို့ ဆိုပါတယ်။

    မြန်မာနိုင်ငံထဲမှာရှိနေချိန် နှိပ်စက်မှုတွေခံခဲ့ရလို့ မယ်ဆိုင်မြစ်ကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလို့ အဲဒီရုရှားနိုင်ငံသူက ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုပါတယ်။

    ထိုင်းအာဏာပိုင်တွေက အဲဒီရုရှားနိုင်ငံသူကို ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် က ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။

    ဆေးရုံရောက်တဲ့အချိန် သူမဟာ တုန်လှုပ်ခြောက်ခြားနေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    သူ့ကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ညှင်းပန်းနှိပ်စက်ခဲ့လဲဆိုတာကိုတော့ ထုတ်မပြောပဲ မိခင်နိုင်ငံ ရုရှားကိုသာ ပြန်ချင်တယ်လို့ အာဏာပိုင်တွေကို သူက ပြောဆိုပါတယ်။

    ထိုင်းအာဏာပိုင်တွေကတော့ သူ့ကို ရုရှားနိုင်ငံပြန်လည် ပို့ဆောင်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံး နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    နောက်ပြီး ဒီရုရှားနိုင်ငံသူရဲ့ ခရီးစဉ်အသေးစိတ် နဲ့ ဆက်စပ်ဖြစ်စဉ်တွေကိုလည်း ဆက်လက်စုံစမ်းသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

    စစ်တပ်က တော့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းနေတယ်လို့ မကြာခဏထုတ်ပြန်လေ့ရှိပါတယ်။

    ဧပြီလ ၈ ရက်ကဆိုလည်း တာချီလိတ်မြို့နယ်၊​ ပန်ကူကျေးရွာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်သူ ၅၇ ဦး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  4. မင်္ဂလာပါ။ ဩဂုတ် ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။