ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားရောက်ရှိ

အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်သွားတဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာ ၁၁ ရက် မနက်မှာ စစ်တွေအခြေစိုက်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်အမျိုးသမီးတစ်‌ယောက် သေဆုံး
  • အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားကို နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ဒီနေ့ သွား
  • တံတားဦးလေဆိပ်ထဲက စစ်လေယာဉ်တွေကို စက်တင်ဘာ ၁၀ ရက်မှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် မြို့နယ်ထဲကကျေးရွာတချို့ကို စစ်ကြောင်းဝင်ရောက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရခိုင်ပြည်နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေ, ပုဏ္ဏားကျွန်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး

    ရခိုင်ပြည်နယ်အတွင်းက စစ်တွေ-ပုဏ္ဏားကျွန်းကြားနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ အာရက္ခတပ်တော်-အေအေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ပစ်ခတ်သံတွေတော့ ဆက်တိုက်ကြားနေရတာပေါ့”လို့ ကျောက်ဖြူမြို့ခံတစ်ယောက်က ပြောပါတယ်။

    ဒါ့အပြင် အာရက္ခတပ်တော်-အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စက်တင်ဘာ ၁၁ ရက် မနက် ၄ နာရီဝန်းကျင်မှာ စစ်တွေအခြေစိုက်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်အမျိုးသမီးတစ်‌ယောက် သေဆုံးတယ်လို့လည်း သူက ပြောပါတယ်။

    အဲဒီအမျိုးသမီးဟာ ပေါက်တောမြို့နယ်၊ သရက်ချောင်းရွာကနေ စစ်ရှောင်လာသူဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်လို့ သိရပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်ကို ကုန်းလမ်းကနေ ဝင်နိုင်တဲ့ အဓိက လမ်းကြောင်းတွေဖြစ်တဲ့ အမ်း- ပဒါန်းလမ်းကြောင်း ၊ ဂွ- ရေကြည်-လေးမျက်နှာလမ်းကြောင်း၊ တောင်ကုတ်-ပန်းတောင်းလမ်းကြောင်းတွေမှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အာရက္ခတပ်တော်-အေအေကို တိုက်ခိုက်ဖို့ စစ်တပ်က တပ်မ ၁၁ ခုသုံးထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပြီး ဘီဘီစီကသီးခြားအတည်မပြုနိုင်ပါဘူး။

  2. 9/11 - ၁၁ စက်တင်ဘာတိုက်ခိုက်မှုမှာ ဘာတွေဖြစ်ခဲ့လဲ

    ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ့မှာ အသေခံတိုက်ခိုက်ရေးသမားတွေက အမေရိကန်ခရီးသည်တင်လေယာဉ်တွေကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့က မိုးမျှော်တိုက်နှစ်လုံးထဲကို ပျက်ကျတိုက်ခိုက်ခဲ့တာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

    အဲဒီဖြစ်ရပ်ဟာ ကမ္ဘာတဝန်းမှာ ကြီးမားတဲ့နောက်ဆက်တွဲသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

    ဘယ်လို ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသလဲ။ ဒီဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  3. တံတားဦးတိုက်လေယာဉ်တွေ တိုက်ခိုက်ခံရအပြီး အနီးကရွာတွေကို စစ်ကြောင်းဝင်

    မန္တလေးမြို့ တံတားဦးလေဆိပ်ထဲက စစ်လေယာဉ်တွေကို တော်လှန်ရေးအဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်မှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် တံတားဦးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က စစ်ကြောင်းဝင်ရောက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကျောက်ဖူး၊ အလယ်ရွာ၊ အင်ကန်၊ ဆည်ရွာ၊ သမန်းရွာ စတဲ့ ကျေးရွာတွေကို ဒီမနက်မှာ စစ်ကြောင်းရောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

    အဲဒီကျေးရွာတွေရှိတဲ့ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အလယ်ရွာအနီးမှာ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အဲဒီစစ်ကြောင်းက လေဆိပ်အတွက် လုံခြုံ‌ရေးယူပေးနေတာ၊ တိုက်လေယာဉ်တွေ တိုက်ခံရတော့ လုံခြုံ‌ရေး စစ်ဆေးတဲ့အချိန်မှာ လူနှစ်ယောက်ကို မသင်္ကာလို့ လိုက်ဖမ်းတဲ့စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက စောင့်ပြီးတိုက်ကြတာ”လို့ သူက ပြောပါတယ်။

    တိုက်ပွဲမှာ အရာရှိတစ်ယောက်အပါအဝင် စစ်တပ်ဘက်က သေဆုံးတယ်လို့ သိရပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    လက်ရှိအချိန်မှာ တံတားဦးလေဆိပ်ကို ပိတ်ထားပြီး အများပြည်သူသုံး ခရီးစဉ်တွေကို ၂ ရက် ရပ်ဆိုင်းထားတယ်လို့ မန္တလေးမြို့ခံတစ်ယောက်က ပြောပါတယ်။

    တိုက်ခိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ဒရုန်းက တံတားဦးလေတပ်စခန်း၊ လေယာဉ်ရုံအတွင်း ရပ်နားထားတဲ့ တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။

    စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ PDF အဖွဲ့တွေက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ ကို FPV Suicide Drone ၆ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့လို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဟန့်တားနိုင်ခဲ့တယ်ဆိုပြီး ပြောထားပါတယ်။

    Myanmar International Airway ကလည်း စက်တင်ဘာ ၁၀ ရက်ညနေပိုင်းကစပြီး မန္တလေး‌လေဆိပ်ကထွက်ခွာမယ့် MAI ရဲ့ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ်အားလုံးကို ယာယီရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

    မန္တလေး လေဆိပ်ကနေ ဆိုက်ရောက်/ထွက်ခွာမယ့် လေကြောင်းခရီးစဥ်တွေ ယာယီရပ်နားမှုဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းအချက်တွေကြောင့်လို့ MAI က ထုတ်ပြန်ထားပြီး နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ယာယီရပ်နားထားမယ်လို့ ဆိုပါတယ်။

    MAI နဲ့ မင်္ဂလာလေကြောင်းလိုင်း (Mingalar Airlines) ရဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုတော့ ပြင်ဦးလွင်အနီးစခန်း လေဆိပ် ကနေ ပြောင်းလဲပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

  4. အရည်ဆို ပူပူလောင်လောင်မှသောက်တတ်သူတွေ ကင်ဆာဖြစ်နိုင်ခြေကို ပညာရှင်တွေသတိပေး

    လက်ဖက်ရည်နဲ့ ကော်ဖီလို သောက်စရာတွေကို အလွန်ပူနေတဲ့ အပူချိန်မှာ အမြဲလိုလိုသောက်သုံးတာဟာ အစာပြွန် ဒါမှမဟုတ် အစာမျိုပြွန်မှာ ကင်ဆာ (oesophageal cancer) ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဗြိတိန်က သုတေသနတစ်ခုက ဖော်ပြပါတယ်။

    လူတစ်သန်းနီးပါးကို လေ့လာထားတဲ့ဒီသုတေသနဟာ အလွန်ပူတဲ့သောက်စရာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေကြား ဆက်နွှယ်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့သမိုင်းတလျောက် အကျယ်ပြန့်ဆုံး လေ့လာမှုဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

    လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီ သောက်စရာတွေကို "အလွန်ပူပူ" သောက်သူတွေဟာ "နွေးနွေး" သောက်သူတွေထက် ဒီကင်ဆာဖြစ်နိုင်ခြေ သုံးဆလောက် ပိုမြင့်မားကြောင်း လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ အပူသောက်တာနဲ့ ကင်ဆာ ဖြစ်လာနိုင်ခြေကတော့ ယေဘုယျအားဖြင့် နည်းပါးပါတယ်လို့ ကျွမ်းကျင်သူတွေက အလေးထား သတိပြုစရာ ပြောပါတယ်။

    အငွေ့တထောင်းထောင်းထနေတဲ့ ပူပြင်းတဲ့အရည်ဟာ အစာမျိုပြွန် အပေါ်ယံ ဆဲလ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားရောက်ရှိ

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့နောက်ထပ် ဒေသတွင်းခရီးစဉ်တစ်ခုအဖြစ် ကမ္ဘောဒီးယားကို ဒီနေ့ သွားရောက်ရှိတာဖြစ်ပါတယ်။

    ဒီခရီးစဉ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ခရီးစဉ်အပြီး နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကို သွားရောက်တာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်အနေနဲ့ အသွင်ပြောင်းအစိုးရဖြစ်လာပြီးနောက်ပိုင်း အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်အပြင် အာဆီယံထဲက လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးဖြစ်လို့ အခုခရီးစဉ်က ၈ နိုင်ငံမြောက် ဖြစ်ပါတယ်။

    နှစ်ရက်ကြာမယ့် ခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံ ယာယီနိုင်ငံခေါင်းဆောင်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက်လည်းနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ် နိုင်ငံအကြား ရင်းနှီးတဲ့ဆက်ဆံရေး ပိုအားကောင်းလာဖို့၊ အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

    မြန်မာရော ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ရှိနေတဲ့ နိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

    ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားခရီးစဉ်စတင်တဲ့ စက်တင်ဘာ ၁၁ ရက်ထုတ် သတင်းစာတွေမှာတော့ ကရင်ပြည်နယ်ထဲက KK Park၊ ရွှေကုက္ကိုလ်နဲ့ ကျောက်ခက်ဒေသတွေရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ကြောင်းနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ နိုင်ငံအတွင်း ပြန်လည်အခြေမချနိုင်အောင် ဆက်လက်နှိမ်နင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဦးမင်းအောင်လှိုင်ကို တရားဝင် နိုင်ငံတော်အဆင့် ကြိုဆိုတာတွေ မလုပ်သင့်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ တာဝန်တွေလိုက်နာဖို့လိုတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ခရီးစဉ်မတိုင်ခင် တောင်းဆိုထားပါတယ်။

  6. မင်္ဂလာပါ။

    စက်တင်ဘာ ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။