ရခိုင်ပြည်နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေ, ပုဏ္ဏားကျွန်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်အတွင်းက စစ်တွေ-ပုဏ္ဏားကျွန်းကြားနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ အာရက္ခတပ်တော်-အေအေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ပစ်ခတ်သံတွေတော့ ဆက်တိုက်ကြားနေရတာပေါ့”လို့ ကျောက်ဖြူမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်-အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စက်တင်ဘာ ၁၁ ရက် မနက် ၄ နာရီဝန်းကျင်မှာ စစ်တွေအခြေစိုက်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ပေါက်တောမြို့နယ်၊ သရက်ချောင်းရွာကနေ စစ်ရှောင်လာသူဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကို ကုန်းလမ်းကနေ ဝင်နိုင်တဲ့ အဓိက လမ်းကြောင်းတွေဖြစ်တဲ့ အမ်း- ပဒါန်းလမ်းကြောင်း ၊ ဂွ- ရေကြည်-လေးမျက်နှာလမ်းကြောင်း၊ တောင်ကုတ်-ပန်းတောင်းလမ်းကြောင်းတွေမှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်-အေအေကို တိုက်ခိုက်ဖို့ စစ်တပ်က တပ်မ ၁၁ ခုသုံးထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပြီး ဘီဘီစီကသီးခြားအတည်မပြုနိုင်ပါဘူး။




