အမေရိကန် မင်းသမီး ဟေဒန်ပန်နက်တီယာ ကွယ်လွန်
အမေရိကန်ရုပ်ရှင် မင်းသမီး ဟေဒန် ပန်နက်တီယာ ဟာ အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ကိုယ်စားလှယ်က အမေရိကန်သတင်းဌာနတွေကို အတည်ပြုပါတယ်။
“ချစ်ရတဲ့ဟေဒန် ကွယ်လွန်သွားတဲ့အတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတယ်။ သူဟာ ထူးခြားတဲ့အလင်းရောင်တစ်ခုလို ဖြစ်သလို အားအင်ပြည့်ဝတဲ့သူတစ်ဦးလည်း ဖြစ်ပြီး သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် မရေမတွက်နိုင်တဲ့ ချစ်ခြင်းနဲ့ ပျော်ရွှင်မှုတွေကို ပေးခဲ့သူပါ” လို့ သူ့ ရဲ့ဖခင် စကစ်ပ် ပန်နက်တီယာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
သူ သေဆုံးမှုနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပန်နက်တီယာဟာ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ Heroes မှာ ထင်ရှားတဲ့ဇာတ်ဆောင်အဖြစ်ပါဝင်ပြီးနောက် လူသိများလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Nashville ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို Remember the Titans နဲ့ Raising Helen အပါအဝင် ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ဖခင် စကစ်ပ် ပန်နက်တီယာက မိသားစုအနေနဲ့ “ဒီလို မယုံနိုင်လောက်အောင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ဖို့ အချိန်ယူနေတဲ့အတွက်” ကိုယ်ရေးကိုယ်တာကို လေးစားပေးကြဖို့ တောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုချက်ကို သူ့ရဲ့ကိုယ်စားလှယ်ကနေတဆင့် ထုတ်ပြန်ခဲ့တာပါ။
ပန်နက်တီယာဟာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး အသက် ၄ နှစ်အရွယ်မှာပဲ အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ One Life to Live မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ပန်နက်တီယာရဲ့အနုပညာသက်တမ်းဟာ ဆယ်စုနှစ် ၃ ခုကြာမြင့်ခဲ့ပြီး နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ Scream သရဲကားစီးရီးနဲ့ အချစ်ဟာသဇာတ်ကား I Love You, Beth Cooper တို့လည်း ပါဝင်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ ပန်နက်တီယာက This Is Me: A Reckoning ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကလေးသရုပ်ဆောင်အဖြစ် ကြီးပြင်းလာရတဲ့ အခက်အခဲတွေအပြင် မူးယစ်ဆေးစွဲလမ်းမှု၊ အနိုင်ကျင့်ခံရမှုနဲ့ နောက်ပိုင်း ပြန်လည်နာလန်ထူလာတဲ့အတွေ့အကြုံတွေကို ရေးသားထားပါတယ်။
ဘီဘီစီရဲ့အမေရိကန်မိတ်ဖက် သတင်းဌာန စီဘီအက်စ်နဲ့ မေလတုန်းက တွေ့ဆုံမေးမြန်းရာမှာ ပန်နက်တီယာက သူ့ရဲ့မိခင်ဟာ သူ့ကို “အသက် ၈ လအရွယ်နဲ့တင် လူတွေ့စစ်ဆေး(audition)တဲ့နေရာတွေကို ခေါ်သွားခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
“အဲဒီကနေ ဆက်ပြီး အသက် ၅ နှစ်အရွယ်ရောက်တဲ့အချိန်မှာ ကြော်ငြာ ၅၀ လောက် ရိုက်ပြီးသွားပြီ ... အဲဒါက ဘယ်တော့မှ မရပ်ခဲ့ဘူး” လို့ သူက ပြောပါတယ်။
ပန်နက်တီယာဟာ ချစ်သူဟောင်းဖြစ်တဲ့ ယူကရိန်းလက်ဝှေ့သမား ဗလာဒီမီယာ ကစ်ရှန်ကိုနဲ့ ရရှိထားတဲ့ သမီး ကာယာကို ချန်ထားရစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ သမီးကို မွေးဖွားပြီးနောက် ပန်နက်တီယာက မီးဖွားပြီးနောက် စိတ်ကျရောဂါ(postpartum depression)ကို ကုသဖို့ ဆေးကုသရေးဌာနတစ်ခုမှာ ဝင်ရောက်ကုသမှုခံယူနေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။