ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြန်မာ့အခြေအနေတစုံလုံး လုံခြုံရေးကောင်စီကတဆင့် ICC လွှဲဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့် ICC ကို လွှဲပြောင်းပေးဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာက အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့် ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်
  • ရိုဟင်ဂျာတွေအရေးကို မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ဆွေးနွေးထားတယ်လို့ဆိုပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုရှီ ဆာဆာ ကာ၀ါက ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ပြော
  • တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြည်သူ့ပါတီအမတ် ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ပိုင်ခွင့် မရှိတော့
  • ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို ဖွင့်လှစ်၊ လျှို့ဝှက် စစ်ဘက်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ် ယူကရိန်း စုံစမ်းဖော်ထုတ်အဖွဲ့ Truth Hounds ရှုမြင်
  • နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူကို ရန်ကုန်-မန္တလေးအမြန်လမ်း ကားလုယက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ရဲ ၁ ဦးကို သံသယတရားခံအဖြစ် ဖမ်းဆီးထား
  • ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်း အပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး မနေ့ ညပိုင်းအသတ်ခံရ
  • မိုင်းရှူးမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း မိုးကြီးပြီး တောင်စောင်းမြေပြိုကျလို့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံး
  • ရခိုင်ပြည်နယ်ထဲ စစ်တပ်က မြေပြင်ထိုးစစ်ဆင်လာ၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲရှိ
  • မြန်မာမှာ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားသေကြေမှုအများဆုံးဖြစ်ရတဲ့အကြောင်းရင်းဖြစ်နေတယ်လို့ ဗြိတိန်လူ့အခွင့်အရေးသံအမတ်က ကုလလူ့အခွင့်အရေးကောင်စီမှာပြော
  • မဲဆောက်မှာ အခုနှစ်ဆန်းပိုင်းတုန်းကဖြစ်ခဲ့တဲ့ ရဲတစ်ဦးဒဏ်ရာရတဲ့သေနတ်ပစ်ခတ်မှုမှာ မြန်မာလူငယ် တစ်ဦးကို မဲဆောက်တရားရုံးက ထောင်ဒဏ် ၂၅ နှစ် ချမှတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာလ ၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာမှာ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားသေကြေမှုအများဆုံးဖြစ်နေစေ - ဗြိတိန်လူ့အခွင့်အရေးသံ

    မြန်မာမှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သား သေကြေမှုအများဆုံးဖြစ်နေရတဲ့အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နေစေတယ်လို့ ဗြိတိန်ရဲ့လူ့အခွင့်အရေးဆိုင်ရာသံတမန် အယ်လန်နော ဆန်းဒါးစ်က ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ ပြောလိုက်ပါတယ်။

    ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့မှာ မနေ့ စက်တင်ဘာလ ၇ ရက်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ယိုယွင်းဆိုးရွားနေမှုကို အရေးပေါ် ဖြေရှင်းရေးအတွက်ရည်ရွယ်ပြုလုပ်တဲ့ အဆင့်မြင့်အဆင့်ဆွေးနွေးပွဲမှာ သံတမန်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးနေတာအပြင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ၀တ်ပြုဆုတောင်းရာနေရာတွေ လေကြောင်းတိုက်ခိုက်ခံနေရတာကိုလည်း သူက ထောက်ပြ ဆွေးနွေးပါတယ်။

    နိုင်ငံတလွှား တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေ အတင်းအကျပ် လူစုဆောင်းခံရတာ၊ စေခိုင်းခံရတာနဲ့ အိုးအိမ်မြေယာ ဆုံးရှုံးနေတာကိုလည်း ဗြိတိန်အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း သူက ပြောပါတယ်။

    မြန်မာလူထုကြုံနေရတာတွေအတွက် ကျူးလွန်သူတွေ တာ၀န်ယူမှု တာ၀န်ခံမှုရှိအောင် လုပ်တဲ့နေရာမှာ ဗြိတိန်ရဲ့ကတိက၀တ် ဆက်လက်ထားရှိထားပြီး အဲဒီအတွက် ကုလစုံစမ်းရေး ယန္တယားကိုလည်း ပေါင်ငွေ ၉ သိန်းအထိ ကူညီထည့်၀င်ထားတယ်လို့လည်း သူက ပြောပါတယ်။

    ဒါကြောင့် စုဆောင်းမှတ်တမ်းတင်ထားတဲ့ ကျူးလွန်မှုမှတ်တမ်းတွေကနေ ကျူးလွန်သူတွေ တာ၀န်ယူမှု တာ၀န်ခံမှုရှိရေး အရေးကြီးတယ်လို့လည်း သူက တိုက်တွန်းသွားပါတယ်။

  3. မဲဆောက်မှာ ထိုင်းရဲသေနတ်ပစ်ခံရမှု မြန်မာလူငယ် ထောင် ၂၅ နှစ်ချမှတ်ခံရ

    ထိုင်း -မြန်မာ နယ်စပ်၊ မဲဆောက်မြို့မှာ အခုနှစ်အစောပိုင်းတုန်းကဖြစ်ခဲ့တဲ့ ထိုင်းရဲတစ်ဦး ဒဏ်ရာရတဲ့ သေနတ်ပစ်ခတ်မှုမှာ မြန်မာ လူငယ်တစ်ဦးကို ထိုင်းတရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ အမှုအကြောင်းသိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူနဲ့အမှုတွဲ နောက်ထပ် လူငယ်တစ်ဦးလည်း ထောင်ဒဏ် ၁၀ လ ချမှတ်ခံရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မဲဆောက်မြို့အကျဉ်းထောင်မှာ ဇန်န၀ါရီလကတည်းက အချုပ်ကျပြီး အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

    ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရသူဟာ အသက် ၂၁ နှစ်အရွယ် နဂါးကြီးခေါ် နိုင်လင်းအောင်ဆိုသူဖြစ်ပြီး ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်မှုအပါအ၀င် အမှု ၄ မှုကြောင့် အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာလို့ အမှုအကြောင်းသိသူက ပြောပြပါတယ်။

    မဲဆောက်မြို့မှာ ဇန်နဝါရီ ၂၀ ရက်ညနေပိုင်းက မြန်မာလူငယ် နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာ မြန်မာလူငယ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခုခံထွက်ပြေးခဲ့လို့ ထိုင်းရဲတပ်ကြပ်တစ်ဦး ဝမ်းဗိုက်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

    မြန်မာလူငယ်တစ်ဦးဆီမှာ လက်နက်ပါလာတာကြောင့် ထိုင်းရဲက စစ်ဆေးမယ့်အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတာဖြစ်ပြီး ကျည်ထိမှန်တဲ့ ထိုင်းရဲကတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။

    ပစ်ခတ်မှုဖြစ်ချိန် နဂါးကြီးကို ဆိုင်ကယ်နဲ့တင်လာတဲ့ စိုးကြီးဆိုသူ နောက်ထပ် လူငယ်ကတော့ ထောင်ဒဏ် ၁၀ လ ချမှတ်ခံရပါတယ်။ ဒါပေမဲ့ သူဟာ လနဲ့ချီ အချုပ်ကျရင်း အမှုကို ရင်ဆိုင်ခဲ့ရတာဖြစ်လို့ ချုပ်ရက်လျှော့ပေါ့ကြောင့် ထောင်ဒဏ် ၃ လပဲ အကျဉ်းကျခံရမှာဖြစ်တယ်လို့လည်း အမှုအကြောင်းသိသူက ပြောပြပါတယ်။

    အမှုအကြောင်းသိရှိသူကတော့ နဂါးကြီး ချမှတ်ခံရတဲ့ထောင်ဒဏ်အတွက် မိသားစုက အယူခံ၀င်ဖို့ ကြိုးပမ်းမယ်လို့လည်း သိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

  4. မုန်တိုင်းထူ ပိုပူမယ့်ကောင်းကင်ကြောင့် ခရီးထန်ဦးမယ့်လေယာဉ်စီးသူတွေ

    ဇွန်လနှောင်းပိုင်းကစပြီး နွေရာသီ အပူလှိုင်းတွေဖြတ်နေလို့ နိုင်ငံတဝန်း အပူဒဏ်ကို ခံနေရချိန် အင်္ဂလန်တောင်ပိုင်းနဲ့ ဥရောပမြောက်ပိုင်းဒေသအများစုမှာလည်း မိုးကြိုးမုန်တိုင်းတိမ်တိုက်ကြီးတွေ စုဝေးလာခဲ့ပါတယ်။

    ရုံးပိတ်ရက်ကာလလည်းဖြစ်နေတာကြောင့် စနေတစ်ရက်မှာ ခရီးသည်ထောင်ချီဟာ လန်ဒန်က ဟီးသရိုးလေဆိပ်နဲ့ ဂတ်ဝစ်လေဆိပ်တွေကို ခရီးနှင်ခဲ့ကြပါတယ်။ အဲဒီနေ့က တိုးမပေါက်တဲ့ လူအုပ်ကြီးကြောင့် လေဆိပ်တွေလည်း အလုပ်ဝန်များခဲ့တဲ့နေ့ပါ။

    နောက်ဆက်တွဲဖြစ်လာတာက ခရီးသည်တွေလည်း ကစင့်ကလျားဖြစ်ရတာပါ။ အကြောင်းကတော့ လေကြောင်းထိန်းချုပ်ရေးအဖွဲ့ဟာ မုန်တိုင်းတွေအနီးက လေယာဉ်တွေကို ရှောင်ကွင်းလမ်းပြဖို့ အခက်တွေ့ခဲ့လို့ ကောင်းကင်မှာ လေယာဉ်တွေ ပြည့်နှက်နေခဲ့ပါတယ်။ မြေပြင်မှာလည်း ထွက်ခွာမယ့်လေယာဉ်တွေ ပျံတက်မရ ဖြစ်ကုန်ပါတယ်။

    ဒီဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ လောက် နှောင့်နှေးခဲ့ရပါတယ်။ တချို့လေကြောင်းလိုင်းတွေဆို အချိန် ၁၁ နာရီလောက် နောက်ဆုတ်ခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ကြပါတယ်။ လန်ဒန်ကို လာဖို့ ဥရောပ တဝန်းက လေဆိပ်တွေမှာ စောင့်ဆိုင်းနေကြတဲ့ခရီးသည်တွေဟာလည်း မသေချာ၊ မရေရာမှုတွေနဲ့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရပါတယ်။

    အခုတော့ ယူကေမှာ ရာသီဥတုက ပုံမှန်ပြန်ဖြစ်သွားပြီး ခရီးသည်တွေဟာလည်း သူတို့ ကြုံတွေ့ခဲ့ရတာတွေကို သိပ်မကြာခင်မှာ မေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ လေကြောင်းသွားလာရေးလုပ်ငန်းကတော့ ဒါကို အချက်ပေးခေါင်းလောင်းသံတစ်ခုအဖြစ် ရှုမြင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  5. ရခိုင်ပြည်နယ်ထဲ စစ်တပ်က မြေပြင်ထိုးစစ်ဆင်လာ, ပုဏ္ဏားကျွန်းနဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲရှိ

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) လက်ထဲရောက်ပြီးနောက် ၂ နှစ်ကျော်ကြာ မြေပြင် ထိုးစစ် မဆင်နိုင်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်တပ်က ဒီလအစပိုင်းကတည်းက ထိုးစစ်ဆင်နေပြီ ဒီနေ့မှာလည်း တိုက်ပွဲဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

    “ပုဏ္ဏားကျွန်းနဲ့ စစ်တွေ အစပ်နေရာတွေမှာ တိုက်ပွဲဆက်ရှိနေတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

    အေအေဘက်က စခန်းတချို့ဆုတ်ထားရတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပေမဲ့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

    ပုဏ္ဏားကျွန်းမြို့ဟာ မြို့တော်စစ်တွေရဲ့အရှေ့မြောက်ဘက် မိုင် ၂၀ ကျော်အကွာမှာတည်ရှိပါတယ်။

    မနေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အိမ် ၄ လုံးပျက်စီးတယ်လို့ အေအေကလွန်ခဲ့တဲ့ မိနစ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

    ကျောက်ဖြူမြို့နယ်ဘက်မှာလည်း စစ်တပ် စစ်ကြောင်းနဲ့ အေအေတို့ အဝတောင်စခန်းအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေသုံးနေပြီး အချိန်မရွေးပစ်ခတ်နိုင်တာကြောင့် အထူးသတိထားဖို့ အေအေက သတိပေးနေပါတယ်။

    အေအေက သတိထားနေထိုင်ဖို့ အသိပေးချက်ထုတ်ထားတဲ့ သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်လည်း မနေ့က လေကြောင်းဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ လွန်ခဲ့တဲ့မိနစ်ပိုင်းက အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

    လေကြောင်းတိုက်ခိုက်တာအပြီးမှာ သံတွဲနဲ့ ဂွပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောတွေကလည်း ဒီဒေသက ကမ်းခြေတလျှောက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တယ်လို့ ဆိုပါတယ်။

  6. ရှမ်းပြည်နယ်၊ မိုင်းရှူးမှာ မြေပြိုလို့ ၄ ဦးသေဆုံး

    ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်းမှာ မိုးကြီးပြီး တောင်စောင်းမြေပြိုကျလို့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    တောင်စောင်းပြိုကျရာကနေ အိမ် ၂ လုံးပေါ် ပိမိပြီး လူသေဆုံးမှုဖြစ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

    မြေပြိုမှုဟာ ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေမှာ ဖြစ်သွားတာပါ။

    မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်နေချိန်အတွင်း သေဆုံးအမျိုးသား ၃ ဦး ရုပ်အလောင်းကိုသာ ရှာတွေ့သေးတာဖြစ်ပြီး အမျိုးသမီး ၁ ဦးကို ရှာဖွေရေး လုပ်နေတုန်းပဲလို့ ဆိုပါတယ်။

    မိုင်းရှူးဟာ ရတနာမြေအဖြစ်သတ်မှတ်ထားတာဖြစ်ပြီး မိုးကုတ်ပြီးရင် အရည်အသွေးမြင့် ပတ္တမြားထွက်ရှိတဲ့နယ်မြေဖြစ်ပါတယ်။

  7. ရန်ကုန်မြို့လယ်ခေါင်မှာ လူသတ်မှုဖြစ်

    ရန်ကုန်မြို့ထဲမြို့နယ်ဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်း အပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး မနေ့ ညပိုင်းအသတ်ခံရတယ်လို့ ရပ်ကွက်နေသူတချို့ဆီကနေ သိရပါတယ်။

    “အိမ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့ အချိန်ဖြစ်သွားတာပေါ့။ သူ့ အမျိုးသားက အပြင်က ပြန်လာတော့ အိမ်က မှောင်မဲနေပြီး ဒီအမျိုးသမီး အသတ်ခံထားရမှန်းသိတာလို့ ရပ်ကွက်ထဲမှာ သိထားကြတယ်” လို့ ဗိုလ်တထောင်မြို့နယ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုအိမ်ပေါ်မှာ အသတ်ခံရတဲ့ဖြစ်ရပ်ကြောင့် လုံခြုံရေးစိုးရိမ်တဲ့စိတ်က အရင်ထက်ပိုလာတယ်လို့ ၄၁ လမ်းမှာ နေသူတစ်ဦးကလည်း ပြောပါတယ်။

    ဒီဖြစ်စဥ်ရဲ့တရားခံဘယ်သူဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ ရပ်ကွက်နေသူတွေ မသိရဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ညပိုင်းတုန်းကလည်း မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဟော့ပေါ့ဆိုင်ထဲကို လူတစ်စု ဝင်ရောက်ပြီး ဆိုင်ရှင်ကို ဓားနဲ့တိုက်ခိုက်တဲ့လုယက်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီး ဒဏ်ရာရတဲ့ဖြစ်စဉ်လည်းရှိခဲ့တဲ့အကြောင်း ကာယကံရှင်က လူမှုကွန်ရက်ပေါ် ရေးပါတယ်။

  8. နေပြည်တော်က ကားအငှား၀န်ဆောင်မှုပေးသူ အသတ်ခံရမှုမှာ ကျူးလွန်သူအဖြစ် ရဲ ၆ ဦးဖမ်းဆီးစစ်ဆေးခံရ

    နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာလမ်းပိုင်းမှာ ကားလုယက်ခံရပြီး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ရဲ ၁ ဦးကို သံသယတရားခံအဖြစ် ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ ရဲ ၁ ဦးနဲ့ အတူရှိနေခဲ့တဲ့ ရဲ ၅ ဦးကိုလည်း ကနဦးဖမ်းဆီးစစ်ဆေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

    ကိုဝင်းကိုဟာ စက်တင်ဘာ ၆ ရက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း ၂၇၉ မိုင်နဲ့ ၁ ဖာလုံအနီးမှာ သတ်ဖြတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရကာ သူ့ရဲ့ Hyundai Accent ကားကိုတော့ ကျူးလွန်သူတွေက ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    ကိုဝင်းကိုရဲ့ဖခင်ဟာ နိုင်ငံဖြတ်ကျော်မှုခင်းရဲတပ်ဖွဲ့မှာ ရဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

    ဖြစ်စဉ်ဖြစ်ပြီး သုံးရက်ခန့်အကြာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ကျူးလွန်သူတွေအဖြစ် ဖမ်းဆီးထားတာဖြစ်ပြီး သူတို့ကို ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ နေပြည်တော်အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    “ရဲမှူးရဲ့သားက တက္ကစီ အငှားဆရာပေါ့။ အခုကျူးလွန်တဲ့ရဲတွေက ငှားစီးတာ။ အခုမိတာ ရဲ ခြောက်ယောက်စလုံး မိတာ”လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါအပြင်အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သံသယတရားခံ ရဲ ၆ ဦးထဲမှာ ဒုရဲအုပ်အဆင့်ရှိသူတွေ ပါဝင်တယ်လို့ ပြောဆိုချက်တွေလည်းရှိနေပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ရေး အာဏာပိုင်တွေကို မေးဖို့ ကြိုးစားနေပါတယ်။

  9. မြောက်ကိုရီးယားနဲ့ ရုရှားတို့ ပထမဆုံး ကားလမ်းတံတားဖွင့်

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို ဖွင့်လှစ်လိုက်ပါတယ်။

    တူမန်မြစ်ကိုဖြတ်နိုင်မယ့်ဒီတံတားကြောင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် ကုန်စည်နဲ့ ခရီးသည်တွေ ပိုပြီး လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

    ပြုံယမ်းအစိုးရပိုင်သတင်းမီဒီယာကတော့ ဒီတံတားကို “အရပ်သားတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေး” အတွက် အသုံးပြုမှာလို့ပြောပါတယ်။

    ဒါပေမဲ့ ယူကရိန်း စုံစမ်းဖော်ထုတ်အဖွဲ့ Truth Hounds ကတော့ ဒီတံတားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ပံ့ဖို့ “လျှို့ဝှက် စစ်ဘက်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်တာ”လို့ ပြောပါတယ်။

    ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပြီး အခုလိုနှစ်နိုင်ငံချိတ်ဆက်တံတား ဖွင့်တဲ့အထိဖြစ်လာတာပါ။

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နိုင်ငံတစ်နိုင်ငံအပေါ် “ရန်လိုတိုက်ခိုက်မှု” ဖြစ်ပွားမယ်ဆိုရင် တစ်နိုင်ငံက အပြန်အလှန် ကူညီမယ်လို့ ကတိပြုထားခဲ့ကြတာဖြစ်ပါတယ်။

    ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုတင်ကတော့ အခု ဖွင့်လိုက်တဲ့တံတားဟာ “ချစ်ကြည်ရေးသင်္ကေတအသစ်”လို့ ပြောပြီး မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်ထေးဆောင်ကလည်း “သမိုင်းဝင် ဖြစ်ရပ်” လို့ ပြောထားပါတယ်။

    ရုရှားအစိုးရပိုင် TASS သတင်းဌာနကတော့ ဒီတံတားကနေ နေ့စဉ် ယာဉ်အစီးရေ ၃၀၀ နဲ့ လူဦးရေ ၂,၃၂၃ ဦးအထိ ဖြတ်သန်းနိုင်မယ်လို့ ဆိုပါတယ်။

    ဒီနှစ် မေလမှာ BBC က ကြည့်ရှုခဲ့တဲ့ဂြိုဟ်တုဓာတ်ပုံတွေအရ အရှည် တစ်ကီလိုမီတာရှိတဲ့ တံတားနဲ့အတူ ချဉ်းကပ်လမ်းအသစ်တွေ၊ နယ်စပ်စစ်ဆေးရေးဂိတ်၊ အထောက်အကူပြု အခြေခံအဆောက်အအုံနဲ့ ကားရပ်နားဖို့နေရာတွေကို တွေ့ရပါတယ်။

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ လေကြောင်းခရီးစဉ်တွေနဲ့ ရထားလမ်း ဆက်သွယ်မှုတွေပဲ ရှိနေပေမဲ့ ကားလမ်းချိတ်ဆက်မှုလို့ပြောရင် အထူးအစီအစဉ်အဖြစ် ရထားတံတားပေါ်မှာ သစ်သားပြားတွေ တင်ပြီး ကားတွေကို ဖြတ်စေတဲ့ ယာယီလမ်းဖေါ်တာမျိုးသာရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးပါတယ်။

    ရုရှား၀န်ကြီးချုပ်တော့ အခုတံတားဟာ “ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်စေရန် အားကောင်းတဲ့တွန်းအားတစ်ရပ် ဖြစ်စေလိမ့်မယ်”လို့ ပြောပါတယ်။

    ဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုချိတ်ဆက်မှုကနေတဆင့် မိန့်ခွန်းပြောကြားရာမှာလည်း သူက မော်စကိုနဲ့ ပြုံယမ်းကြား ဆက်ဆံရေးဟာ “မကြုံစဖူး မြင့်မားတဲ့အဆင့်”မှာ ရှိနေတယ်လို့ ဆိုပါတယ်။

    တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ရဲ့ သုတေသီတွေကတော့ မြောက်ကိုရီးယားဟာ သင်္ဘောတွေကို အသုံးပြုပြီး ဒေါ်လာ ၇ ဘီလျံကနေ ၁၄ ဘီလျံကြား တန်ဖိုးရှိတဲ့ဒုံးကျည်တွေ၊ မစ်ဆိုင်းတွေနဲ့ အမြောက်ကျည်တွေကို ရုရှားကို လွှဲပြောင်းပေးခဲ့ပြီးပြီလို့ ခန့်မှန်းပါတယ်။

    တစ်ချိန်တည်းမှာပဲ ယူကရိန်းနဲ့ဖြစ်တဲ့ ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယားဟာ တပ်ဖွဲ့ဝင် ၁၁,၀၀၀ ခန့် လက်ရှိတွင် ရုရှားနိုင်ငံအတွင်းရောက်နေပြီး ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ ခန့်မှန်းထားပါတယ်။

  10. ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအမတ် ၂ ဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရ

    တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြည်သူ့ပါတီအမတ် ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာပါတယ်။

    စက်တင်ဘာ ၇ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်အရ ဒီအမတ်တွေနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဦးဝင်းကြူနဲ့ ဒေါ်မြမြစိမ်းတို့ နေရာရလာတာပါ။

    မြိတ်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် ၁ အဖြစ် ရွေးကောက်ခံရတဲ့ဦးခိုင်ဦးကို သူ့ရဲ့ပြိုင်ဘက် USDP ပါတီက ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်ခဲ့ပါတာပါ။

    ဒီကန့်ကွက်လွှာကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် ဦးခိုင်ဦးကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဟာ ဥပဒေအရ ပျက်ပြယ်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က)အရ ဦးဝင်းကြူက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကော်မရှင်က ဆုံးဖြတ်လိုက်တာပါ။

    ဦးခိုင်ဦးဟာ ၂၀၂၅ ရွေး‌ကောက်ပွဲမှာ ပြည်သူ့ပါတီက တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်ဖြစ်ပါတယ်။

    ဦးခိုင်ဦးရရှိတဲ့မဲရလဒ်ကို နုတ်ပယ်ပြီး ကျန်တဲ့ ခိုင်လုံမဲတွေကို ပြန်လည်တွက်ချက်ရာမှာလည်း လောင်းလုံမြို့နယ်က ပြည်သူ့ပါတီအမတ် ဦးတင်စိုးဟာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

    ဦးတင်စိုးနေရာမှာ USDP က ဒေါ်မြမြစိမ်းက နေရာရလာတာကို ရွေးကောက်ပွဲကော်မရှင် ကြေညာချက်မှာ တွေ့ရပါတယ်။

  11. ရိုဟင်ဂျာအရေးကို ဦးမင်းအောင်လှိုင်နဲ့ ဆွေးနွေးထားတယ်လို့ ဆာဆာကာဝါပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအရေးကို မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ဆွေးနွေးထားတယ်လို့ဆိုပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုရှီ ဆာဆာ ကာ၀ါက ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ပြောထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းထုတ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် တာရစ် ရာမန်နဲ့ ဒေါက်တာ ဆာဆာကာ၀ါတို့ ဒါကာမြို့မှာ စက်တင်ဘာလ ၅ ရက်တုန်းက တွေ့ဆုံပြီး ရိုဟင်ဂျာအကြောင်းဆွေးနွေးချိန် ဆာဆာကာ၀ါက အခုလိုပြောခဲ့တာလို့ ဆိုပါတယ်။

    ဒေါက်တာ ဆာဆာကာ၀ါဟာ မြန်မာအမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရအထူးသံတမန်လည်း ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး မြန်မာဘက်ကို တိုက်တွန်းဖို့ ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ဆာဆာကာ၀ါဘက်က အခုလိုတုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

    ဒေါက်တာ ဆာဆာကာ၀ါကတော့ မြန်မာဟာ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းလိုစိတ်ရှိပေမဲ့ ဒါပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဥ်ဟာ လက်ရှိရခိုင်ပြည်နယ်ထဲက ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့် အချိန်ယူရနိုင်တယ်ဆိုတာကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်ကတော့ ဘင်္ဂလားဒေ့ရှ်ဟာ မူလကတည်းက လူဦးရေထူထပ်တဲ့နိုင်ငံဖြစ်တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြည်တွင်းမှာ အချိန်တစ်ခုအထိ လက်ခံထားရပြီးဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေး၊ အခြေခံအဆောက်အဦနဲ့ စီမံမှုတစ်စုံလုံးမှာ ရိုက်ခတ်မှုရှိနေတဲ့အကြောင်းကိုလည်း ဒေါက်တာ ဆာဆာကာ၀ါကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

    မြေပြင်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ အများဆုံးထွက်ပြေးခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်က ၂၀၁၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဥ်အောက်မှာ ရိုဟင်ဂျာ သိန်းချီဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

    ကုလသမဂ္ဂကတော့ အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ရိုဟင်ဂျာ စုစုပေါင်း ၇ သိန်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့နှစ်ပတ်လည်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့မှာ ၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။

    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်ပါတယ်။

  12. မြန်မာ့အခြေအနေတစုံလုံး လုံခြုံရေးကောင်စီကတဆင့် ICC လွှဲဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ စက်တင်ဘာ ၇ ရက်တုန်းက ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ သူက အခုလို တိုက်တွန်းလိုက်တာပါ။

    ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ဖို့ အသုံးချနိုင်တဲ့ လက်နက်၊ ခဲယမ်းမီးကျောက်၊ လေယာဉ်ဆီနဲ့ အရပ်ဘက်/စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်တာကို ရပ်တန့်ဖို့ ပြောပါတယ်။

    မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာကိစ္စရပ်ဖြစ်တယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ အတည်ပြုချက်အရ အစီရင်ခံကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းအဖြစ် ဆက်ရှိနေပြီး စစ်တပ်ဟာ တိုက်ခိုက်တွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ တောင်းဆိုချက်တွေကို လျစ်လျူရှုထားတယ်ဆိုတဲ့သက်သေပဲလို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။

    ကုလလူ့အခွင့်အရေးအစည်းအဝေးမှာ မြန်မာက စစ်မှုထမ်းခေါ်ယူမှုတွေ၊ ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ မူးယစ်ဆေးဝါး၊ ငွေလိမ်လုပ်ငန်း၊ တရားမဝင်သတ္တုတူးဖော်မှုတွေကိုပါ မဟာမင်းကြီးက တင်ပြသွားပါတယ်။

    အာဏာသိမ်းပြီးကတည်းက မြေရှားတူးဖော်မှုဟာ ၁၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး လေထုညစ်ညမ်းမှုအပြင် ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်စလုံးက မြစ်တွေကို ညစ်ညမ်းစေခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီလိုသတ္တုတွင်းလုပ်ငန်းတွေမှာ လုပ်အားခေါင်းပုံဖြတ်မှုတွေလည်းရှိနေတယ်လို့ သူက ဆိုပါတယ်။

    အထူးသဖြင့် အမျိုးသမီးတွေကို အသက်ဘေးအန္တရာယ်တွေ၊ လုပ်ငန်းခွင် အလွဲသုံးစားပြုတွေ စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြုံရစေတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပြောပါတယ်။ ဒါကြောင့်မြန်မာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ICC လွှဲပြောင်းဖို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

  13. မင်္ဂလာပါ။ စက်တင်ဘာ ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။