ရွှေကူကနေ ဗန်းမော်ကိုတက်တဲ့ စစ်တပ်သင်္ဘောတွေ ဆက်တိုက်ဖျက်ဆီးခံရ
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကို ဆန်တက်လာတဲ့ စစ်တပ် သင်္ဘာတွဲတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ မြုပ်သွားတဲ့သင်္ဘော ၅ စင်းအထိရှိနေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ရွှေကူအထက် မြစ်ကျဉ်းမှာ သုံး စင်း၊ စဉ်းခမ်း တံတားအောက်မှာ သံခွံ တစ်စင်းအပါအဝင် တိုက်ခိုက်မှုအတွင်း သင်္ဘောမှောက်တာတွေ ရှိတာကြောင့် တော်လှန်ရေးတပ်တွေဘက်က နှစ်မြှုပ် ဖျက်ဆီးထားနိုင်တဲ့ သင်္ဘော ၅ စင်းအထိ ရှိလာတာလို့ ကချင်ပြည်နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မြစ်ကျဉ်းထဲမှာ သုံးစီးက စစ်သင်္ဘော ပါတယ်။ စဉ်းခမ်းတံတားအောက်ဘက်မှာ သံခွံအကြီးကြီး မီးလောင်တာ မငြှိမ်းနိုင်လို့ ကမ်းကပ်တော့ ခြေလျင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ လက်ရ ဖမ်းဆီးရ မိတဲ့ စစ်သားတွေလည်း များတယ်” လို့ သူက ဆက်ပြောပါတယ်။
စဉ်းခမ်း တံတားအကျော် နတ်ခုတ်နဲ့ ဘူးတောင်းရွာကြားက မြစ်ဘေးမှာ သောင်တင်နေတဲ့ စစ်တပ်ရဲ့ သင်္ဘောတွေလည်းရှိနေပြီး ဒီနေ့ နေ့လယ်ပိုင်းမှာပဲ အဲဒီသင်္ဘောတွေ မီးလောင်ပေါက်ကွဲနေတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့်မှာ စစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်နိုင်ခဲ့ပြီး တစ်စင်းမီးလောင်ကျွမ်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဖျက်ဆီးတိုက်ခိုက်နိုင်တဲ့ စစ်သင်္ဘောအရေအတွက်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။
"ရွှေကူနဲ့ စဉ်းခမ်းတံတားမှာ အပြင်းထန်ဆုံးပဲ။ အလံဖြူထောင်ပြီး လက်နက်ချတယ်လို့ သတင်းကြားပေမဲ့ ကျွန်တော်အဲဒါကို အတည်ပြုဖို့ကြိုးစားနေဆဲပါ" လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေပြီး ဒီနေ့ မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာ ၈ စီး၊ Y 12 လေယာဉ် ၂ စီးအပြင် ကင်းထောက်လေယာဉ်တွေကိုပါ သုံးပြီး ၂၅ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PDF အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ရွှေကူနဲ့ ဗန်းမော်ကြားက တိုက်ပွဲ အခြေအနေကို ရေးသားကြတာ မရှိသေးပါဘူး။
စစ်တပ်ဟာ ဗန်းမော်စစ်မျက်နှာကို အင်အားဖြည့်ဖို့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာကနေ ဧရာဝတီမြစ်တကြော စစ်သင်္ဘောတွေနဲ့ အထက်ဘက်ကို သြဂုတ်လ နောက်ဆုံးသီတင်းပတ်ကတည်းက ကြိုးပမ်းနေပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့တွေကလည်း ကုန်းလမ်းအပြင် ရေလမ်းမှာလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။