ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , နယ်စပ်တိုက်ပွဲထိုင်းသတိပေးချက်ကြားက ထိုင်းဘက် လက်နက်ကြီးကျည်ထပ်ကျ

မြန်မာဘက်တိုက်ပွဲကနေ မဲဆောက်မြို့နယ်၊ မဲ့ကိုးကင်းရွာထဲကို RPG ဗုံးသီးထပ်မံကျရောက်လို့ ထိုင်းကမီးကျည်ပစ်ခတ်သတိပေးတဲ့ သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၅ ရွာထက်မနည်းကို လေကြောင်းတိုက်ခိုက်လို့ သေဆုံးသူ ဒါဇင်ဝက်ကျော်ရှိ
  • တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ Stakeholder အစည်းအဝေးကို ဘန်ကောက်မှာ လုပ်ခဲ့
  • လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ICJ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။
  • မြဝတီမြို့နယ် မင်းလက်ပံရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်
  • KNU နဲ့ မြန်မာစစ်တပ် နှစ်ဖက်စလုံးကတော့ ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ဆောင်ကြောင်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ် ဗုံးကြဲလို့ သေဆုံးသူ ၈ ဦးအထိ ရှိလာ

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၅ ရွာထက်မနည်းကို မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ မြန်မာစစ်တပ်က ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာအပြင် လက်နက်ကြီးတို့နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးတဲ့အရပ်သား ၈ ဦးအထိ ရှိလာပြီလို့ မြို့နယ်လူသားစာနာအဖွဲ့ဆီကနေ သိရပါတယ်။

    ပုဂံညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ မနေ့ နေ့လယ်ပိုင်းမှာ ကျောက်ခွက်နဲ့ လယ်လန်းရွာတို့က သေဆုံးသူ ၇ ဦးရှိခဲ့ပြီး မနေ့ညပိုင်းမှာ ကျောက်ခွက်ရွာက အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

    သေဆုံးသူတွေထဲ လယ်လန်ရွာက အသက် ၉၀ အရွယ် မျက်စိမမြင်ရတဲ့ အဘွားတစ်ဦးလည်း ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပေါက်မြို့နယ် လူသားစာနာဌာနက ပြောပါတယ်။

    “စစ်ကြောင်းမထိုးပါဘူး။ လေကြောင်းကင်းထောက်တွေ ရှုပ်နေတာပါ။ အခုက မိုးကရွာ၊ စစ်တပ်ဒရုန်းတွေလည်း ဝဲနေတော့ သေဆုံးသူအသက်အရွယ်တွေက အတည်ပြုဖို့တော့ အခက်အခဲရှိနေတယ်” လို့ ပေါက်မြို့နယ်လူသားစာနာအဖွဲ့တာဝန်ခံက ပြောပါတယ်။

    ဒါအပြင် ထိခိုက်ဒဏ်ရာရသူလည်း ၁၄ ဦးရှိပြီး ဒဏ်ရာစိုးရိမ်ရသူတွေလည်း ရှိနေပါတယ်။

    ပေါက်မြို့နယ်ဟာ ပခုက္ကူခရိုင်မှာတည်ရှိပြီး ၂၀၂၆ နှစ်လယ်ကစလို့ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့ တွေကြား စစ်ရေးတင်းမာနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်တုန်းကပဲ တော်လှန်ရေးအစုအဖွဲ့ဖြစ်တဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်ကြောင်း ၁၃ က ယာယီဒုတိယစစ်ကြောင်းမှူးနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ စစ်ရေးရင်းမြစ်ဆီက သိရပါတယ်။

    “ပူးပေါင်းသွားတာ ဟုတ်တယ်။ သူက စစ်ကြောင်းမှူး မဟုတ်ဘူး။ တပ်စုမှူးပါ၊ အခြေအနေအရ ဒုစစ်ကြောင်းမှူးအနေနဲ့ ယာယီခန့်ထားသူပါ” လို့ မကွေး PDF စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

    အခုပခုက္ကူခရိုင်ထဲ ပေါက်မြို့နယ်မှာ လေကြောင်းနဲ့ ကင်းထောက်မှု ပိုများလာတာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ PDF တပ်ဖွဲ့ဝင်တွေ စစ်တပ်နဲ့ ပူးပေါင်းသွားတာနဲ့ဆက်စပ်လားဆိုတာကိုတော့ ဘီဘီစီက သီးခြားအတည် မပြုနိုင်သေးပါဘူး။

    ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

  2. SCEF ရဲ့အသွင်ကူးပြောင်းရေးမူဘောင်ကို သံတမန်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေ ဘန်ကောက်မှာဆွေးနွေး

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ Stakeholder အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာ နောက်ဆုံးပတ်က ၂ ရက်တာ ပြုလုပ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်ဆီကနေ ဘီဘီစီက သိရှိရပါတယ်။

    အဲဒီမှာ နိုင်ငံရေးအသွင်ကူးပြောင်းရေး မူဘောင်တစ်ရပ်ကို နိုင်ငံတကာသံတမန်ကိုယ်စားလှယ်တချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    အဲဒီအစည်းအဝေးမှာ KNU၊ KNPP၊ CNF၊ CRPH၊ NUG၊ ABSDF၊ PNLO၊ PNFC၊ NMSP-AD နဲ့ အခြားတော်လှန်ရေးအင်အားစုတွေအပါအဝင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ရခိုင်အမျိုးသားအဖွဲ့ချုပ် (AA) ကိုလည်း ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်ခဲ့တာမရှိဘူးလို့ သိရှိရပါတယ်။

    နယူးဇီလန်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ အီတလီ၊ ပြင်သစ်၊ နော်ဝေ၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပြီး တချို့ကိုယ်စားလှယ်တွေက အွန်လိုင်းကနေ တက်ရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    အစည်းအဝေးမှာ SCEF ရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးမူဘောင်အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့သဘောထားအမြင်တွေ ရယူဖို့နဲ့ ခေါင်းဆောင်တွေကြား သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ တိုးမြှင့်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    SCEF က တင်ပြတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးမူဘောင်မှာ အဆင့်ငါးဆင့် ပါဝင်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးပြီး လူသားချင်းစာနာမှုအကူအညီပေးရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ သဘောတူညီချက်တွေ ရယူရေး၊ သဘောတူညီထားတဲ့ မူဘောင်ကို အကောင်အထည်ဖော်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

    ဆွေးနွေးပွဲမှာ သံတမန်ကိုယ်စားလှယ်တွေဘက်က နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် အစီအမံတွေ၊ သဘာဝသယံဇာတနဲ့ စီးပွားရေးဆိုင်ရာ အစီအမံတွေ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ စစ်တပ်အနေနဲ့ ကြိုတင်သတ်မှတ်ချက်တွေကို လက်ခံနိုင်ခြေရှိ၊ မရှိနဲ့ နိုင်ငံတကာစည်းရုံးရေးလုပ်ငန်းတွေ တိုးမြှင့်ဖို့ ကိစ္စတွေကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    သံတမန်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေထဲမှာ အင်ဒိုနီးရှားက မူဘောင်ကို ထောက်ခံကူညီသွားမယ်လို့ ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်ပေးအပ်ဖို့နဲ့ SCEF နဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

    အမေရိကန်ဘက်ကတော့ မြန်မာ့တော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှုမရှိကြောင်းနဲ့ မူဘောင်အမျိုးမျိုးရှိနေတဲ့အထဲမှာ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် မူဘောင်ကို ဦးစားပေးမယ်လို့ ပြောကြားခဲ့ကြောင်း အစည်းအဝေးအခြေအနေကို သိရှိသူ သတင်းရင်းမြစ်ကပြောပါတယ်။

    အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့တဲ့ ကြိုတင်သတ်မှတ်ချက်တွေ (Pre-conditions) ထဲမှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးတာအပါအဝင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အဓမ္မစစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှု ရပ်ဆိုင်းဖို့တို့ ပါဝင်ပါတယ်။

    ဒါ့အပြင် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာဖို့နဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်တစ်ရပ်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆောင်ရွက်ဖို့လည်း ထည့်ထားကြပါတယ်။

    SCEF အဖွဲ့ဝင်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ သံတမန်ကိုယ်စားလှယ်တချို့ ဘန်ကောက်မှာ တွေ့ဆုံကြတာ အခုတကြိမ်က ဒုတိယအကြိမ်လို့ နားလည်ရပါတယ်။

    ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ NUG အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ မနက်ပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

  3. မြန်မာအပေါ် စွဲဆိုထားတဲ့ ICJ အမှု နိုဝင်ဘာ ၁၉ ရက် စီရင်ချက်ချမယ်

    ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချမယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်ပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    အဲဒီဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း‌တွေက ‌ပြောထားပါတယ်။

    အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ICJ မှာ အမှုစွဲဆိုခဲ့တာပါ။

    ဒီအမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုတာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာမှာ တာဝန်ရှိ၊ မရှိကို ဥပဒေအရ ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတဲ့အမှု ဖြစ်ပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW ရဲ့ အကြီးတန်း နိုင်ငံတကာတရားမျှတမှုဆိုင်ရာ အကြံပေး မာရီယာ အယ်လီနာ ဗီညိုလီက ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခိုက်အတန့်ဖြစ်လာမယ်လို့ ပြောပါတယ်။

    ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို ထောက်ခံကူညီဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ဖို့နဲ့ သူတို့ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပါတယ်။

    နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ICJ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။

  4. နယ်စပ်တိုက်ပွဲထိုင်းသတိပေးချက်ကြားက ထိုင်း မဲဆောက်ဘက်ခြမ်းကို လက်နက်ကြီးကျည်ထပ်ကျ

    ကရင်ပြည်နယ် နယ်စပ်တစ်လျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် မြန်မာစစ်တပ်အာဏာပိုင်တွေကို ထိုင်းဘက်က သတိပေး အာရုံစိုက်နေချိန်မှာပဲ မနေ့ နိုဝင်ဘာ ၃ ရက် ညပိုင်း က ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကိုးကင်းရွာထဲကို RPG ဗုံးသီးတစ်လုံး ထပ်မံကျရောက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတချို့က ပြောပါတယ်။

    မနေ့ညနေ ၆ နာရီဝန်းကျင်ကစပြီး မြဝတီမြို့နယ် မင်းလက်ပံရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ထိုင်းဘက်ကို RPG ဗုံးသီးကျရောက်ခဲ့တဲ့နောက် ထိုင်းစစ်တပ်က မီးကျည်တွေနဲ့ သတိပေးပစ်ခတ်ခဲ့တယ်လို့ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

    အဲဒီနောက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတယ်လို့ သူက ဆိုပါတယ်။

    “မဲ့ကိုးကင်းရွာ ရပ်ကွက် ၉ ထဲကို ကျည်အလုံးလိုက်ကျတာပါ။ ပေါက်တော့ မပေါက်သွားဘူး။ အခု ထိုင်းဘက်က စက်ယန္တရားတွေရော အကုန်ပို့ပြီး လုံခြုံရေး ပိုတင်းကျပ်ထားပြီ” လို့ သူက ပြောပါတယ်။

    အောက်တိုဘာလကုန်ပိုင်းကစပြီး နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

    အောက်တိုဘာ ၂၉ ရက်ကလည်း ထိုင်းဘက်ခြမ်းကို ဗုံးသီးကျရောက်ခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်က သံလွင်မြစ်ဘေးရှိ KNU/KNLA ထိန်းချုပ်ထားတဲ့ သော်လဲထာ (မယ်ရာထာ) စခန်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မဲ့စန်လက်ရွာက လူနေအိမ်တွေနဲ့ အစိုးရအဆောက်အအုံတချို့ ပျက်စီးခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး သတိပေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။

    မြန်မာစစ်တပ်ကတော့ အောက်တိုဘာ ၂၉ ရက် ဖြစ်စဉ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA အပါအဝင် CRPH၊ NUG နဲ့ PDF တို့က ထိုင်း-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်တယ်လို့ မနေ့ညပိုင်းမှာ စွပ်စွဲထုတ်ပြန်ထားပါတယ်။

    ထိုင်းဘက်ကို ကျရောက်ခဲ့တဲ့ ကျည်ဟာ ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးနဲ့ မပစ်သလို အဲဒီလက်နက်အမျိုးအစားကိုမသုံးကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မနေ့ညမှာပဲ KNU ဘက်ကလည်း နယ်စပ်လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အောက်တိုဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်ကို မြန်မာစစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အောက်တိုဘာ ၂၅၊ ၂၇ နဲ့ ၃၁ ရက်တွေမှာ ထိုင်း-ကရင်နယ်စပ် သံလွင်မြစ်ဘေးရှိ မယ်နူထာ၊ ရာထာနဲ့ သော်လဲထာ (မယ်ရာထာ) စတဲ့ မြစ်ကူးဆိပ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ နယ်စပ်မှာ နေထိုင်တဲ့ လူဦးရေ သိန်းနဲ့ချီရဲ့ အသက်ရှင်နေထိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ KNU က ပြောပါတယ်။ KNU နဲ့ မြန်မာစစ်တပ် နှစ်ဖက်စလုံးကတော့ ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ဆောင်ကြောင်း အသီးသီး တုံ့ပြန်ထားကြပါတယ်။

  5. မင်္ဂလာပါ။

    နိုဝင်ဘာ ၄ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။