ထိုင်းရောက်မြန်မာအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများဆုံးကြုံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားအဖြစ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ၆၃၉ ယောက်ကို ကောက်ယူထားတဲ့စစ်တမ်းအရ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတာ ၅၄.၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေအပေါ် အိမ်ထောင်ဖက်၊ လက်တွဲဖော်က ကျူးလွန်တဲ့ အကြမ်းဖက်မှု (IPV) နဲ့ပတ်သက်လို့ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်ကနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စည်းမျဉ်းတွေနဲ့အညီ ကောက်ယူထားတဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရသူ ၁၉၁ ယောက်ခန့်ရှိပြီး ၂၉.၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတာကတော့ ၁၀၈ ယောက်နဲ့ ၁၆.၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။
ဒါအပြင် စိတ်ပိုင်းဆိုင်ရာရော ကိုယ်ထိလက်ရောက်ပါ နှစ်မျိုးစလုံးကျူးလွန်ခံရသူက ၁၅ ရာခိုင်နှုန်းရှိပြီး ပုံစံသုံးမျိုးစလုံးနဲ့ကျူးလွန်ခံရသူက ၁၁ ရာခိုင်နှုန်းအထိရှိတယ်လို့ သုတေသနပြုလုပ်သူ ကိုဉာဏ်လင်းက ဘီဘီစီကို ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအနေနဲ့လည်း အတင်းအကျပ်လိင်ဆက်ဆံခံရမှု၊ ကြောက်ရွံ့မှုကြောင့် မလိုလားဘဲ လိင်ဆက်ဆံရမှု စတာတွေ ရှိပါတယ်။ အကြိမ်ရေကိုလည်း ၁-၂ ကြိမ်၊ ၃-၅ ကြိမ်နဲ့ ၅ ကြိမ်ထက်ပိုပြီး ဖြစ်ခဲ့တာကို တွေ့ရပါတယ်” လို့ ပါရဂူဘွဲ့ ကျမ်းကြီးစာတမ်း ပြုစုခဲ့တဲ့ ကိုဉာဏ်လင်းက ဆက်ပြောပါတယ်။
ကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ လူမှုစီးပွားအခြေအနေ၊ စီးပွားရေးမပြေလည်မှုတွေကြောင့် ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ၊ လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေနဲ့ မိသားစုအခြေအနေတွေကြောင့် ဒီအခြေအနေတွေကနေ လွတ်ဖို့ ခက်ခဲတယ်လို့ ဖြေဆိုထားကြပါတယ်။
ဒီသုတေသနကို ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်မှုများတဲ့ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချင်းရိုင်၊ တာ့ခ်နဲ့ ဆူရတ်ဌာနီတို့မှာရှိတဲ့ အမျိုးသမီးတွေဆီ အချက်အလက်ကောက်ယူခဲ့တာပါ။
စစ်တမ်းကို ၂၀၂၅ ခုနှစ်မှာ အွန်လိုင်းမှာထုတ်ဝေခဲ့ပြီး အခုနှစ် အောက်တိုဘာမှာတော့ တရားဝင်စာတမ်းထုတ်ပြန်တဲ့အခမ်းအနားကို ဘန်ကောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။
ဒါဟာ ရွှေ့ပြောင်းမြန်မာအမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် အစီအစဉ်တွေ ပိုပြီးထိရောက်အောင်ပြင်ဆင်နိုင်ဖို့၊ ပိုပြီးလုံခြုံစိတ်ချရတဲ့ ပံ့ပိုးပေးမှုတွေ လုပ်နိုင်ဖို့အတွက် စစ်တမ်းကောက်ခံခဲ့တာလို့ သိရပါတယ်။





