ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အိန္ဒိယဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်း မေးမြန်း

ဝန်ကြီးချုပ်မိုဒီက ဦးမင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်း မေးမြန်းခဲ့တယ်လို့ အိန္ဒိယပြော၊ ရှမ်းမြောက် နမ့်ခမ်းက ပေါက်ကွဲမှုမှာ သေဆုံးသူဆယ်ချီထဲ တရုတ်နိုင်ငံသားအချို့ပါဝင် စတဲ့သတင်းတွေအပါအဝင် ဇွန် ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မနေ့က ပေါက်ကွဲမှုကြောင့် သေဆုံးသူထဲ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၄၆ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေပြော
  • လန်ဒန်မြောက်ပိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း ရဲ့ လှည့်လည်အောင်ပွဲခံပွဲ ကို ပရိတ်သတ် သိန်းနဲ့ချီလာရောက်ဆင်နွှဲခဲ့ကြ
  • ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ကို လွှတ်ပေးဖို့ ဘန်ကောက်မှာ ဆန္ဒပြ
  • အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ ဒေလီမြို့မှာ တွေ့
  • မန္တလေး၊ ကသာကနေ မြစ်ကြီးနားကို ဦးတည်တဲ့စစ်ကားအစီး ၂၀၀ ခန့်ပါယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဦးမင်းအောင်လှိုင် နဲ့ တွေ့ဆုံစဉ်မေးမြန်းခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၁ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာနဲ့ ဆက်တဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ

    ညီအစ်မ ခုနစ်ဖော်လို့ လူသိများတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းက ၇ ပြည်နယ်မှာ မြန်မာနိုင်ငံအနောက်မြောက်နဲ့ အနောက်ဘက် နယ်နိမိတ်တွေနဲ့ ထိစပ်နေတဲ့ ပြည်နယ်က ၅ ခုရှိတဲ့အပြင် ဒီပြည်နယ်တွေမှာ နေကြတဲ့ လူမျိုးစုတွေဟာလည်း မြန်မာပြည် အနောက်မြောက်ခြမ်းက မျိုးနွယ်စုတွေနဲ့ သွေးသားတော်စပ်သူတွေ ဖြစ်ကြပါတယ်။

    အရူနာချယ်ပရာဒက်ရှ်၊ အာသံ၊ နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်၊ တြိပူရနဲ့ မက်ဂါလယာပြည်နယ်တွေနဲ့ ၁၉၇၅ ကမှ အိန္ဒိယက သိမ်းယူခဲ့တဲ့ ဆစ်ကင်ပြည်နယ်ကို ပူးပေါင်းပြီး အိန္ဒိယ အရှေ့မြောက်လို့ ခေါ်တွင်ပါတယ်။ ဒီပြည်နယ်တွေမှာ နေကြတဲ့ ဂျိန်းဖော၊ တိုင်းခမ်းတီ၊ အာသံ၊ နာဂ၊ ကသည်း၊ မီဇို၊ ကူကီး၊ ဘင်္ဂါလီ၊ တြိပူရ၊ ရခိုင်၊ သက် နဲ့ ခါစီ စတဲ့ မျိုးနွယ်တွေဟာ ဟိမဝန္တာတောင်တန်းရဲ့ အရှေ့ဖျားကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ရေ၀ေရေလဲ တောင်တန်း လွင်ပြင်တွေမှာ နေထိုင်ကြပါတယ်။ ဒီနယ်မြေကနေ ဗြဟ္မပုတြမြစ် မြစ်ဖျားခံစီးဆင်းလာသလို ဒီတောင်တန်းတွေရဲ့ အရှေ့ဘက် လွင်ပြင်တွေမှာလည်း ချင်းတွင်း၊ ဧရာဝတီနဲ့ သံလွင်မြစ်တွေ မြစ်ဖျားခံ စီးဆင်းကြပါတယ်။

    ၂၀၂၃ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  3. ကင်ဂျုံအွန်းက သူ့မိခင်အကြောင်းကို ဘာကြောင့် မပြောတာလဲ

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ပတ်သက်တဲ့လျှို့ဝှက်ချက်တွေ များစွာရှိတဲ့အထဲမှာ သူ့မိခင်အကြောင်းကို ဖုံးကွယ်ထားမှုက အထူးစိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူ အာဏာရလာတဲ့ ၁၅ နှစ်တာအတွင်း ကင်ဂျုံအွန်းဟာ သူ့မိခင်ရဲ့အမည်ကို လူသိရှင်ကြား တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

    မြောက်ကိုရီးယားရဲ့ မျိုးရိုးဆက်ခံ အာဏာရှင်စနစ်ဟာ "ပက်တူတောင် မျိုးရိုး" (Mount Paektu lineage) လို့ခေါ်တဲ့အယူအဆပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

    ပက်တူတောင်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ဒဏ္ဍာရီထဲမှာ ကိုရီးယားလူမျိုးတွေ ပေါ်ပေါက်လာရာ မွေးရပ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာပါ။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့ ဂျပန်ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြောက်ကျားတော်လှန်ရေး လှုပ်ရှားမှုတွေ စတင်ဆင်နွှဲခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

    ကင်ဂျုံအွန်းရဲ့အဘိုးနဲ့ အဖေတွေရဲ့မိခင်တွေဟာ ကြီးမြတ်တဲ့နေရာတွေ ရခဲ့ကြပါတယ်။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့မိခင် ကန်ပန်ဆော့နဲ့ ကင်ဂျုံအီရဲ့ မိခင် ကင်ဂျုံဆုခ်တို့ဟာ "ကိုရီးယားရဲ့ မိခင်များ" အဖြစ် ဂုဏ်ပြုချီးမြှောက်ခံခဲ့ရပေမယ့် ကိုယုံဟွီကတော့ လူသိနည်းတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ရှိနေပြီး သူ့နာမည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့နေရာ ဒါမှမဟုတ် အဆောက်အဦလည်း မရှိပါဘူး။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  4. ကုလားတန်စီမံကိန်းနဲ့ သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းတွေ ပြီးအောင်ကြိုးပမ်းမယ်လို့ ဦးမင်းအောင်လှိုင်ပြော - အိန္ဒိယနိုင်ငံခြားရေး

    အိန္ဒိယအရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ ရခိုင်ကို ဆက်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနဲ့ အိန္ဒိယ- မြန်မာ- ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းတွေကို ပြီးအောင်ကြိုးပမ်းမယ်လို့ ဦးမင်းအောင်လှိုင်က အာမခံသွားတဲ့အကြောင်း အိန္ဒိယဘက်က ထုတ်ပြောလာပါတယ်။

    ဒီနေ့ ဒေလီမှာ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေးမှုအပြီး အထူးသတင်းစာရှင်းလင်းပွဲပြုလုပ်ချိန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ခရမ် မစ်ဆရီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ဒီစီမံကိန်းကြီး ၂ ခုစလုံးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီက ဦးမင်းအောင်လှိုင်ကို ဆွေးနွေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    ''လက်ရှိမှာ ဒီစီမံကိန်း နှစ်ခုစလုံးအတွက် ကြုံနေရတဲ့အဟန့်အတားဟာ မြန်မာမှာဖြစ်နေတဲ့ လုံခြုံရေးကိစ္စဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းက အဝေးပြေးလမ်းမ အပိုင်းဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေပါတယ်။ သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမ လမ်းပိုင်းဆိုရင်လည်း PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားပြီး မြန်မာစစ်တပ်နဲ့ တိုက်တာခိုက်တာတွေ ဆက်ဖြစ်နေတယ်။ ဒီတော့ ဒီအခြေအနေတွေဟာ စီမံကိန်းပြီးစီးချိန်ကို သက်ရောက်မှုရှိနေတယ်။ ဒါကိုလည်း ဝန်ကြီးချုပ်ဘက်က ဆွေးနွေးခဲ့တာရှိပါတယ်'' လို့ သူက ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ ဒီစီမံကိန်းတွေ ဆက်လုပ်နိုင်ဖို့ မြန်မာဘက်က လုပ်နိုင်တာမှန်သမျှလုပ်သွားမယ်လို့ဆိုပြီး အိန္ဒိယဝန်ကြီးချုပ်ကို အာမခံသွားတယ်လို့လည်း သူက ဆိုပါတယ်။

    ကုလားတန်မြစ်ဘက်ဆုံသုံးစီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် - ရခိုင်ပြည်နယ်၊ စစ်တွေမြို့အထိ ကုန်းရေ နှစ်သွယ် ချိတ်ဆက်တဲ့စီမံကိန်းဖြစ်ပါတယ်။ အဲဒီကနေ အိန္ဒိယသမုဒ္ဒရာအထိ ရေလမ်းပေါက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

    အဲဒီစီမံကိန်းထဲ ပါဝင်တဲ့ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပါတယ်။

    နောက် အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ စစ်ကိုင်းတိုင်းထဲက တမူးမြို့နဲ့ ကလေးမြို့ကနေတဆင့် မြင်းမူ - မန္တလေး - မိတ္ထီလာ - နေပြည်တော် - ဘားအံ -မြဝတီနဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆက်တဲ့လမ်းဖြစ်ပါတယ်။

    အဲဒီလမ်းပိုင်းက ကလေးဝ နဲ့ မုံရွာကြား လမ်းပိုင်းထဲ ပါဝင်တဲ့ ကလေးဝ - ယာကြီး လမ်းပိုင်းဟာ PDF စိုးမိုးနယ်မြေဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာနေပါတယ်။

    အိန္ဒိယဘက်ကတော့ ဒီလမ်းပိုင်းအခြေအနေကို ဦးမင်းအောင်လှိုင်ကို အဓိကထား ပြောဆိုခဲ့တယ်လို့ အစောပိုင်းမှာ ပြောပါတယ်။

    နေပြည်တော်ဘက်ကတော့ အိန္ဒိယဘက်က အခုပြောလာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

  5. အိန္ဒိယလုံခြုံရေးထိခိုက်စေမယ့်ကိစ္စ မြန်မာ့မြေမှာ ခွင့်မပြုဖို့ ဦးမင်းအောင်လှိုင် အာမခံ - အိန္ဒိယနိုင်ငံခြားရေး

    အိန္ဒိယရဲ့လုံခြုံရေး အကျိုးစီးပွားပျက်စီးစေမယ့်ကိစ္စရပ်တွေကို မြန်မာ့မြေကို အသုံးချ ပြုလုပ်တာမျိုး မြန်မာဘက်က ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို ဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အာမခံပြောသွားတယ်လို့ အိန္ဒိယဘက်က သတင်းထုတ်ပြန်ပါတယ်။

    နယူးဒေလီမြို့မှာ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဒီနေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုအပြီး အထူးသတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ခရမ် မစ်ဆရီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ''ဝန်ကြီးချုပ် မိုဒီဟာ မြန်မာရဲ့နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာ ခိုင်မြဲမှုကို အလေးပေးပြောသွားပါတယ်။ နှစ်ဖက်စလုံးကတော့ လုံခြုံရေးအကျိုးစီးပွားအပိုင်းမှာ နယ်မြေပိုင်ဆိုင်မှုကို တလွဲသုံးတဲ့ဖြစ်ရပ်တွေ မရှိရေး အရေးကြီးတဲ့အကြောင်း ထပ်လောင်းအတည်ပြုကြပါတယ်။ မြန်မာသမ္မတဘက်ကတော့ အိန္ဒိယ လုံခြုံရေးအကျိုးစီးပွားတွေနဲ့ဆန့်ကျင်တဲ့ကိစ္စရပ်တွေကို မြန်မာ့ပိုင်နက်မှာ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘူးဆိုပြီး ထပ်လောင်း အာမခံ ပြောဆိုသွားပါတယ်'' လို့ အတွင်းဝန်က ပြောပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လူမှုကွန်ရက်က သတင်းထုတ်ပြန်ချက်မှာတော့ ဦးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေအပါအဝင် နယ်စပ် စီမံခန့်ခွဲရေးတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပါတယ်။

  6. မြောက်ဥက္ကလာမှာ ဆရာမ ၁ ဦးနဲ့ ကျောင်းသား ၂ ဦး မိုးကြိုးထိမှန်

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ၊ အမှတ် ၇ အထက်တန်းကျောင်းမှာ ကုက္ကိုပင် တစ်ပင် မိုးကြိုး ပစ်ခံရချိန် အနီးနားမှာရှိနေတဲ့ ဆရာမတစ်ဦးနဲ့ မူလတန်းကျောင်းသား နှစ်ဦးလည်း မိုးကြိုးထိမှန်လို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ အကူအညီပေးခဲ့တဲ့အနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

    ဒီကနေ့ မွန်းလဲ ၂ နာရီခွဲလောက်မှာ ဖြစ်ခဲ့တာလို့လည်း သူကပြောပါတယ်။

    “ကျောင်းဆင်းချိန်မှာ ကုက္ကိုပင်ကို မိုးကြိုးပစ်တာ။ အဲဒီအချိန်မှာ အပင်အောက်မှာ ရပ်နေတဲ့ ဆရာမတစ်ယောက် နဲ့ ကလေးနှစ်ယောက်ကို ထိတာ” လို့ သူက ပြောပါတယ်။

    ဒီဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကတော့ မိုးကြိုးပစ်တဲ့အချိန်မှာ သစ်ပင်တစ်ခုလုံး ဖွာထွက်သွားခဲ့ပြီး ဒီအရှိုန်ကြောင့် အောက်မှာ မတ်တတ်ရပ်နေတဲ့ ဆရာမနဲ့ ကျောင်းသားနှစ်ဦးက လဲကျသွားခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

    ဆရာမဖြစ်သူနဲ့ ကျောင်းသားနှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ်၊ မေဒါဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အနှိုင်းမဲ့တိမ်ပန်းချီပရဟိတအသင်းဆီကနေ သိရပါတယ်။

    ထိခိုက်ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ အဲဒီအသင်းတာဝန်ရှိသူက ပြောပါတယ်။

  7. သတင်းထူး, ဒေါ်အောင်ဆန်းစုကြည်အကြောင်း အိန္ဒိယဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို မေးမြန်း

    ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဦးမင်းအောင်လှိုင်ကို မေးမြန်းခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ခရမ် မစ်ဆရီက ပြောပါတယ်။

    ဒီကနေ့ ဦးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံမှုအပြီး အထူးသတင်းစာရှင်းလင်းပွဲပြုလုပ်ချိန် သတင်းထောက်တွေရဲ့မေးခွန်းကို သူက အခုလိုပြန်ဖြေသွားတာဖြစ်ပါတယ်။

    ''ဝန်ကြီးချုပ်က ဒီကိစ္စကို မေးခဲ့တယ်ဆိုတာဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ဆက်စပ်ပြီး မေးမြန်းခဲ့တာလို့ ပြောနိုင်ပါတယ်'' လို့ သူက ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ပြောပါတယ်။

    ဒါပေမဲ့ ဦးမင်းအောင်လှိုင်ဘက်က တုံ့ပြန်ချက် ဘယ်လိုရှိလဲဆိုတာတော့ သူက သတင်းစာရှင်းပွဲမှာ မပြောသွားဘူး။

    ''ဝန်ကြီးချုပ် အခုလိုပြောရတယ်ဆိုတာကလည်း လက်ရှိမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာနေပြီဖြစ်တဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ သက်ဆိုင်ရာပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်လာစေရေး၊ မြန်မာ့ဒီမိုရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ အားလုံးပါဝင်တဲ့ဆွေးပွဲဖြစ်ရေးဆိုတာမျိုးအတွက် ရည်ရွယ်တယ်'' လို့ သူက ပြောပါတယ်။

    အိန္ဒိယအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ စီစဉ်ထားတဲ့အစီအမံကို သိရှိလိုတာမျိုး မဟုတ်ဘဲ အိမ်နီးချင်းဖြစ်တဲ့အလျောက် မြန်မာ့ဒီမိုကရေစီအရေးဆိုတဲ့မူအောက်ကနေပဲ ဆက်ရပ်တည်လို့ မေးမြန်းတာလို့ဆိုပြီး သူက ပြောသွားပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီနဲ့ နယူးဒေလီမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိန္ဒိယဘက်က သတင်းစာရှင်းလင်းပွဲ ထူးခြားချက်တွေကို ဆက်ပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

  8. မြစ်ကြီးနားကို ဦးတည်တဲ့စစ်ကားအစီး ၂၀၀ ခန့်ပါယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

    မန္တလေးမြို့ကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားကို လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးပါတဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဒီယာဉ်တန်းဟာ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာဘက်ကနေ မြစ်ကြီးနားကို ဦးတည်လာပြီး ကချင်ပြည်နယ်အဝင် နန့်စီးအောင်ရွာ ဝန်းကျင်လောက်အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

    “မန္တလေး၊ ကသာဘက်က တက်လာတဲ့ယာဉ်တန်း ဖြစ်ပါတယ်။ ယာဉ်တန်းတွေက ရပ်သွားတာတော့ မရှိဘူး။ အားလုံးက ဖြတ်သွားတယ်လို့ ပြောကြတယ် ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဒီယာဉ်တန်းဟာ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ကို ဝင်ရောက်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကားအစီးရေ ၂၀၀ နီးပါးပါတဲ့ ဒီယာဉ်တန်းဟာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ နဲ့ လူအင်အားတင်ဆောင်လာတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

    စစ်တပ်ကတာ့ အဲဒီယာဉ်တန်းဟာ မေလ ၃၀ ရက် မွန်းလွဲပိုင်းမှာ မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရောက်ပြီလို့ သတင်းထုတ်ပါတယ်။

    အဲဒီယာဉ်တန်းမှာ မန္တလေး-မြစ်ကြီးနားလမ်းတလျှောက်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေအတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ ဆေးပစ္စည်းတွေ၊ ကျောင်းသုံးစာအုပ်တွေနဲ့ စက်သုံးဆီတင်ဆောင်လာတယ်လို့ ပြောပါတယ်။

  9. အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ ဒေလီမှာတွေ့ဆုံ

    အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ ဒေလီမြို့မှာ အိန္ဒိယ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲခန့်ကစလို့ တွေ့ဆုံနေပြီလို့ သိရပါတယ်။

    Hyderabad House မှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ ဆက်လုပ်မယ်လို့ သိရပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ နေပြည်တော်မှာ သမ္မတရာထူး ရယူပြီးနောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အနေနဲ့ ဒေလီကို ရောက်နေတာဖြစ်ပါတယ်။

    နေပြည်တော်ဘက်ကတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်ကြောင့် အခုခရီးစဉ်ထွက်ပေါ်လာတာလို့ ဆိုပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့စနေနေ့ကတည်းက နေပြည်တော်ကနေ ထွက်ခွာသွားတာဖြစ်ပြီး အဲဒီနေ့ တစ်နေ့တည်းမှာပဲ ဗုဒ္ဓဂါယာကို သွားရောက်ခဲ့ပါတယ်။

    ဒေလီမှာတော့ မနေ့ တနင်္ဂနွေနေ့တုန်းက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးတို့နဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။

  10. ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ကို လွှတ်ပေးဖို့ ဘန်ကောက်မှာ ဆန္ဒပြ

    မေလ ၃၁ ရက်က ကျင်းပတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ LGBTQ+ အသိုင်းအဝိုင်းကို ဂုဏ်ပြုတဲ့ Pride လူထုလမ်းလျှောက်ပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ Burmese Exile Movement (ပြည်ပရောက် မြန်မာနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့) နဲ့ မဟာမိတ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

    နေပြည်တော်ကို အာဆီယံဘက်ကအသိအမှတ်ပြုမှုမလုပ်ဖို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

    “လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အလေးထားတဲ့ ဒီလိုပွဲမျိုးမှာ မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းတာဝန်ရှိသူတွေ ကြားသိနိုင်ဖို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်” လို့ Burmese Exile Movement ရဲ့အဖွဲ့ဝင် ကိုလစ်ဘရာ(LIBERA)က ပြောပါတယ်။

    လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ဟာ နေပြည်တော်ကို ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေပြီး ဒါဟာ တရားဝင်မှုပေးတဲ့လမ်းစဖြစ်လာမှာကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

    နောက်ပြီး နေပြည်တော်ရဲ့လုပ်ဆောင်ချက်တွေဟာ ASEAN က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကတိကဝတ်တွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ သူက ဆိုပါတယ်။

    ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Pride ချီတက်ပွဲမှာ မြန်မာတော်လှန်ရေးအင်အားစုတွေက “မြန်မာ စစ်တပ်ဦးဆောင် ရွေးကောက်ပွဲက အတုအယောင်”လို့ဆိုပြီး အာဆီယံကို သတင်းစကားပါးတဲ့ စာသားကို ကိုင်ဆွဲခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

    ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မုံရွာသပိတ်ခေါင်း‌ဆောင် ကိုဝေမိုးနိုင်နဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုစိုင်းဇော်ထိုက်နဲ့ ကိုမြတ်သူကျော်တို့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာလည်း တောင်းဆိုဆန္ဒဖော်ထုတ်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

    မြန်မာအရေးကို နိုင်ငံတကာ မျက်ခြေမပြတ်အောင် အခုလိုဆန္ဒထုတ်ဖော်မှုတွေကို ဆက်ပြီး ပြုလုပ်သွားမယ်လို့ Burmese Exile Movement အဖွဲ့ဝင် ကိုလစ်ဘရာက ပြောပါတယ်။

    “Pride Month အတွင်းမှာသာမက မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့အာရုံစိုက်မှု ဆက်လက်ရှိနေစေဖို့ အခွင့်အလမ်းရှိတဲ့နေရာတိုင်းမှာ ငြိမ်းချမ်းစွာ အသံထုတ်သွားဖို့ ရှိပါတယ်” လို့ ကို LIBERA က ပြောပါတယ်။

  11. အိန္ဒိယ မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်ရဲ့အရပ်သား သမ္မတတစ်ဦးအနေနဲ့ အိန္ဒိယနိုင်ငံကို ရောက်နေပါတယ်။

    ဒါဟာ သူ့အတွက် သမ္မတ တာဝန်ယူပြီးတဲ့နောက် ပထမဆုံး ပြည်ပခရီးဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံထားပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ မြန်မာ -အိန္ဒိယ သံတမန်ဆက်ဆံရေးထူထောင်တာ နှစ် ၇၀ ကျော်ရှိပြီဖြစ်ပြီး အခု တစ်ခေါက် သူ့ရဲ့ ဒေလီခရီးဟာ အိန္ဒိယရဲ့ Act East (အရှေ့မျှော်ဝါဒ)ရဲ့ အရေးပါမှုကို ပြသတယ်လို့လည်း မနေ့က အိန္ဒိယ- မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန် ပြောပါတယ်။

    တကယ်တော့ မြန်မာနဲ့ အိန္ဒိယ တိုက်ငယ်ကြား အစဉ်အလာအားဖြင့် ဆက်သွယ် ကူးသန်းမှုတွေ ရှေး အနှစ် ထောင်ချီကတည်းက ရှိခဲ့ပါတယ်။

    ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စာပေကအစ အိန္ဒိယမှာရှိတဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ စတဲ့ ဘာသာရေး အငွေ့အသက်တွေနဲ့ အိန္ဒိယတောင်ပိုင်းက အက္ခရာစာလုံးတွေ၊ အိန္ဒိယအရှေ့တောင်ပိုင်းက ဘုရားစေတီ တည်ဆောက်မှု ပုံစံတွေဟာ မြန်မာနိုင်ငံမှာ လွှမ်းမိုးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ အိန္ဒိယ- မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး အထူးဆောင်းပါးကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  12. အီရန်စစ်ပွဲရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်လာတဲ့သမ္မတဟောင်း

    အီရန်သမ္မတဟောင်း မာမု အမာဒီနီဂျက်ဟာ ကမ္ဘာမှာ အစ္စရေးဆန့်ကျင်ရေးပြောဆိုလို့ လူသိများသူတွေထဲက တစ်ဦးဖြစ်ပါတယ်။​

    သူက ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူတွေအများဆုံးပါတဲ့လူပေါင်း ၆ သန်းကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဟော်လိုကော့စ် (the Holocaust) ဖြစ်ရပ်ဆိုးကို မေးခွန်းထုတ်လေ့ရှိပြီး အစ္စရေးကို ''လုပ်ကြံဖန်တီးထားတဲ့အစိုးရ'' လို့ ခေါ်ပါတယ်။ ပြီးတော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရပေမဲ့ အီရန်ရဲ့နျူကလီးယားစွမ်းရည် တိုးအောင်လုပ်တာကိုလည်း ကာကွယ်ပြောဆိုခဲ့သူပါ။

    သူ့ရဲ့ဒီလိုရပ်တည်ချက်တွေကြောင့် အီရန်ဟာ အန္တရာယ်ရှိနိုင်တဲ့နိုင်ငံအဖြစ် အစ္စရေးအာဏာပိုင်တွေက ပြောဆိုကြတဲ့နေရာမှာ သူ့စကားလုံးတွေကို ကိုးကားပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့လည်း အခုတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့စစ်ပွဲအပြီးမှာ အမာဒီနီဂျက်ကို အီရန်မှာဖြစ်လာနိုင်ခြေရှိတဲ့အနာဂတ်ခေါင်းဆောင်တစ်ယောက်အဖြစ် လက်ခံမယ့် လမ်းကြောင်းကို စဥ်းစားခဲ့ကြတယ်လို့ New York Times သတင်းစာ သတင်းရေးလာပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  13. လန်ဒန်မြောက်ပိုင်းမှာ အနီရောင်သန်းခဲ့တဲ့နေ့

    ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီ ချန်ပီယံ အာဆင်နယ်အသင်းက ချန်ပီယံဆုဖလားကြီးနဲ့အတူ မေလ ၃၁ ရက်က မြောက်လန်ဒန်ကို လှည့်လည်အောင်ပွဲခံခဲ့တဲ့ ပွဲကို ပရိသတ်သိန်းနဲ့ချီပြီး လာရောက်ဆင််နွှဲခဲ့ကြပါတယ်။

    ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကစားသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ ချန်ပီယံဆုဖလားနဲ့ အတူ အမ်းမရိတ်ကွင်းရဲ့ပတ်ပတ်လည် ငါးမိုင်အကွာအဝေးလောက်ကို လှည့်လည်အောင်ပွဲခံခဲ့ကြတာပါ။

    နေအိမ်ပြင်ပကိုထွက်သူတွေက ထွက်၊ ခရီးဝေးရောက်နေသူတွေကလည်း ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်နဲ့ အတူ အောင်ပွဲခံဖို့ မြောက်လန်ဒန်ကို ဒေသစံတော်ချိန် မေလ ၃၁ ရက်မနက်အစောပိုင်းကတည်းက ရောက်လာခဲ့ကြတယ်လို့ ဘီဘီစီအားကစား သတင်းဖော်ပြပါတယ်။

    စီတန်းလှည့်လည်တဲ့ပွဲမှာ အမျိုးသားအသင်းရော၊ ဖေဖော်ဝါရီလတုန်းက အမျိုးသမီး Champions Cup ပြိုင်ပွဲရဲ့ ချန်ပီယံ အမျိုးသမီးအသင်းလည်း အတူ ပါဝင် ဆင်နွှဲကြပါတယ်။

    အာဆင်နယ်အမျိုးသားအသင်းဟာ ၂၂ နှစ်ကြာမှ အခုလိုဆုဖလားနဲ့အတူ တဖန် အောင်ပွဲခံနိုင်တာဖြစ်လို့ ဒီစီတန်းလှည့်လည်ပွဲကို အာဆင်နယ်ပရိသတ်တွေအား အင်အားအပြည့်နဲ့ ဆင်နွှဲခဲ့တယ်လို့ဆိုနိုင်ပါတယ်။

    လန်ဒန်မြောက်ပိုင်းက ကောင်းကင်ယံမှာလည်း အနီရောင်မီးခိုးတွေနဲ့ ပြည့်နှက်နေပြီး မေလ ၃၁ ရက်နေ့ဟာ မြောက်လန်ဒန်ရဲ့ အနီ‌ရောင်အသန်းဆုံးနေ့ရက်လို့ ပြောရင်မမှားနိုင်ကြောင်း အဲဒီမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

    အောင်ပွဲခံတဲ့နေရာကိုရောက်နေတဲ့ အားကစားသတင်းထောက် မက်ဂရက်ဗဲလင်းကတော့ သူ့ရဲ့ ၁၅ နှစ်တာ ရုပ်သံသတင်းထောက် လုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီအခမ်းအနားက အကြီးအကျယ်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။

  14. နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မနေ့က ပေါက်ကွဲမှုကြောင့် သေဆုံးသူထဲ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၄၆ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။

    ဒီအရေအတွက်ဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ မနေ့ည နှောင်းပိုင်း အတည်ပြုစာရင်းဖြစ်ပြီး အပျက်အစီးတွေကြားထဲ ကူညီကယ်ဆယ်ရေးကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

    “ရုပ်အလောင်း ၄၆ လောင်း ကောက်ထားပါတယ်။ တစ်နှစ်ခွဲ ကလေးငယ် အပါအဝင် ကလေး ၆ ယောက် ပါပါတယ်။ တရုတ်နိုင်ငံသား ၃ ဦးပါပါတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

    တရုတ်နိုင်ငံသားတွေအပါအဝင် သေဆုံးသူ ၄၆ ဦးကို မေလ ၃၁ ရက်နေ့မှာပဲ မီးသင်္ဂြိုလ်လိုက်ပြီလို့ သူက ပြောပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် မိသားစုအလိုက် ပျောက်ဆုံးနေသူတွေ ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ရဦးမှာဖြစ်လို့ ထိခိုက်သေဆုံးသူစာရင်းဟာ ဒီထက်များလာနိုင်တယ်လို့ သူက ပြောပါတယ်။

    ထိခိုက် ၇၄ ဦးကိုတော့ နမ့်ခမ်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    တအောင်းတပ်(TNLA) ကတော့ သူတို့ရဲ့ စီးပွားရေးဌာနက မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေကနေ ပေါက်ကွဲမှုဖြစ်တာလို့ မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ TNLA က ပြောပါတယ်။

    ထိခိုက်သေဆုံးခဲ့သူတွေအတွက် လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။

    မေလ ၃၁ ရက်က ကောင်းတပ်ရွာမှာ ယမ်းပေါက်ကွဲမှုဟာ ရွာရဲ့ ပေ ၁,၀၀၀ ဝန်းကျင် ပတ်လည်လောက်အထိ အပျက်အစီးဖြစ်ခဲ့တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတွေက ပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာက နေအိမ် အလုံး ၂၀၀ ဝန်းကျင်နဲ့ အနီးနားက ပန်လုံရွာရှိ နေအိမ် အလုံး ၁၀၀ စုစုပေါင်း နေအိမ် အလုံး ၃၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

  15. မင်္ဂလာပါ။ ဇွန်လ ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။