နယ်စပ်ဖြတ်ကျော် လေထုအရည်အသွေးပြ ဒီဂျစ်တယ်ပလက်ဖောင်း ထိုင်းနဲ့ မြန်မာပူးပေါင်းလုပ်မယ်
နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြဿနာကို ဖြေရှင်းဖို့ မီးခိုးနဲ့ လေထုအရည်အသွေးပြနိုင်မယ့် ဒီဂျစ်တယ်ပလက်ဖောင်းတခုကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ထုတ်ပြောလာပါတယ်။
ထိုင်းရဲ့သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက အရာရှိတွေနဲ့ နေပြည်တော်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနက တာဝန်ရှိသူတွေဟာ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်းထုတ်ရင်း အခုလိုပြောလာတာဖြစ်ပါတယ်။
၂၀၂၄ ကနေ ၂၀၃၀ အတွင်း အကောင်အထည်ဖော်မယ့် “သန့်စင်တဲ့လေထုရရေး ဗျူဟာ” လို့ အမည်ပေးထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခုလိုတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ထိုင်းက မြန်မာဘက်ကို နည်းပညာအကူအညီပေးဖို့ရှိနေတာပါ။
အဲဒီထဲ လေထုအချက်အလက်ပြ ဒီဂျစ်တယ်ပလက်ဖောင်းအကောင်အထည်ဖော်ရေးအပြင် လေအရည်အသွေးဆိုင်ရာအမျိုးသားအဆင့်အစီအစဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကိုပါ ထိုင်းက နေပြည်တော်ကို မျှဝေဖို့ရှိနေပါတယ်။ ဒါအပြင် တည်နေရာထောက်လှမ်းရေးနည်းပညာကို သုံးပြီး မီးလောင်နိုင်ခြေပြ မြေပုံကို ရေးဆွဲဖို့လည်း ထိုင်းက ကူညီမှာပါ။
နှစ်နိုင်ငံကြားက လေထုညစ်ညမ်းဆိုင်ရာကိန်းဂဏန်းတွေရနိုင်ဖို့ ထိုင်းက အလေးပေးဆောင်ရွက် သွားမှာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသက ပြည်သူတွေအတွက် သန့်ရှင်းတဲ့လေရအောင် ပြန်လုပ်ပေးမယ်လို့ ထိုင်းအစိုးရရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာဘက်ကတော့ ၂၀၂၅ ခုနှစ်ရဲ့အချက်အလက်တွေကိုကြည့်ရင် အရင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းအထိ ညစ်ညမ်းမှုကို လျော့ချနိုင်ခဲ့တာကြောင့် ကောင်းတဲ့အရွေ့ဖြစ်ကြောင်း ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြဿနာဖြေရှင်းရေးဟာ ထိုင်းအစိုးရအပေါ် ထိုင်းပြည်သူတွေ တောင်းဆိုနေတဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ချိန်မှာလည်း ဒါနဲ့ပတ်သက်လို့ ထည့်သွင်းပြောခဲ့ပါတယ်။
အခု ချင်းမိုင်မြို့က ဆွေးနွေးပွဲနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ ညနေ ၄ နာရီအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။