၄ မြို့ကနေ ဆုတ်ခွာဖို့ ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်က TNLA ကို ပြောတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်တပ်နဲ့ တအာင်းတပ်(TNLA)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မေလ ဒုတိယသီတင်းပတ်အတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ TNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေကနေ တပ်ပြန်ဆုတ်ဖို့ စစ်တပ်ဘက်က အဲဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီမြို့တွေအရေးက အပစ်မရပ်ခင် ဆွေးနွေးပွဲတွေကတည်းက ပါနေတာပါ။ အခုလည်း ဆွေးနွေးပွဲတိုင်း အဲဒီမြို့တွေကို စစ်တပ်က ပြန်တောင်းတယ်။ နမ့်ဆန်နဲ့ မန်တုံမြို့မှာပဲ နေဖို့ တောက်လျှောက်ပြောခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က တွေ့တာပါ။ အဓိက ဆွေးနွေးတာလည်း TNLA က အဲဒီနှစ်မြို့မှာပဲ နေဖို့ကို ပြောပါတယ်” လို့ သူက ဆက်ပြောပါတယ်။
TNLA နဲ့ စစ်တပ်တို့ အခုတစ်ခေါက် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့တစ်ပတ် မေလ ၁၀ ရက်နဲ့ ၁၅ ရက်အတွင်း ပြုလုပ်ခဲ့တယ်လို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
အခုတစ်ခေါက် ကူမင်းမြို့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စစ်တပ်ကရော TNLA ကပါ ဒီနေ့ နေ့လယ် ၁ နာရီအချိန်အထိ တစုံတရာ ထုတ်ပြောလာတာ မရှိသေးပါဘူး။ ဒီဆွေးနွေးပွဲအကြောင်း အသေးစိတ်သိရဖို့ ဘီဘီစီက TNLA ဘက်ဆီ မှတ်ချက်တောင်းထားဆဲ ဖြစ်ပါတယ်။
စစ်တပ် စွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို နမ့်ဆန်၊ မန်တုံမြို့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းထားတဲ့ မြို့ ၄ မြို့ကို လက်လွှတ်ပြီး တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲ နေဖို့ စစ်တပ်က TNLA ကို ပြောဆိုတဲ့သဘောလို့ နားလည်နိုင်ပါတယ်။
ကိုးကန့်တပ်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့လည်း ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဝင် TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါတို့ကို သိမ်းပိုက်ခဲ့ပြီး ဒုတိယလှိုင်းမှာတော့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်တို့ကို ရရှိခဲ့ပါတယ်။
သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေကို စစ်တပ်က ပြန်တိုက်ခိုက်ယူခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်တို့ကိုတော့ မနှစ် အောက်တိုဘာလမှာ နှစ်ဖက်အပစ်ရပ်သဘောတူညီချက်ယူပြီး TNLA က စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။
ကွတ်ခိုင်မြို့ကိုလည်း အခုနှစ်စမှာ ကိုးကန့်တပ် (MNDAA) က TNLA ဆီကနေ တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် TNLA လက်ထဲမှာ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန် နဲ့ မန်တုံမြို့တို့သာ ကျန်ရှိပါတယ်။





