SRA ညီလာခံကို SCEF နဲ့ AA တက်ရောက်
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ရဲ့ ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်တယ်လို့ SRA က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ညီလာခံအတွင်း SRA ရဲ့ လုပ်ငန်းစဉ်တွေ ပိုထိရောက်မြန်ဆန်ဖို့နဲ့ စီမံခန့်ခွဲမှု အားကောင်းစေဖို့ SRA ရဲ့ ဦးဆောင်ကော်မတီအတွက် အတွင်းရေးမှူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တယ်လို့ SRA က ပြောပါတယ်။
အဲဒီအဖွဲ့မှာ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂) တို့ပါဝင်ပြီး အထွေထွေအတွင်းရေးမှူးရာထူးကိုတော့ ဗမာပြည်သူ့ လွတ် မြောက်ရေး တပ်တော် (BPLA) တာဝန်ခံ မောင်ဆောင်းခက တာဝန်ယူထားတယ်လို့ SRA ထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့က ဘီဘီစီကိုပြောပါတယ်။
SRAဟာ ဒေသအစုံက တော်လှန်ရေးတပ်တွေစုပေါင်းထားတဲ့ တပ်ပေါင်းစုဖြစ်ပြီး အေအေတပ်တွေနဲ့ စစ်ကိုင်း၊ မကွေး နဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ရေးပူးပေါင်းလှုပ်ရှားနေတာလို့ SRA ထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဆီကနေ သိရပါတယ်။
SRA တပ်ပေါင်းစုဟာ စစ်ရေးစုဖွဲ့မှုတခုတည်း မဟုတ်ဘဲ နိုင်ငံရေးအရပါ စုဖွဲ့ထားသလို ဦးဆောင်ကော်မတီကလည်း စစ်ရေး၊ နိုင်ငံရေး မူဝါဒဦးဆောင်တဲ့ အဖွဲ့ဖြစ်တယ်လို့ ညီလာခံကနေ SRA က အသိပေးပါတယ်။
နောက် စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေ ထပ်ပြီးဖွဲ့စည်းဖို့ရှိတယ်လို့လည်း SRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ SRA အဖွဲ့ဝင်တွေထဲ စစ်ဥပဒေ ချိုးဖောက်တာနဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုတွေရှိလာရင်လည်း အရေးယူဖို့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ကိုပြင်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ မြန်မာပြည်တောင်ပိုင်းမှာ တော်လှန်လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တို့လည်း SRA ရဲ့ ညီလာခံကို တက်ရောက်ခဲ့ကြတယ်လို့ SRA က ဖော်ပြပါတယ်။
ABSDF ဟာ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ဒေသဘက်တို့မှာ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်နဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။
SRA ရဲ့ ဒုတိယအကြိမ်ဖြစ်တဲ့ ဒီညီလာခံကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။
SRA တပ်ပေါင်းစုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အပြင် တခြားဒေသအခြေစိုက်တပ် စုစုပေါင်းတပ် ၁၉ တပ်တို့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။