၂၀၂၆ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင် ဘယ်သူဖြစ်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, BBC Sport
- ရေးသားသူ, ဖလိုရာ ဆနယ်ဆင်
- ရာထူးတာဝန်, ဘီဘီစီ အားကစားသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
၂၀၂၂ ကမ္ဘာ့ဖလားအပြီး ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ရချိန်မှာ သိပ်မပြုံးနိုင်ခဲ့ပါဘူး။ သူ ဟက်ထရစ် သုံးဂိုးသွင်းခဲ့ပေမဲ့ သူ့ပြင်သစ်အသင်းကတော့ ဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးသွားခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက် ဂိုးတွေရတိုင်း အသင်းအနေနဲ့ ဆုတံဆိပ်ချိတ်တာမျိုး မဟုတ်ပေမဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ကတော့ သူ့အသင်းကို တစ်ဆင့်ချင်းတက်ဖို့ ဆွဲခေါ်သွားနိုင်ပါတယ်။
မကြာခင်မှာပဲ ၂၀၂၆ ကမ္ဘာ့ဖလားလည်း စတင်တော့မှာဆိုတော့ ဒီဆောင်းပါးမှာ ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းသူကိုပေးတဲ့ ရွှေဖိနပ်ဆုရှင် ဘောလုံးသမားတွေရဲ့စွမ်းရည်၊ သူတို့ ဂိုးတွေ ဘာလို့ တဒိုင်းဒိုင်းသွင်း နိုင်ရတာလဲဆိုတာတွေကို ဆန်းစစ်ကြည့်ပါမယ်။ တစ်ဆက်တည်း ဒီနှစ် ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင်ဖြစ်လာနိုင်မယ့်သူတွေကိုလည်း မှန်းကြည့်ရအောင်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရပြီးသူတွေ ပြန်ရတာ မရှိသေး
အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ သမ်ိုင်းကို ပြန်ကြည့်ပြီးပြောရရင်တော့ ဒီနှစ် ကမ္ဘာ့ဖလားမှာလည်း အသက် ၃၀ ကျော်နေသူတွေ ရွှေဖိနပ်နဲ့ နီးစပ်ဖို့ သိပ်မလွယ်ပါဘူး။
အသက် ၃၀ အရွယ်နဲ့ ရွှေဖိနပ်ရသူတော့ ရှိခဲ့ဖူးပါတယ်။ အဲဒါလည်း တစ်ကြိမ်တည်းပါ။ ပြင်သစ်မှာလုပ်တဲ့ ၉၈ ကမ္ဘာ့ဖလားမှာ တတိယရသွားတဲ့ ခရိုအေးရှားက ဒါဗိုဆူကာက ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရပါတယ်။ သူ အဲဒီအချိန် အသက် ၃၀ ရှိပါပြီ။ ခရိုအေးရှားက လွတ်လပ်ရေးရပြီးချိန် ပထမဆုံးဝင်ပြိုင်တဲ့ ကမ္ဘာ့ဖလားပါ။
ဆူကာက ချွင်းချက်လို့ ပြောရပါမယ်။ ပျမ်းမျှအားဖြင့်ဆိုရင် ရွှေဖိနပ်ဆုရသူတွေရဲ့ အသက်က ၂၄.၇ နှစ်ပါ။ ၂၀၂၂ မှာ အမ်ဘတ်ပေး ရတော့ သူ အသက် ၂၄ နှစ်၊ အသက် ၃၅ နှစ်ရှိနေတဲ့ လီယွန်နယ် မက်ဆီကို တစ်ဂိုးတည်း အသာနဲ့ သူ ရသွားတာပါ။ လက်ရှိ အငယ်ဆုံး ရွှေဖိနပ်ဆုရှင်ကတော့ ၁၉၆၂ ချီလီ ကမ္ဘာ့ဖလားမှာ ပူးတွဲခြောက်ယောက်ရသွားတဲ့အထဲက ဟန်ဂေရီက ဖလိုရီယန် အဲလ်ဘတ်ပါ။ သူက အသက် ၂၀ နဲ့ ရှစ်လရှိပါပြီ။ အဲဒီစံချိန်ကို ဒီနှစ် ချိုးချင်ချိုးနိုင်မယ့်သူကတော့ ဘာစီလိုနာနဲ့ စပိန်က တောင်ပံကစားသမား ၁၈ နှစ်သား လာမင်း ယာမယ်ပါ။
တစ်ကိုယ်တော်စွမ်းရည်သက်သက်နဲ့ ဂိုးအများကြီးမရနိုင်
အောင်မြင်တဲ့တိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးများများရဖို့ နှစ်ချက်နဲ့ပြည့်စုံဖို့လိုပါတယ်။ သူ့ကို ဘောလုံးချပေးနိုင်သူတွေ ရှိရမယ်၊ နောက်တစ်ခုက သူ့အသင်း ပွဲတွေ နိုင်ပြီး အဆင့်ဆင့်တက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ငါးကြိမ်ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းက ရွှေဖိနပ်ဆုရှင် ခြောက်ဦး အထိထွက်ခဲ့တာပါ။
ဘရာဇီးရဲ့ပထမဆုံးရွှေဖိနပ်ဆုရှင်က ၁၉၃၈ ပွဲစဥ်က လီယိုနီဒတ်စ်ပါ။ ရော်နယ်ဒိုက ၂၀၀၂ မှာ နောက်ဆုံးရထားတာပါ။
အုပ်စုပွဲစဥ်တွေမှာ ဂိုးတွေအများကြီး သွင်းထားနိုင်ရင် အစကောင်းတယ်လို့ ပြောရပါမယ်။ ဒါပေမဲ့ ကိုယ့်အသင်းက ရှုံးထွက်အဆင့်ထိ မတက်နိုင်ပြန်ရင်လည်း နောက်ထပ်ဂိုးတွေ မရတော့ဘဲ ပြိုင်ဘက်တွေနဲ့ကြား တပန်းရှုံးပါတယ်။
အဲဒါမျိုး ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ ခရစ္စတီယာနို ရော်နယ်ဒို ကြုံခဲ့ရပါတယ်။ အုပ်စု ဘီကနေ ပေါ်တူဂီအသင်းအတွက် သူ လေးဂိုးသွင်းထားပြီး သူ့အသင်းက ၁၆ သင်းအဆင့်မှာ ပြုတ်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့ အင်္ဂလန်အသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းက ခြောက်ဂိုးသွင်းခဲ့လို့ ကိန်းပဲ ရွှေဖိနပ်ရခဲ့တာပါ။
ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ရှိပါတယ်။ ၉၄ အမေရိကန်ကမ္ဘာ့ဖလားမှာ ရုရှားအသင်း အုပ်စုကထွက်ရပါတယ်။ ရုရှားက အိုလဂ်ဆာလန်ကိုက အဲဒီပွဲစဥ်တွေမှာပဲ ခြောက်ဂိုး သွင်းထားပါတယ်။ ကင်မရွန်းကို ၆-၁ နဲ့နိုင်တဲ့ပွဲမှာ သူက ငါးဂိုး သွင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ အုပ်စုက ထွက်ရပေမဲ့ ဂိုးအများဆုံးသွင်းသူဆုကို သူရခဲ့တာပါ။
ကလပ်မှာကတည်းက စခြေစွမ်းပြဖို့လို
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျာမန်တိုက်စစ်မှူး တောမတ်စ် မူလာဟာ တောင်အာဖရိကမှာလုပ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲမတိုင်ခင်က သူ့နိုင်ငံအသင်းအတွက် ဂိုးမသွင်းပေးခဲ့ဖူးပါဘူး။
အဲဒီပွဲမှာ သူ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပါတယ်။ သူ ကံကောင်းတယ်၊ အချိန်ကောင်းအရောက်မှာ သူအကောင်းဆုံးပုံစံ ရခဲ့တာပါလို့ မူလာက ပြောပါတယ်။
၂၀၀၉-၁၀ ဘောလုံးရာသီမှာ မူလာဟာ ဘိုင်ယန်မြူးနစ်မှာ ကစားနေတာပါ။ သူ့ကို ကလပ်က အငှားချထားတာ ဒါမှမဟုတ် ရောင်းထုတ်တာလုပ်ဖို့တောင် စဥ်းစားနေချိန်မှာ မန်နေဂျာအပြောင်းအလဲဖြစ်ပြီး လူဝီဗန်ဟားလ် ရောက်လာတော့ မူလာ ပုံမှန်ပွဲထွက်ကစားခွင့်ရလာပါတယ်။
အဲဒီကနေစပြီး ဘိုင်ယန်ရဲ့ပွဲတိုင်း သူ ဝင်ကစားခဲ့ရပါတယ်။ ကိုယ်တိုင် ၁၃ ဂိုးသွင်း၊ အသင်းဖော်တွေ ဂိုးသွင်းခွင့် ၁၁ ကြိမ် ဖန်တီးပေးခဲ့ပြီး ဘိုင်ယန်လည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကလပ်မှာ အောင်အောင်မြင်မြင်ကစားခဲ့အပြီးမှာပဲ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရောက်လာခဲ့တာပါ။ ခြေစွမ်းအထက်ဆုံးအနေအထားနဲ့ရောက်လာခဲ့တာလို့ ပြောနိုင်ပါတယ်။
ရွှေဖိနပ်ဆုရသူတွေကို ကြည့်ရင် မူလာနဲ့တူကြတာ တွေ့ရပါတယ်။ ပြည်တွင်းအမှတ်ပေးပွဲတွေမှာ ထိပ်ဆုံးလေးသင်းမှာ မပါတဲ့အသင်းတွေက ဘောလုံးသမား နှစ်ယောက်ပဲ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းစံချိန်ရသူတွေ ဖြစ်ခဲ့ဖူးပါတယ်။
ဂိုးသွင်းရုံမက ဖန်တီးပေးနိုင်သူဖြစ်ဖို့လို
၂၀၁၀ မှာ မူလာဟာ သူ့ထက် အတွေ့အကြုံများတဲ့ဘောလုံးသမားတွေကို ပွတ်ကာသီကာလေး ကျော်ဖြတ်ပြီး ရွှေဖိနပ်ရခဲ့တာပါ။
အဲဒီကမ္ဘာ့ဖလားမှာ စပိန်က ဒါဗစ်ဗီယာနဲ့ နယ်သာလန်က ဝက်စလီ ရှနိုင်ဒါတို့က ငါးဂိုးစီနဲ့ ထိပ်မှာရှိနေပါတယ်။ တတိယနေရာလုပွဲကို ဂျာမနီနဲ့ ဥရုဂွေးကစားကြတော့ ဂျာမနီက မူလာနဲ့ ဥရုဂွေးက ဒီယေဂို ဖော်လန်တို့ တစ်ဂိုးစီ သွင်းပြီး သူတို့လည်း ငါးဂိုးစီနဲ့ ထိပ်ဆုံးမှာ လေးယောက်ဖြစ်နေပါတယ်။
ဗီယာနဲ့ ရှနိုက်ဒါတို့ ဗိုလ်လုပွဲမှာတွေ့ကြတော့ သူတို့ဂိုးသွင်းနိုင်ရင် ရွှေဖိနပ်ကို သူတို့ရမှာပါ။ ဒါပေမဲ့ နှစ်ယောက်စလုံးလည်း မသွင်းနိုင်တော့ ရွှေဖိနပ်အတွက် ဂိုးဖန်တီးပေးနိုင်မှုအရေအတွက်နဲ့ ဆုံးဖြတ်ကြရပါတယ်။ အဲဒီမှာ ဂိုးဖန်တီးပေးနိုင်တဲ့အကြိမ် သုံးကြိမ်နဲ့ မူလာက ရွှေဖိနပ်ရှင်ဖြစ်သွားခဲ့တာပါ။
တကယ်လို့ သွင်းဂိုးရော ဂိုးဖန်တီးပေးတဲ့အကြိမ်တွေပါ တူနေရင်တော့ ဖီဖာရဲ့ စည်းမျဥ်းက ကစားချိန် မိနစ်ပိုနည်းတဲ့သူကို ပေးဖို့ဖြစ်ပါတယ်။
၂၀၂၆ မှာ ရွှေဖိနပ်ဆုရနိုင်ခြေ ဘယ်သူတွေရှိလဲ
ရွှေဖိနပ်ဆုကို နှစ်ကြိမ်ရဖူးသူ အရင်က မရှိခဲ့ပါဘူး။ ဒီနှစ် ကမ္ဘာ့ဖလားမှာတော့ ရနိုင်ခြေရှိသူ နှစ်ယောက် ရှိနေပါတယ်။
ပြင်သစ်က အမ်ဘတ်ပေးဟာ ဒီနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေမှာ လေးဂိုး သွင်းခဲ့ပါတယ်။ ၂၀၂၂ က ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းဟာ ထူးချွန်ဘောလုံးသမားတွေ အများကြီးပါတဲ့ တောင့်တင်းတဲ့အသင်းဖြစ်လို့ ဒီနှစ်မှာလည်း ရှုံးထွက်ကနေ နောက်ပိုင်းအဆင့်တွေအထိ တက်နိုင်မယ်လို့ မှန်းထားကြပါတယ်။
နောက်ထပ် ရွှေဖိနပ်ဆုထပ်ရဖို့ မျှော်င့်နိုင်သူကတော့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းပါ။ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ကိန်းဟာ ရွှေဖိနပ်ဆုရခဲ့သူတွေရဲ့ ပျမ်းမျှအသက်နဲ့စာရင်တော့ ကြီးနေပါပြီ။ ဒါပေမဲ့ သူကစားနေတဲ့ ဘိုင်ယန်မြူးနစ်ကလပ်အတွက် ဒီရာသီမှာ ၅၄ ဂိုးသွင်းထားတာမို့ သူ့ခြေစွမ်းကတော့ သာမန်မဟုတ်ပါဘူး။ အင်္ဂလန်သာ နောက်ပိုင်းအဆင့်တွေအထိတက်နိုင်မယ်ဆိုရင်တော့ ကိန်းသွင်းတဲ့ ဂိုးတွေလည်း ပိုတွေ့ရနိုင်ပါတယ်။
လီယွန်နယ် မက်ဆီ ဆိုရင် ဘောလုံးလောကမှာ ထိပ်ဆုံးဆုတွေအကုန်လိုရဖူးသူပါ။ ဘလွန်ဒေါကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရှစ်ကြိမ်ရဖူးတဲ့သူဟာ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုကိုတော့ မရဖူးသေးပါဘူး။ အသက် ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ မက်ဆီအတွက် ၂၀၂၆ ကမ္ဘာ့ဖလားဟာ နောက်ဆုံးကြိုးစားနိုင်ခွင့် ဖြစ်ပါလိမ့်မယ်။
စပိန်က လာမင်းယာမယ် ကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဖိုင်နယ် မကစားခင်အပတ်မှာမှ ၁၉ နှစ်ပြည့်မှာပါ။ စပိန်က ၂၀၁၀ မှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးပြီးတဲ့နောက် နောက်ပိုင်းပွဲတွေမှာ နောက်ဆုံး ၁၆ သင်းအဆင့်ထက်ကျော်ပြီး မတက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စပိန်အသင်းဟာ ယူရို ၂၀၂၄ မှာလည်းဗိုလ်စွဲခဲ့ပြီး ဒီနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဥ်တွေမှာလည်း ခြေစွမ်းပြထားလို့ နောက်ပိုင်းအဆင့်တွေထိ တက်နိုင်ဖို့ မျှော်လင့်ရပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင် နော်ဝေးတိုက်စစ်မှူး အာလင်းဟာလန်း က မန်ချက်စတာစီတီအသင်းအတွက် ဒီရာသီမှာ ၂၆ ဂိုး သွင်းပေးခဲ့ပါတယ်။ သူ့အတွက်မျှော်လင့်ချက်ကတော့ နော်ဝေးအသင်း ဘယ်အဆင့်ထိတက်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဟာလင်းဟာ ခြေစစ်ပွဲ ရှစ်ပွဲမှာ ၁၆ ဂိုးသွင်းခဲ့သူပါ။
ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို ကိုလည်း မေ့ထားလို့ရမရပါဘူး။ သူဟာ ကလပ်လေးသင်းအတွက် ဂိုး ၁၀၀ ကျော်စီ သွင်းပေးထားခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမားပါ။ ဆော်ဒီကလပ်နဲ့လည်း ဒီရာသီမှာ အောင်ပွဲတွေဆင်ထားတော့ အသက် ၄၁ နှစ်မှာ ရွှေဖိနပ်ဆုကို သူလည်း မျှော်မှန်းနေမှာပါ။
ကမ္ဘာ့ဖလားမှာ ပေါ်တူဂီရဲ့အစဥ်အလာသမိုင်းကတော့ သိပ်မကြီးပါဘူး။ ၂၀၀၆ က စရင် နောက်ပိုင်းပြိုင်ပွဲတွေမှာ ရှုံးထွက်ပွဲ တစ်ပွဲပဲ အနိုင်ရဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အသင်းက တောင့်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးပေးမှု စံချိန်ရှင် ဘရူနို ဖာနန်ဒက်စ် လည်းပါနေတော့ ပေါ်တူဂီလည်း နောက်ပိုင်းအဆင့်တွေအထိတက်ဖို့ မျှော်လင့်နိုင်ပါတယ်။
ရီးယဲမက်ဒရစ်ရဲ့ ဒီနှစ်ဘောလုံးရာသီကတော့ မန်နေဂျာအပြောင်းအလဲတွေနဲ့ လျောလျောရှူရှူမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၅ နှစ်အရွယ် ဘရာဇီး တောင်ပံတိုက်စစ်သမား ဗင်နီးဆီးယပ်စ် ဂျူနီယာက ၂၁ ဂိုးသွင်းပေးထားပြီး ၁၄ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။ အစဥ်အလာကြီးတဲ့ ဘရာဇီးအသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလားအတွက် တောင်အမေရိကခြေစစ်ပွဲတွေမှာ အဆင့်ငါးပဲရခဲ့ပြီး သက်ကြီးကစားသမားတွေကို အားကိုးနေရတုန်းမို့ ဗင်နီးဆီးယပ်စ် ရွှေဖိနပ်ဆုရအောင် ဂိုးတွေဖန်တီးပေးနိုင်ဖို့တော့ အခက်အခဲရှိနိုင်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး အူဆမန် ဒင်ဘာလေဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူ့ကလပ် ပီအက်စ်ဂျီအတွက် ပြီးခဲ့တဲ့နှစ်လောက် ဂိုးတွေ မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၉ ဂိုးသွင်း ပေးထားပါတယ်။ ပြင်သစ်မှာ ခြေစွမ်းထက်တဲ့ တိုက်စစ်မှူးတွေအများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဒင်ဘာလေက ပုံမှန်ပွဲထွက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တစ်သင်းတည်းသား အမ်ဘတ်ပေးနဲ့ ရွှေဖိနပ်ဆု လုရသူလည်း ဖြစ်လာနိုင်ပါတယ်။
အာဂျင်တီးနားမှာတော့ မက်ဆီအပြင် ဂိုးသွင်းဘုရင်ဆုကို မျှော်နိုင်သူ နှစ်ယောက်ရှိပါသေးတယ်။ အင်တာမီလန်မှာ ကစားနေတဲ့ လော်တာရို မာတီးနက်ဇ်ဟာ ၂၀၂၄ ကိုပါ အမေရိကဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့ပြီး ပွဲစဥ်တစ်လျှောက် သွင်းဂိုး ငါးဂိုးနဲ့ ရွှေဖိနပ်ဆုရခဲ့သူပါ။ အက်တလက်တီကို မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်စ်လည်း အာဂျင်တီးနားမှာ ပါလာပါတယ်။
နောက်ထပ် ဆုချိန်နိုင်သူတွေ
အခုအထိ ပြောခဲ့တဲ့သူတွေကတော့ အများလည်းသိ အများလည်းမှန်းကြတဲ့ ရွှေဖိနပ်ဆုရှင်လောင်းလျာတွေပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဒါမှမဟုတ် ထိပ်ဆုံးက ထင်ကြေးပေးခံရသူတွေထဲမပါဘဲ ရွှေဖိနပ်ဆုကို ချိန်နိုင်သူတွေလည်း ရှိနေပါတယ်။
ယူရို၂၀၂၄မှာ စပိန်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ မီကဲလ် အိုယာဇာဘားလ်ဟာ စပိန်ရဲ့ ဒီနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေမှာ တစ်ပွဲကလွဲလို့ ပွဲတိုင်းဂိုးသွင်းခဲ့ပြီး လာလီဂါမှာ ရီးယဲလ်ဆိုဆီယာဒက်အတွက် ၁၅ ဂိုးသွင်းထားပါတယ်။ ဒဏ်ရာသာမရခဲ့ရင် သူလည်း အသင်းဖော် လာမင်းယာမဲလ်နဲ့ နီကိုဝီလျံစ်တို့ ပံ့ပိုးပေးတဲ့ ဘောလုံးတွေနဲ့ ဂိုးတွေသွင်းတာ တွေ့ရနိုင်ပါတယ်။
ဆွီဒင်မှာလည်း လစ်ဗာပူးလ်မှာ ဒီရာသီ ဒဏ်ရာကြောင့် အချိန်တော်တော်များများ နားနေခဲ့ရတဲ့ အလက်ဇန္ဒားအီဆက်နဲ့ အာဆင်နယ်က ဗစ်တာ ဂျိုးကာရက်စ်တို့ ပါပါတယ်။ သူတို့လည်း ဂိုးတွေသွင်းတာ တွေ့ရနိုင်ပါတယ်။
ဘရာဇီးက ရာဖီညာကတော့ ဒီနှစ်ဒဏ်ရာကြောင့် ဘာစီလိုးနားမှာ ခြေစွမ်းသိပ်မပြနိုင်ပါဘူး။ ဒါပေမဲ့ အခုကမ္ဘာ့ဖလားမှာတော့ ဗင်နီးဆီးယပ်စ်နဲ့တွဲပြီး တိုက်စစ်အတွဲအဖြစ်ထွက်လာနိုင်ပါတယ်။ သူတို့နှစ်ယောက်နဲ့အတူ အီဂေါ်သီယာဂိုကလည်း ရွှေဖိနပ်ဆုချိန်နိုင်သူပါ။
ပြင်သစ်က မိုက်ကယ် အိုလိစ် ကလည်း ဘိုင်ယန်မြူးနစ်အတွက် ၂၂ ဂိုးသွင်းပေးထားပါတယ်။ သူက တကယ်တော့ အဓိက ဂိုးဖန်တီးပေးတဲ့သူပါ။ ဘိုင်ယန်အသင်းအတွက် အကြိမ် ၃၀ ဂိုးဖန်တီးပေးထားပါတယ်။ ပြင်သစ်မှာက တိုက်စစ်ရော ဖန်တီးပေးနိုင်သူတွေပါ အများကြီးရှိနေတဲ့အတွက် သူလည်း ရွှေဖိနပ်အတွက်ပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်ပါတယ်။
နောက်ဆုံးတော့ လူဟောင်းကြီး ရိုမေလု လူကာကူ ကရော။ ဘယ်လ်ဂျီယမ်အသင်းမှာက ဂိုးဖန်တီးပေးနိုင်သူတွေ အများကြီးရှိနေတော့ နာပိုလီအသင်းတိုက်စစ်မှူး လူကာကူလည်း ဂိုးတွေရနိုင်ပါတယ်။ အုပ်စုပွဲစဥ်တွေမှာ သူဂိုးတွေရခဲ့ရင် နောက်ရှုံးထွက်တစ်ပွဲ နှစ်ပွဲမှာ တစ်ဂိုးနှစ်ဂိုးရလိုက်တာနဲ့ သူလည်း ရွှေဖိနပ်ဆုအတွက် ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။








