လေချုပ်အသစ်လက်ထက် လေကြောင်းဗုံးကြဲမှုတိုးလုပ်လာ

ဓာတ်ပုံ ရင်းမြစ်, CINCDS/BBC
လွန်ခဲ့တဲ့ ၆ လကျော်က လေတပ်ဗိုလ်ချုပ်အဆင့်ပဲရှိသေးတဲ့ ဗိုလ်ချုပ်ထွန်းဝင်းဟာ မြန်မာပြည်တွင်းစစ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ကြီးကြီးမားမား တာဝန်ခံရမယ့်နေရာကို ရောက်လာပါပြီ။
ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းဟာ လေတပ်ရဲ့အမြင့်ဆုံးရာထူးကိုရယူလိုက်နိုင်ပေမဲ့ မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုပုံစံအရ စစ်ဆင်ရေးတွေမှာ ကြည်းတပ်ရဲ့အမိန့်ကိုပဲ တိတိကျကျလိုက်နာရမှာပါ။
လေချုပ်အသစ်လက်ထက်မှာ တိုက်လေယာဥ်တွေသာမက ပို့ဆောင်ရေးလေယာဥ်တွေပါ အုပ်ဖွဲ့ပျံသန်းပြီး ဗုံးကြဲနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်တွင်းရင်းမြစ်တွေကပါ အတည်ပြုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မြန်မာလေတပ်ရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို စုဆောင်းနေပြီး တာဝန်ခံခိုင်းမယ်လို့ မေလ ဒုတိယပတ်ထဲမှာ ထုတ်ပြန်ပါတယ်။
ရာထူးတက်မြန်တဲ့ လေချုပ်

ဓာတ်ပုံ ရင်းမြစ်, cincds
ဗိုလ်ချုပ်ကြီးမြတ်ဟိန်း ကာကွယ်ရေးဦးစီးချုပ်(လေ)တာဝန်ယူတုန်းက ဗိုလ်မှူးထွန်းဝင်းက မိသားစုကိုယ်ရံတော်အရာရှိဖြစ်ခဲ့ပါတယ်။
(တပ်ကအငြိမ်းစားယူပြီးနောက်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဦးမြတ်ဟိန်းဟာအာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်ပါတယ်။)
ဒုဗိုလ်ချုပ်ကြီးထွန်းဝင်းဟာ စစ်တက္ကသိုလ်အပတ်စဥ် ၃၄ ဆင်းဖြစ်ပြီး သူ့ရှေ့က စီနီယာလေချုပ်တွေလို ပျံသန်းရေးဘက်မှာ နာမည်မကြီးဘဲ အုပ်ချုပ်ရေးပိုင်းက လာတဲ့သူအဖြစ် လေတပ်မှာ သိကြပါတယ်။
ပုံမှန်အတိုင်းဆိုရင် ကာကွယ်ရေးဦးစီးချုပ်(လေ)ရော၊ စစ်ဦးစီးအရာရှိချုပ်(လေ)ပါ ရှိနေတဲ့အတွက် ဌာနချုပ်မှူးဗိုလ်ချုပ်တစ်ယောက်အတွက် လေတပ်ရဲ့ထိပ်ဆုံးနေရာကိုရောက်ဖို့ အခွင့်အရေးနည်းသလို နှစ်တွေအကြာကြီးလည်းစောင့်ရတတ်ပါတယ်။
ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းဝင်းကတော့ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနေရာကနေ ၆ လကျော်အတွင်း လေချုပ်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် အနားပေးခံလိုက်ရပြီး တရုတ်သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခံလိုက်ရလို့ သူ့နေရာကို ဗိုလ်ချုပ်ထွန်းဝင်းက ဆက်ခံပါတယ်။
ဧပြီလအစိုးရအဖွဲ့အပြောင်းအလဲမှာ လေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင် ကာကွယ်ရေးဝန်ကြီးဖြစ်သွားတဲ့အတွက် ဒုဗိုလ်ချုပ်ကြီးထွန်းဝင်းက လေချုပ်အထိဖြစ်လာတာပါ။
စစ်ဆင်ရေးမှာ လေတပ်က အဓိကဖြစ်လို့ ပိုအရေးပါသလို ပိုလည်း ဖယ်ရှားခံရနိုင်ခြေမြင့်တယ်လို့ တပ်တွင်းအသိုင်းအဝိုင်းက ပြောပါတယ်။
အာဏာသိမ်းကာလအစပိုင်းတုန်းက ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လေချုပ်အဖြစ်က ဖယ်ရှားခံခဲ့ရသလို စစ်ဦးစီးအရာရှိချုပ်(လေ)ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်လည်း လေချုပ်ဖြစ်မလာဘဲ သံအမတ်ကြီးနေရာကို ပြောင်းရွှေ့ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
သူတို့နှစ်ဦးကိုဘာကြောင့်အနားပေးရလဲဆိုတာ မြန်မာစစ်တပ်က တရားဝင်မထုတ်ပြန်ပေမဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က လူမှုရေးကိစ္စဖြစ်တယ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကတော့ စစ်ဆင်ရေးကိစ္စဖြစ်နိုင်တယ် လို့ CDM လေတပ်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလည်း တရုတ်နယ်စပ်က လောက်ကိုင်တိုက်ပွဲမှာ လေကြောင်းပစ်ကူပေးရင်း တရုတ်ဘက်ကိုကျည်ကျလို့ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦး အနားပေးခံရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ဖူးပါတယ်။
သံအမတ်အဖြစ်ပြောင်းရွှေ့ခံရတဲ့ ဗိုလ်ချုပ်လွင်ဦးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားရေးဒုဝန်ကြီး ဖြစ်လာပါတယ်။
နောက်ပိုင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပေမဲ့ ဧပြီမှာ ပြန်ဖွဲ့တဲ့အစိုးရအဖွဲ့မှာတော့ ပြန်ပါမလာခဲ့ပါဘူး။
လေကြောင်းဗုံးကြဲမှု ဘယ်လိုတိုးလာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လေချုပ်အသစ်လက်ထက်မှာ လေကြောင်းဗုံးကြဲတဲ့အခါ အရင်ကထက် လေယာဥ်ပိုသုံးလာတဲ့အကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်တွင်းရင်းမြစ်တွေကပါ အတည်ပြုပါတယ်။
အရင်ကလိုလေယာဥ်တစ်စီးနှစ်စီးနဲ့သွားကြဲတာမျိုးမဟုတ်ဘဲ အုပ်ဖွဲ့ပျံသန်းပြီး ဗုံးအလုံးရေများများကြဲချတာမျိုး ဖြစ်ပါတယ်။
လေချုပ်အသစ်တက်လာပြီးတဲ့နောက် ဧပြီလအတွင်း စစ်ကိုင်း၊မကွေး၊ပဲခူး၊ကရင်၊မွန်၊ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပြီးတဲ့အကြောင်း တပ်တွင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အပြင်းထန်ဆုံးက ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲဖြစ်ပြီး ဧပြီ ၂၃ ရက်မှာ ဂျက်ဖိုက်တာ ၁၀ စီးအထိပစ်ကူပေးခဲ့တယ် လို့ ဒေသတွင်းသတင်းတွေရော တပ်တွင်းရင်းမြစ်တွေကပါ ပြောပါတယ်။
ဆူးဘုံ လေယာဥ်ကွင်း နဲ့ ဗားစ် တံတားကိုပြန်ရဖို့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဧပြီ ၂၅ မှာ ဖလမ်းကို စစ်တပ်က ပြန်ရခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်နယ်မြေတချို့ကို ဧပြီလထဲမှာ လေယာဥ်အုပ်ဖွဲ့ပြီး ဗုံးကြဲတဲ့အကြောင်း အေအေက ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၉ ရက်မှာ ကျောက်တော်မြို့နဲ့ ပလက်ဝမြို့က နေရာတချို့ကို ဂျက်ဖိုက်တာ ငါးစီးအပြင် သယ်ယူပို့ဆောင်ရေးလေယာဥ်ဖြစ်တဲ့ Y-12 နှစ်စီးနဲ့ပါ ရှေ့ဆင့်နောက်ဆင့် တချိန်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့ကို ဂျက်ဖိုက်တာ သုံးစီးနဲ့ ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြောက်ဦးပါ တဆက်တည်းဗုံးကြဲခံရတယ် လို့ အေအေက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းနဲ့ကချင်ဘက်မှာဆိုရင်လည်း စစ်တပ်ကလေယာဉ်ပိုသုံးလာတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ကသာ - နဘား၊ အင်းတော်တိုက်ပွဲတွေမှာ သိသာတယ်လို့ သူကပြောပါတယ်။
အရင်က တံတားဦးနဲ့ မိတ္ထီလာ(ရှမ်းတဲ)ဘက်ကပဲ ကချင်ဘက်ကို လေယာဉ်လာပေမဲ့ အခုတော့ ဟုမ္မလင်းလေတပ်ကိုပါ သုံးလာတယ် လို့ သူကပြောပါတယ်။
"၅ မိနစ်လောက်အတွင်း လေယာဉ်ရောက်လာတာပေါ့။ လေကြောင်းရန်ကို ပိုသတိထားနေရတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီအတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ၁၇၈ ကြိမ်ပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း ၁၃၈ ဦးသေဆုံးပြီး ၂၀၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အရင်လေတပ် အခုလေတပ်

ဓာတ်ပုံ ရင်းမြစ်, Cincds
ဒုဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်ရမယ့်လေတပ်ဟာ သူ့ဆရာ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း လက်ထက်က အခြေအနေနဲ့ အများကြီးကွာခြားသွားပါပြီ။
၂၁၂၁ အာဏာမသိမ်းခင်က လေတပ်ဟာ နိုင်ငံတော်ခရီးစဥ်တွေနဲ့ စစ်တပ်ရဲ့အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေကိုပဲ အဓိက သယ်ယူပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။
တိုက်ပွဲတွေက အခုလောက်မများတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်တယ်လို့ CDM တပ်အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ပြောပါတယ်။
၂၀၁၉ ခုနှစ်က ချင်းပြည်နယ်၊ ပလက်ဝမှာ အာရက္ခတပ်တော်(အေအေ)နဲ့ ဖြစ်တဲ့တိုက်ပွဲနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်တပ် (MNDAA)နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှု အကန့်အသတ်နဲ့ပါခဲ့တဲ့တိုက်ပွဲတွေအဖြစ် MDSI က ဖော်ပြပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် စစ်တပ်ရဲ့နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုက ၁၁၈၀ ကြိမ် ရှိခဲ့တယ်လို့ MDSI ရဲ့ သုတေသနမှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၇၀၀ ကျော်အထိ သေဆုံးခဲ့ပြီး သုံးထောင်နီးပါး ဒဏ်ရာရခဲ့တယ်လို့ အဲဒီသုတေသနမှာ ပါဝင်ပါတယ်။
ကြည်းရဲ့အမိန့်အောက်က လေတပ်

ဓာတ်ပုံ ရင်းမြစ်, Cincds
လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အမိန့်ပေးစနစ်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကပဲ အဓိကကျတဲ့အတွက် လေချုပ်ရာထူးကို ဘယ်သူရောက်ရောက် အများကြီးထူးခြားမှာမဟုတ်ဘူး လို့ CDM လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။
လေတပ်ရဲ့ အုပ်ချုပ်ရေး၊ လေ့ကျင့်ပျံသန်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုပဲ ကက(လေ)က တာဝန်ယူရပြီး စစ်ဆင်ရေးတွေကိုတော့ ကက(ကြည်း)ရဲ့ ညွှန်ကြားမှုအောက်ကပဲ အတိအကျလုပ်ရတယ်လို့ စစ်ရုံးကရော CDM အရင်းအမြစ်တွေကပါပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် နယ်မြေတွေဆုံးရှုံးခဲ့ရတဲ့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကိုပဲ အဓိကအားပြု နေတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်ချုပ်သက်တမ်း ၁၅ နှစ်အတွင်း လေတပ်ကို တိုက်လေယာဥ်တွေအပါအဝင် လေယာဥ် ၁၂၇ စင်းနဲ့ ရဟတ်ယာဥ် ၃၈ စင်း အထိ တပ်တော်ဝင်ခဲ့တယ် လို့ လေတပ်မှတ်တမ်းတွေအရ သိရပါတယ်။
ဒါပေမဲ့ မြန်မာလေတပ်ဟာ မတူညီတဲ့ လေကြောင်းစစ်ဗျူဟာ လိုအပ်ချက် ၂ မျိုးကို တပြိုင်နက် ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ MDSI က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cincds
ပထမတစ်ချက်က ကျယ်ပြန့်လာတဲ့ ပြောက်ကျားစစ်ကို လိုက်လံတိုက်ခိုက်ဖို့ဖြစ်ပြီး၊ ဒုတိယက ပြတ်တောက်သွားတဲ့ မြေပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို အစားထိုးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
လေတပ်မှာ တိုက်လေယာဉ်ကြီးတွေ ပိုင်ဆိုင်ထားပေမဲ့ ပုံသေစခန်းမရှိတဲ့ ရွေ့လျားပစ်မှတ်ငယ်တွေကို လိုက်လံတိုက်ခိုက်ရာမှာ ကုန်ကျစရိတ်နဲ့ ထိရောက်မှုက မျှတမှုမရှိပါဘူး။
ဒါကြောင့် လေတပ်ဟာ သယ်ယူပို့ဆောင်ရေးလေယာဉ်ငယ်တွေကို အပေါ့စားဗုံးကြဲလေယာဉ်အဖြစ် ပြင်ဆင်ပြောင်းလဲသလို ဈေးသက်သာပြီး၊ အနိမ့်ပျံသန်းနိုင်တဲ့ Paramotor နဲ့ Gyroplane လို စက်တပ်ဝေဟင်ယာဉ်ငယ်တွေကိုပါ ပေါင်းစပ် အသုံးပြုလာတယ်လို့ CDM လေတပ်အရာရှိတစ်ဦးကပြောပါတယ်။
မြန်မာလေတပ်မှာ ရုရှားထုတ် စတုတ္ထမျိုးဆက်လွန် Su-30 တိုက်လေယာဥ်တွေလည်း ပိုင်ဆိုင်ထားပြီး နှစ်စဥ်လေယာဥ်တွေဝယ်ယူအားဖြည့်နေပါတယ်။
မြန်မာလေတပ်ကိုလေယာဥ်ဆီဖြတ်တောက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက တိုက်တွန်းကြပေမဲ့ လေယာဥ်ဆီတွေ ရရှိနေဆဲဖြစ်ပါတယ်။
နိုင်ငံတ၀န်းက စစ်ဆင်ရေးတွေမှာ လေတပ်က အထောက်အကူပြုနေတယ်လို့ မနှစ်က ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လေချုပ်ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ပြောခဲ့ပါတယ်။
တပ်ချုပ်အသစ်နဲ့ လေချုပ်အသစ်သာပြောင်းသွားပေမဲ့ မြန်မာစစ်တပ်ဟာပြည်တွင်းစစ်ကို လေကြောင်းကနေပဲ အားပြုတိုက်ခိုက်နေရဦးမယ်လို့ အကဲခတ်တွေကသုံးသပ်ပါတယ်။
ဆန်ရှင်ထိတဲ့ လေချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်၊သေဆုံးဒဏ်ရာရတဲ့ လတ်တလောဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မေ ၁၂ မှာထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက IIMM ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေအတွက် အထောက်အထားတွေ စုဆောင်း၊ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
လက်ရှိ ကာကွယ်ရေးဝန်ကြီးဖြစ်သွားတဲ့ လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန်၊ ယူကေနဲ့ ဥရောပနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းအောင်ရှေ့က လေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်လည်း အလားတူ အရေးယူပိတ်ဆို့ခံထားပါတယ်။
မြန်မာလေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေတယ်လို့ IIMM က ထုတ်ပြန်ပါတယ်။
" ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ" လို့ IIMM ယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။










