ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၃၁ ရက်သတင်းအနှစ်ချုပ် - "မြန်မာ့ပြည်တွင်းစစ်ဟာ အာဆီယံအတွက်အစွန်းအထင်းဖြစ်စေ" - အရှေ့တီမော သမ္မတ
မြန်မာက ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ စီးပွားကျဆင်းသလို နိုင်ငံထဲက သာမန်ပြည်သူအရပ်သားတွေ၊ လယ်သမားနဲ့ စာသင်ကြားနေကြတဲ့ ကျောင်းသားလူငယ်တွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေတယ်လို့ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့ ဟော်တာက ပြောလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ၂၀၂၆ ရှန်ဂရီလာဆွေးနွေးပွဲမှာ မနေ့ မေလ ၃၀ ရက်က တက်ရောက် ဆွေးနွေးချိန် သူက ခုလိုပြောတာဖြစ်ပါတယ်။
မြန်မာရဲ့ "ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အထင်ကြီးလောက်စရာ အောင်မြင်မှုစာရင်းမှာ အစွန်းအထင်းတစ်ခုဖြစ်နေတယ်" လို့ အရှေ့တီမောသမ္မတက ဆိုပါတယ်။
ဒါ့အပြင် သမ္မတ ဟိုဆေး ရာမို့ ဟော်တာက မြန်မာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အထမြောက်လာစေဖို့ အရှေ့တောင်ဒေသတွင်းနိုင်ငံတွေထဲက အငြိမ်းစား ကြယ်လေးပွင့် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကို အထူးသံတမန်အဖြစ် အာဆီယံအနေနဲ့ ခန့်အပ်ပေးဖို့ကိုလည်း အဆိုပြုပါတယ်။
ဒီလိုအဆိုပြုရတာဟာ လူသားချင်းစာနာအကူအညီတွေ နိုင်ငံထဲ အကန့်အသတ်မရှိ ဝင်စေပြီး လူထုရဲ့ ဒုက္ခတွေကို သက်သာစေဖို့လို့ သူက ထောက်ပြပါတယ်။
အလားတူ ဒီအထူးသံတမန်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာပါတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ လူသားစာနာအကူအညီတွေ ဝင်ခွင့်ပြုဖို့နဲ့ အကျပ်အတည်းတွေကို ကြားဝင်စေ့စပ်ဖို့ စတဲ့ အချက်တွေကို မြန်မာ့ငြိမ်းချမ်းရေးအတွက် လမ်းညွှန်မှုတွေပေးနိုင်ဖို့ဆိုပြီး တီမော သမ္မတက ထည့်သွင်းပြောကြားပါတယ်။
အရှေ့တီမောဟာ မြန်မာစစ်တပ်အရာရှိတချို့ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က အမှုဖွင့်တိုင်ကြားတဲ့ တိုင်တန်းချက်ကို လက်ခံထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
မေလထဲမှာပဲ အဲဒီအမှုအတွက် တရားရေးရာ နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ တီမောပထမတန်းတရားရုံးဆီ တင်သွင်းလိုက်နိုင်ပြီလို့ CHRO က အစောပိုင်းမှာ ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တီမောဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေတာဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေကတော့ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံရုံးတာဝန်ခံကို ဖေဖော်ဝါရီမှာ ထွက်ခွာခိုင်းတာတွေ လုပ်ခဲ့ပြီး တီမောအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားနဲ့ ရပ်တည်ချက်ပြောင်းလဲခြင်းမရှိသေးရင် ပိုမိုပြင်းထန်တဲ့ အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး တစ်ခုဖြစ်၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကောင်းတပ်ရွာအနီးမှာ ဒီနေ့ နေ့လယ်ပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ခန့်မှာ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ခဲ့တာကြောင့် ကလေး ၁ ဦး သေဆုံးတယ်လို့ ကနဦးသိရပြီး ထိခိုက်သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
"ပေါက်ကွဲမှုကြီးလို့ အထိအခိုက် များတယ်။ သေဆုံး၊ ထိခိုက်သူ အရေအတွက် ထပ်တိုးလာနိုင်တယ်" လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တအာင်းတပ်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ကောင်းတပ်ရွာမှာ "မနက်ပိုင်းတုန်းက ပေါက်ကွဲမှုဖြစ်တယ်။ အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲဖြစ်တယ်"လို့ ဖြေကြားပါတယ်။
ဘီဘီစီကို သတင်းရင်းမြစ်ပေးပို့လာတဲ့ ရုပ်သံဖိုင်အတိုထဲမှာလည်း အိမ် ၅ အိမ်ထက်မနည်း အိမ်ခေါင်မိုးတွေပါ လန်ပြီး ပျက်စီးသွားတာတွေ့ရပြီး ပေါက်ကွဲမှုကနေ ထွက်ပေါ်တဲ့ မီးခိုးလုံးကြီးတစ်ခုဟာ ကောင်ကင်ပေါ်ကို ပေ ၄၀ နီးပါးလောက်အထိ မြင့်တက်နေတာ တွေ့ရပါတယ်။
နမ့်ခမ်းဒေသခံတချို့ကတော့ ဒီပေါက်ကွဲမှုဟာ ယမ်းတွေ သိုလှောင်ထားတဲ့အိမ်တစ်အိမ်ကနေ စပြီးဖြစ်တာလို့ ပြောဆိုနေကြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
နမ့်ခမ်းမြို့ကို တအာင်းတပ်(TNLA) က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ၂၀၂၃ နိုဝင်ဘာကနေ လက်ရှိအချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကား ၂၀၀ နီးပါး ကသာမြို့ကနေ တက်လာတယ်လို့ KIA ပြော
စစ်ကား အစီးရေ ၂၀၀ နီးပါးပါတဲ့စစ်ယာဥ်တန်းဟာ မနေ့ မေလ ၃၀ ရက်တုန်းက စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာမြို့ကို ဖြတ်ကျော်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်ကို ဦးတည်လာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
"ကားအစီးပေါင်း ၂၀၀ လောက် တက်လာတယ်ဆိုတာ အတည်ပြုနိုင်တယ်။ ကသာ(မြို့)၊ နဘား(တိုက်နယ်)ဘက်ကို ကျော်ပြီး နန့်စီးအောင် ဘက်ရောက်နေပြီ" လို့ သူက မေလ ၃၁ ရက် မနက်ပိုင်းမှာ ပြောပါတယ်။
အဲဒီယာဉ်တန်းမှာ လူထုရဲ့ကုန်ကားတချို့လည်း ပါဝင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကြားဖြတ်တိုက်လို့ မရအောင် ကုန်ကားတချို့နဲ့ ရောပြီး တက်တာလို့လည်း သူက ပြောပါတယ်။
စစ်တပ် ယာဉ်တန်းဟာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေအတွက် လက်နက်ခဲယမ်းနဲ့ မိုးတွင်းအတွက် စားနပ်ရိက္ခာတွေ အဓိကသယ်ဆောင်လာတာလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
အဲဒီစစ်ယာဉ်တန်းမှာ သံချပ်ကာကားနဲ့ တင့်ကားတချို့လည်း ပါဝင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တပ်အင်အားအနေနဲ့ "ကားတစ်စီးကိုမှ စစ်သားက ၅ ယောက်ဝန်းကျင်ပဲ ပါတာ။ ကနဦး ဝင်လာတဲ့ စစ်ကား ၄၀ ကျော်ဆို လူအလွတ်ပဲ။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့နေတာ" လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ အဲဒီစစ်ယာဉ်တန်းဟာ ဗန်းမော်တိုက်ပွဲကို လက်နက်နဲ့ ရိက္ခာတွေပို့မယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။
ဗန်းမော်ဟာ မြန်မာစစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ ကသာမြို့နဲ့ တကြောတည်းဖြစ်ပြီး ရွှေကူကနေ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာထဲက စင်းခန်းတံတားကို ဖြတ်ရမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်က "စင်းခန်းကို ထိုးဖောက်ဖို့အထိ ပြင်နေပြီး စင်းခန်းကနေ အပေါ်ဘက် ရွှေကူ-ဗန်းမော်၊ အောက်ဘက်ဆိုရင် မိုးမိတ်-မဘိမ်းအထိ လမ်းပိုင်းကို ပြန်ထိန်းချုပ်ချင်နေတာ" လို့ သူက ပြောပါတယ်။
လက်ရှိမှာ အဲဒီလမ်းပိုင်းက နေရာအများစုကို KIA နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မဘိမ်းမြို့ကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မဘိမ်းနားက မိုးမိတ်မြို့ကိုတော့ စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ ၂၀၂၅ အောက်တိုဘာတုန်းက အပစ်ရပ်သဘောတူညီမှုကနေ မြန်မာစစ်တပ်က ပြန်ရခဲ့တာဖြစ်ပါတယ်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတကြောကိုလည်း မြန်မာစစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီး ကုန်းလမ်းကြောင်း ပွင့်သွားပြီလို့ မေလထဲမှာပဲ နိုင်ငံပိုင်သတင်းဌာနတွေကနေ သတင်းထုတ်ပြန်တာတွေ လုပ်ခဲ့ပါတယ်။
မြေပြင်မှာတော့ အင်းတော်နဲ့ ကသာမြို့နယ်ထဲက နေရာတချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်တပ်ကလည်း တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဘီဘီစီရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ ကချင်ပြည်နယ်ထဲ ဦးတည်နေတဲ့ စစ်ယာဉ်တန်းတွေနဲ့ ပတ်သက်လို့ ဒီနေ့ မေလ ၃၁ ရက်မွန်းလွဲပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မန္တလေးမှာ ဘောလုံးပွဲအကြောင်း စနောက်ရာကနေ ရိုက်နှက်မှုဖြစ်
ရန်ကုန်မှာ ဖျော်ဖြေရေးလုပ်ငန်းတွေကို ည ၁၁ နာရီနောက်ဆုံးထား ပိတ်ခိုင်းနေတယ်လို့ဆို
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက စားသောက်ဆိုင်တစ်ခုမှာ မနေ့ မေလ ၃၀ ရက်ညက UEFA Champions League ဖလား ဘောလုံးပွဲပြနေချိန်အတွင်း ဆိုင်မှာလာရောက်ကြည့်သူရှုသူတွေ စနောက်ကြရာကနေ ဒဏ်ရာရတဲ့အထိ ရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ အဲဒီဆိုင်မှာရှိခဲ့တဲ့သူတချို့က ပြောပါတယ်။
ဟန်ဂေရီနိုင်ငံ Puskás Arena ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ PSG အသင်း ဗိုလ်လုပွဲစဉ်ကို မန္တလေးက စားသောက်ဆိုင်တစ်ခုမှာပြသနေချိန် ဆိုင်ထဲမှာ အခုလိုထိုးကြိတ်ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာလို့ ထိခိုက်ဒဏ်ရာရခဲ့သူတချို့က ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ခေါင်းကွဲပြီး သွေးထွက်နေတဲ့ လူငယ်အမျိုးသားနဲ့ သူ့ကို တွဲလာတဲ့အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။
ရန်ပွဲအသွင်ဖြစ်ခဲ့တဲ့ အဲဒီရိုက်နှက်မှုအတွင်း ဦးခေါင်းကို ပုလင်းနဲ့ အရိုက်ခံရသူ တစ်ဦးရှိခဲ့ပြီး ဦးခေါင်းကွဲပြီး ၄ ချက် ချုပ်လိုက်ရတယ်လို့ ကာယကံရှင်ရဲ့ညီမဖြစ်သူက ပြောပါတယ်။
"ရန်ဖြစ်တာမျိုး မဟုတ်ဘဲ အာဆင်နယ် အသင်းရှုံးသွားတော့ ဆိုင်ထဲက လူတွေက သီချင်းအော်ဆိုပြီး စကြတာ။ အဲဒီကနေ အားပေးသူ တချို့က ဘီယာပုလင်းကိုင်ပြီး ဘေးနားက ဝိုင်းတွေကို လိုက်ရိုက်တာ" လို့ သူက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဆိုင်ထဲမှာ ရှိခဲ့တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း ရန်ပွဲအတွင်း ခေါင်းကို ရိုက်နှက်ခံခဲ့ရပြီး ပြေးလွှားရင်း ခိုက်မိတာတွေကြောင့် အညိုအမည်းစွဲဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မနေ့ညတုန်းက ကစားခဲ့တဲ့ UEFA Champions League ဗိုလ်လုပွဲမှာတော့ PSG အသင်းက အာဆင်နယ်ကို ပယ်နယ်နီ အဆုံးအဖြတ်နဲ့နိုင်ပြီး ဥရောပရဲ့ ချန်ပီယံ နှစ်နှစ်ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၅-၂၀၂၆ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားတာကြောင့် UEFA ဖလားကိုလည်း အနိုင်ရဖို့ မြန်မာအပါအဝင် ကမ္ဘာတလွှားက အာဆင်နယ် အသင်းပရိသတ်တွေ မျှော်လင့်ချက်နဲ့ အားပေးခဲ့ကြတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ ကေတီဗီ(KTV)၊ ဘားနဲ့ ကလပ်တွေကို မေလကုန်ပိုင်းကစပြီး ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ အချိန်သတ်မှတ်ပြီးဖွင့်ဖို့ ရပ်ကွက်တချို့မှာ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေ လိုက်လံစစ်ဆေး ပြောကြားတာတွေရှိတယ်လို့ မြို့ခံတချို့ကနေ သိရပါတယ်။
အလားတူ ဆိုင်တွေက ဖျော်ဖြေရေးတီးဝိုင်းတွေကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေတာတွေရပ်ဖို့ ဒေသန္တရအမိန့်ဆိုပြီး ညွှန်ကြားတာတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဒီလို ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကေတီဗီ၊ ဘားနဲ့ ကလပ်တွေအတွက် ဖွင့်ချိန်၊ ပိတ်ချိန် ကန့်သတ်မှုဟာ အရပ်ဘက်အသွင်ပြောင်းအစိုးရအဖွဲ့ရဲ ရက် ၁၀၀ စီမံချက်အတွင်း လုပ်ဆောင်တာဖြစ်တယ်လို့လည်း မြို့ ခံတချို့က ယူဆနေကြပါတယ်။
ရန်ကုန်က ကလပ်အချို့ကလည်း ဆိုင်ဖွင့်ချိန်ကို ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်း လူမှုကွန်ရက် ကြော်ငြာပို့စ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။
နေပြည်တော်ကတော့ ရန်ကုန်က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဒီနေ့ မေလ ၃၁ ရက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ပြင်သစ်မှာ PSG နိုင်ပွဲကို အောင်ပွဲခံရင်း ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၄၀၀ ကျော် အဖမ်းခံရ
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြင်သစ်အသင်း PSG က အာဆင်နယ်ကို အနိုင်ရပြီးနောက် ပြင်သစ်နိုင်ငံတဝန်း အောင်ပွဲခံရာကနေ ပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၄၀၀ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
အောင်ပွံခံချိန်မှာ ပဲရီမြို့လယ်က အများပြည်သူသွားလာကြတဲ့ ဘတ်စ်ကား၊ ရထား စတဲ့ ဝန်ဆောင်မှုပေးတဲ့နေရာတွေကို အနှောင့်အယှက်ဖြစ်စေပြီး မငြိမ်မသက်ဖြစ်စေတာကြောင့် ပြင်သစ်အာဏာပိုင်တွေက ရဲအင်အား ထောင်ချီကို လုံခြုံရေးဖြန့်ကြက်ထားခဲ့ရတဲ့အခြေအနေလို့ ဆိုပါတယ်။
ဘောလုံးပရိသတ်တွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့လို့ ရဲတွေ ဒဏ်ရာရခဲ့သလို မြို့လယ်ခေါင်က လူအုပ်ကို ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက PSG အသင်း ချန်ပီယံလိဂ်ဖလား ရခဲ့ချိန်တုန်းကလည်း အခုလို အောင်ပွဲခံရာကနေ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး အသက်ဆုံးရှုံးတဲ့ဖြစ်စဉ်တချို့ ရှိခဲ့ပါတယ်။
ဒီနှစ်မှာလည်း အာဏာပိုင်တွေက "ပိုတင်းကျပ်ပြီး စောင့်ကြပ်ထိန်းချုပ်တဲ့စနစ်တစ်ခုကို ပြင်ဆင်ထားတယ်" လို့ ပြည်ထဲရေးဝန်ကြီး Laurent Nuñez က ပြောကြားထားပါတယ်။
မနေ့ညပိုင်းက ကစားခဲ့တဲ့ ချန်ပီယံ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်း PSG က အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီးတဲ့နောက် ပါရီမြို့ရဲ့အထင်ကရလမ်းမကြီးမှာ ပရိသတ်တွေ ဝိုင်းအုံနေခဲ့ပါတယ်။
မြို့တွင်းက လူထုတွေ ရိုက်ကူးခဲ့ကြတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာလည်း မီးရှူးမီးပန်းများ ပစ်ဖောက်နေကြပြီး လမ်းတွေမှာလည်း အောင်ပွဲခွံသူတချို့က လျှပ်စစ်စက်ဘီးတွေကို မီးရှို့နေတဲ့မြင်ကွင်းတွေကိုလည်း တွေ့ရပါတယ်။
နောက်ပြီး ဆိုင်တစ်ဆိုင်ရဲ့ မှန်တွေကို ရိုက်ခွဲနေကြတဲ့ ရုပ်သံဖိုင်တစ်ခုလည်း ပျံ့နှံ့ခဲ့ပါတယ်။
ဗိုလ်လုပွဲမတိုင်ခင် အစောပိုင်းတုန်းကလည်း PSG အသင်း အိမ်ကွင်း ရုပ်သံပြသမယ့်နေရာမှာ ပရိတ်သတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ခဲ့တာရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ ယာဉ် ၆ စီး၊ လုပ်ငန်းနေရာ ၂ ခုနဲ့ ဘတ်စ်ကားရပ်နားတဲ့နေရာတစ်ခု ပျက်စီးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ မေ ၃၁ ရက်နေ့ ပြင်သစ်ဒေသစံတော်ချိန် အစောပိုင်းအထိ ပဲရစ်မြို့က လူ ၂၈၀ ဦးအပါ လူပေါင်း ၄၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ ရဲအရာရှိ ၇ ဦး ဒဏ်ရာရခဲ့ပြီး ဒီလိုရုန်းရင်းဆန်ခတ်ဖြစ်တာကို "လက်ခံစရာအကြောင်းမရှိဘူး" လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
PSG အသင်း ကစားသမားတွေဟာ မေလ ၃၁ ရက်(တနင်္ဂနွေနေ့) ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်းမှာ အောင်ပွဲခံ စီတန်းလှည့်လည်ပွဲလုပ်ဖို့ စီစဉ်ထားကြပြီး အီဖယ်မျှော်စင်ဘေးက Champ-de-Mars ကို လှည့်လည်ကြည့်ရှုတာနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်း ကျင်းပပေးတဲ့ ဧည့်ခံပွဲကိုလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။
ပုဂံပြတိုက်က ရွှေ့လိုက်တဲ့ ကြေးကြာဖူး ဘယ်မှာလဲ
နှစ် ၉၀၀ ဝန်းကျင်သက်တမ်းရှိ ပုဂံခေတ် ၁၁ ရာစုလက်ရာ ကြေးကြာဖူးကို နေပြည်တော်အမျိုးသားပြတိုက်မှာ vault (ဗော်လ့်) ခန်း လို့ခေါ်တဲ့ အဆင်မြင့်လုံခြုံရေးခန်းမှာ သိမ်းဆည်းထားရှိထားတယ်လို့ နေပြည်တော်ရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီမံဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် က ဘီဘီစီကို ဒီကနေ့ မေ ၃၁ ရက်မှာ ပြောပါတယ်။
''ကြေးကြာဖူးက ရှားပါးတဲ့အတွက် ရှေးဟောင်းပစ္စည်းဖြစ်တဲ့အတွက် လုံခြုံရေးပိုကောင်းမွန်တဲ့ နေပြည်တော်အမျိုးသားပြတိုက်က ဗော့လ်ခန်းထဲမှာပဲ သိမ်းဆည်းထားရှိပါတယ်။ ရှိနေကြောင်း ကျွန်တော် တာဝန်ယူပါတယ်။တာဝန်ခံပါတယ်'' လို့ ဦးအောင်ကျော်ကျော် ကပြောပါတယ်။
၂၀၂၃- ၂၄ ဘဏ္ဍာရေးနှစ်က ပုဂံဒေသတွင်း တိုက်ပွဲတွေနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် ပုဂံပြတိုက်က ကြေးကြာဖူးအပါအဝင် ရှေးဟောင်းပစ္စည်းတချို့ကို နေပြည်တော်အမျိုးသားပြတိုက်ကိုရွှေ့ပြောင်းထားရှိဖို့ဆိုတဲ့ ညွှန်ကြားချက်ရှိခဲ့တယ်လို့ အဲဒီကာလက ပုဂံမြို့ဟောင်း ရှေးဟောင်းသုတေသနပြတိုက်မှာ ညွှန်ကြားရေးမှူးတာဝန်ယူခဲ့တဲ့ ဦးကျော်မျိုးဝင်း(လက်ရှိ တူးဖော်ရှေးပစ္စည်းကမ္ပည်းကျောက်စာဌာနခွဲ၊ညွှန်ကြားရေးမှူး) က ဘီဘီစီကို ပြောပါတယ်။
အဲဒီလိုညွှန်ကြားချက်ကြောင့် ရှေးဟောင်းပစ္စည်းတွေမပျောက်ပျက်ရေး စီမံချက်နဲ့ စနစ်တကျပြောင်းရွှေ့ခဲ့ရတာလို့ ဦးကျော်မျိုးဝင်း ကဆိုပါတယ်။
'' အဲဒီကာလက ပုဂံရဲ့ နယ်မြေအခြေအနေ၊ အထူးသဖြင့် ဧရာဝတီမြစ်တဖက်ကမ်း နဲ့ ငါ့သရောက်မြို့က အခြေအနေတွေကြောင့် နေပြည်တော်ကနေ ပုဂံရှေးဟောင်းပြတိုက်ထဲက တန်ဖိုးကြီး ရှားပါးတဲ့ရှေးဟောင်းပစ္စည်းတွေကို နေပြည်တော်ပြတိုက်ကိုရွှေ့ပြောင်းခိုင်းတာပါ'' လို့ ဦးကျော်မျိုးဝင်း က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ရှေးဟောင်းကြေးကြာဖူးကို ပုဂံမြို့ဟောင်းရှေးဟောင်း သုတေသနပြတိုက်ကနေ နေပြည်တော်အမျိုးသားပြတိုက်ကို ပို့ဆောင်ထားတယ်ဆိုတဲ့ ကြေညာချက်စာရွက်ပျံ့နှံ့နေပါတယ်။
တချိန်တည်းမှာပဲ အဲဒီ ကြေးကြာဖူးကို နေပြည်တော်ပြတိုက်မှာလည်း မတွေ့ရှိဘူးဆိုတဲ့ ပြောဆိုချက်တွေရှိနေတာပါ။ ပြင်ပရှေးဟောင်းပညာရှင်အချို့ကလည်း ပုဂံပြတိုက်က ပျောက်နေတဲ့ ကြေးကြာဖူးကို စိစစ်ပေးဖို့ ပြောဆိုနေကြတာပါ။
ဦးအောင်ကျော်ကျော်ကတော့ ၂၀၂၅ ငလျင်ဘေးထိခဲ့တဲ့ နေပြည်တော်အမျိုးသားပြတိုက်ကိုပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး ပြခန်းတွေပြင်ဆင်ရေးအလုံးစုံမပြီးသေးတာကြောင့် ပြခန်းအပြည့်မဖွင့်နိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။
'' ပြခန်း ၁၃ ခန်းမှာ ၆ ခန်းလောက်ပဲ ပြင်ဆင်ပြီးစီးပါသေးတယ်။ ကျန်တဲ့အခန်းတွေကမပြီးသေးပါဘူး။ နောက်တစ်ချက်က ဒီကြေးကြာဖူးက ပုဂံကပစ္စည်းဖြစ်ပါတယ်။ ဒီတော့ ပိုလုံခြုံတဲ့နေရာမှာလည်းသိမ်းထားရတာကြောင့် မပြနိုင်သေးတာပါ'' လို့ ရှင်းပြပါတယ်။
အခု ပုဂံကနေ နေပြည်တော် ကိုရွှေ့ထားတဲ့ ကြေးကြာဖူးက ပုဂံခေတ် ၁၁ ရာစုလက်ရာဖြစ်ပြီး ၁၉၇၅ ခုနှစ်၊ ငလျင်လှုပ်ချိန်က ဥပါလိသိမ်အနီး ဂူဘုရားပျက်က ရရှိခဲ့တာလို့ သမိုင်းအထောက်တချို့ကဖော်ပြပါတယ်။
ကြေးလက်ရာ ပြောင်မြောက်လွန်းလှပြီး ကြေးကြာဖူးမှာ ပွင့်ဖတ်၈ ချပ်ပါရှိကာ အဖွင့်အပိတ်ကို အဆင့်ဆင့်ပြုလုပ်ထားလို့ လက်ရာထူးခြားသလို ပုဂံခေတ်ပန်းတဉ်းပညာရပ် အဆင့်မြင့်ကြောင်းပြသတဲ့ရှေးဟောင်းလက်ရာပစ္စည်းလို့ ညွှန်းဆိုကြပါတယ်။
ကြာပန်းခိုင်အဖူးကိုဖွင့်လိုက်တဲ့အခါ ကြာပွင့်ပုံစံဖြစ်သွားပြီး ပိတ်လိုက်တဲ့ အခါ ကြာဖူးပုံဖြစ်သွားအတွက် ကြေးကြာဖူး လို့ ခေါ်ကြပါတယ်။
ကြာရိုးတံရဲ့ တည့်တည့်မှာ စေတီငယ်တစ်ဆူရှိပြီး ကြာဖတ်ရဲ့ အတွင်းပိုင်း ကွမ်းတောင်မှာ ဗုဒ္ဓဝင်ရှစ်ခန်းကို လက်ရာပြောင်မြောက်စွာ ထုဆစ်ထည့်ထားတာတွေ့ရှိရပါတယ်။
ဘီဘီစီက နေပြည်တော်အမျိုးသားပြတိုက်တာဝန်ခံကို ထပ်မံဆက်သွယ်ပြီး မေးမြန်းတဲ့အခါ နေပြည်တော်အမျိုးသားပြတိုက်မှာ ကြေးကြာဖူးရှိနေကြောင်းအတည်ပြုနိုင်တယ်လို့ ဖြေပါတယ်။
နေပြည်တော်အမျိုးသားပြတိုက်တာဝန်ခံရဲ့ အပြောအရ တစ်နိုင်ငံလုံးမှာ ရှေးဟောင်းလက်ရာမြောက် ကြေးကြာဖူး ၂ ခုသာရှိပြီး ရန်ကုန်အမျိုးသားပြတိုက်နဲ့ ပုဂံရှေးဟောင်းပြတိုက်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။