အမေရိကန်- ပါကစ္စတန်နဲ့ အီရန်တို့ သုံးနိုင်ငံမျက်နှာစုံညီဆွေးနွေးနေပြီ

ဖတ်ရန်အချိန်: မိနစ် ၁၆

ဘီဘီစီတောင်အာရှသတင်းထောက် အဇာဒီဇ်မိုရှီရီရဲ့ သတင်းပေးပို့ချက်အရ အမေရိကန်၊ အီရန်၊ ပါကစ္စတန် သုံးနိုင်ငံအကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကို အစ္စလာမ္မဘတ်က Serena Hotel မှာ ပြုလုပ်နေပါပြီ။

အရေးပါလှတဲ့ ကမ္ဘာ့သံတမန်ရေးအခင်းအကျင်းရဲ့ အလယ်ဗဟိုမှာပါကစ္စတန် ရောက်နေခဲ့တာက အလွန်ရှားပါးတဲ့ အခိုက်အတန့်တစ်ခု ဖြစ်သလို သူ ညှိနှိုင်းပေးနိုင်ခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု လို့ ပြောနိုင်ပါတယ်။

အခု ၂၀၂၆ ဆွေးနွေးပွဲဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်တော်လှန်ရေးနောက်ပိုင်းအချိန်ကစပြီးအမေရိကန်နဲ့ အီရန်အကြား ပြုလုပ်တဲ့ အမြင့်ဆုံးအဆင့်မျက်နှာချင်းဆိုင် ဆွေးနွေးပွဲဖြစ်လာပါတယ်။

အစောပိုင်းက ဘီဘီစီသတင်းထောက်ရရှိထားတဲ့အချက်အလက်တွေအရပါကစ္စတန်ဘက်က အခန်းတစ်ခန်းကနေ တစ်ခန်းဆီကို သွားလာညှိနှိုင်းနေပုံရပါတယ်။ အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးကသူတို့တင်ပြထားတဲ့ အကြံပြုချက်တွေထဲမှာတိုးတက်မှု ရနိုင်မယ်လို့ ထင်တဲ့ အချက်တွေကို မျက်နှာစုံညီဆက်ဆွေးနွေးကြတာမျိုးဖြစ်ပါတယ်။

ဒီစစ်ပွဲကြောင့်ကမ္ဘာ့ရေနံစျေးတွေ အလွန်အမင်း မြင့်တက်ခဲ့ပြီးအရှေ့အလယ်ပိုင်းမှာ ဓာတ်အားနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ စွာပျက်စီးခဲ့ကာလူထောင်ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုအခြေအနေကြောင့်အပစ်အခတ်ရပ်စဲရေးကို ပိုကြာရှည်ထိန်းထားနိုင်ပြီးအဆုံးမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရလာမယ်ဆိုရင်လူအများအတွက် အသက်ရှုခွင့်ရသလို ခံစားရစေမှာပါ။

ဒဏ်ခတ်အရေးယူမှုများအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့အီရန်ပြည်သူတွေအတွက်တော့စီးပွားရေးအတွက် အနည်းငယ်သက်သာမှုရလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒါပေမယ့်နိုင်ငံအတွင်းမှာ ဘီဘီစီသတင်းထောက်ကိုယ်တိုင်တွေ့ဆုံစကားပြောခဲ့တဲ့အီရန်ပြည်သူအချို့ အထူးသဖြင့်လုံခြုံရေးကြောက်ရွံ့မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရသူတွေကတော့ အီရန်ခေါင်းဆောင်တွေဟာ အရင်ကထက် ပိုမို တင်းမာပြတ်သားလာတယ်လို့ ဆိုကြပြီးကြောက်ရွံ့နေကြပါတယ်။

ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ ဖိနှိပ်မှုနဲ့ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက ဒီကနေ့အထိ မပျောက်ကြသေးပါဘူး။

အမေရိကန်ပိတ်ဆို့ထားတဲ့ အီရန်ပိုင်ငွေတွေကို ထုတ်ခွင့်ပေးမယ်ဆိုတဲ့သတင်းတွေကို ဝါရှင်တန်ငြင်းဆို

ပါကစ္စတန်က အမေရိကန်နဲ့ အီရန်ကြားက ဆွေးနွေးပွဲမစခင်မှာ အမေရိကန်အစိုးရက ပိတ်ဆို့ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ရန်ပုံငွေတွေကို ပြန်ထုတ်ပေးဖို့ သဘောတူထားတယ်ဆိုတဲ့သတင်းတွေကို ဝါရှင်တန်ဘက်က ငြင်းဆိုလိုက်ပါတယ်။

အီရန်အစိုးရပိုင် ရန်ပုံငွေနဲ့ ဘဏ်အကောင့်အချို့ကိုလွှဲမထုတ်နိုင်အောင် အမေရိကန်က အရေးယူပိတ်ဆို့မှုအနေနဲ့ ထိန်းချုပ်ထားတာဖြစ်ပြီးအဲဒီ ငွေတွေကို ပြန်ထုတ်ယူခွင့်ပေးမယ်ဆိုတာမဟုတ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ငြင်းဆိုပါတယ်။

လက်ရှိမှာ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ် ကတော့အီရန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီးဆွေးနွေးညှိနှိုင်းမှုတွေ မစခင်မှာ ထိန်းချုပ်ခံထားရတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို လွှတ်ပေးရမယ်လို့ ပြောဆိုထားဖူးပါတယ်။

ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးက အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အတွက်သူ့ရဲ့ ထောက်ခံသူတွေကို ရှင်းပြဖို့ အလွန်ခက်ခဲနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

တစ်ဖက်မှာတော့ပါကစ္စတန်အစိုးရအတွင်းမှ အရင်းအမြစ်များနဲ့အီရန် ကိုယ်စားလှယ်အဖွဲ့အတွင်းက ရင်းမြစ်တွေရဲ့ပြောဆိုချက်အရပါကစ္စတန် ဝန်ကြီးချုပ်နဲ့ အီရန်ဘက်က အဆင့်မြင့်အရာရှိတွေ တွေ့ဆုံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် နဲ့ တွေ့ဆုံထားတဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်ပါကစ္စတန်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် အီရန်နဲ့ အမေရိကန်အကြား သမိုင်းဝင် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတစ်ခု ဒါမှမဟုတ် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာနိုင် မလားဆိုတာကတော့ အခုအချိန်ထိ မသေချာသေးပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် အစ္စလာမာဘတ်ရောက်ရှိ

အီရန် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်ကို ရောက်ရှိလာပါပြီ။

Air Force 2 လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ အမေရိကန် ဒုသမ္မတကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှ ဒါး နဲ့ ကာကွယ်ရေးဦးစီးချုပ် အာစင် မူနီးယား တို့က ကြိုဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ဒုသမ္မတကို ကြိုဆိုတဲ့အချိန် အမေရိကန် ရဲ့ ကမ္ဘာ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ရှိမှုကို ချီးကျူးခဲ့ပါတယ်။

နောက်ပြီး ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အီရန် နဲ့ အမေရိကန် နှစ်နိုင်ငံအကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်ဖို့ မျှော်လင့်ကြောင်း နဲ့ ပဋိပက္ခရေရှည်ဖြေရှင်းနိုင်မယ့် ရလဒ်တစ်ခုထွက်တဲ့အထိ ကြားဝင်ဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

''တီဟီရန်က သတ်မှတ်ထားတဲ့အချက်တွေမရရင်ဆွေးနွေးပွဲပျက် နိုင်တယ်''- အီရန်နိုင်ငံပိုင်ရုပ်သံ

အစ္စလာမာဘတ်မြို့ကနေ တိုက်ရိုက်သတင်းပို့နေတဲ့ အီရန်နိုင်ငံပိုင် သတင်းရုပ်သံ IRINNရဲ့ သတင်းထောက်တစ်ဦး တင်ဆက်သွားတဲ့သတင်းမှာတော့ အီရန်ဘက်က ကြိုတင်သတ်မှတ်ချက်တွေ မပြည့်မီပါက ဆွေးနွေးပွဲကို ရပ်နားဖျက်သိမ်းသွားနိုင်တယ်လို့ ပြောပါတယ်။

အီရန်ရဲ့ '' အကျိုးအမြတ်၊ တောင်းဆိုချက်တွေနဲ့ ကန့်သတ်ချက်တွေ" ကို မလေးစားတဲ့ ဆွေးနွေးမှုကနေ ထွက်ခွာလာမှာက အီရန်ရဲ့ "တင်းမာပြတ်သားတဲ့ သံတမန်ရေး" အတွက်"အောင်မြင်မှုတစ်ရပ်" အဖြစ်တောင် မြင်နိုင်ကြောင်း ပြောပါတယ်။

အီရန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ် နဲ့ တွေ့ဆုံထားပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမယ့် အချိန်အပါအဝင် အသေးစိတ်တွေပို ရှင်းလင်းလာမယ်လို့ဆိုပါတယ်။

အီရန်နိုင်ငံပိုင်ရုပ်သံကလည်း အီရန်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ချက်တွေကို အလေးထားဖော်ပြနေသလို အမေရိကန်အပေါ် ယုံကြည်မှုမရှိကြောင်း အလေးပေး တင်ဆက်နေပါတယ်။

အစီရင်ခံစာများအရ အီရန်ဘက်က သူတို့ အသာစီးရထားကြောင်း ယုံကြည်နေပြီး သူတို့ရဲ့ သဘောထားတွေကို မဖြည့်ဆည်းနိုင်ပါက ဆွေးနွေးပွဲမဖြစ်နိုင်ကြောင်း သတင်းတွေထွက်ပေါ် နေပါတယ်။

ကမ္ဘာ့သံတမန်ရေး စင်မြင့်ပေါ် ရပ်တည်လာတဲ့ ပါကစ္စတန်

ပါကစ္စတန်၊ အစ္စလာမာဘတ်မြို့တော် အတွင်းမှာတော့ နေရာအနှံ့ လုံခြုံရေးချထားပြီး ဂိတ်စခန်းတွေကို ဖြတ်သန်းသွားလာနေရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကားတွေက လမ်းပေါ်မှာ လှည့်ပတ်နေပါတယ်။ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေရောက်ရှိလာမှုကြောင့် လမ်းမကြီးတွေကို သီးခြားရှင်းလင်းထားပါတယ်။

အစ္စလာမာဘတ်မြို့ခံတွေကတော့ ဆွေးနွေးပွဲရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာထက် ပါကစ္စတန်က ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးလမ်းကြောင်းပေါ် ရောက်လာတာကိုပဲ ဂုဏ်ယူနေကြတာကိုတွေ့ရပါတယ်။

"ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ စနေ၊တနင်္ဂနွေပဲ" လို့မြို့ခံ တစ်ဦးက ပြောခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့မှာတော့ ဒီဆွေးနွေးပွဲကနေ တကယ့်အကျိုးရှိမလား ဆိုတာကို ပိုပြီး အာရုံစိုက်နေကြပြီး အဖြေကတော့ မသေချာသေး ပါဘူး။

နှစ်ဖက်ရဲ့ ထုတ်ပြန်ချက်တွေ မတူညီနေတာ၊ အဓိကကိစ္စရပ်အချို့မှာ အမြဲတမ်း အမြင်ကွာဟနေတာ မျိုး သာမက၊ အခုဆွေးနွေးပွဲကို ဦးဆောင်နေသူဖြစ်တဲ့ အီရန် လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က အစ္စလာမစ် တော်လှန်ရေးကာကွယ်ရေးတပ်ဖွဲ့ (IRGC) နောက်ခံရှိသူဖြစ်ပြီး တီဟီရန်အစိုးရရဲ့ တန်ဖိုးများကို ထိန်းသိမ်းလိုသူ ဖြစ်ပါတယ်။

ဒေါနယ် ထရမ့်က "အုပ်ချုပ်ရေးစနစ် ပြောင်းလဲသွားပြီ" လို့ ဆိုနိုင်ပေမယ့် အီရန်နိုင်ငံအတွင်း လူထုအမြင်ကတော့ အဲဒီလို မမြင်ကြဘူး လို့ အီရန်နိုင်ငံထဲက ဘီဘီစီစကားပြောခဲ့ရသူတွေက ဆိုပါတယ်။

သမ္မတအမြင့်ဆုံးခေါင်းဆောင်အသစ်ကဘယ်သူပဲဖြစ်ပါစေ အရင်ခေါင်းဆောင်ဟောင်းတွေနဲ့ ပုံစံတူ ပြန်လာတာပဲ လို့ လူအများက မြင်ကြပါတယ်။ မြောက်အီရန်မှာ နေထိုင်သူ လူတစ်ဦးကတော့

"ခေါင်းဆောင်တွေက ပိုကောင်းလာတာမဟုတ်ဘူး၊ ပိုဆိုးလာတာပါ" လို့ ပြောပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးဖို့ အီရန်ကိုယ်စားလှယ်တွေ အစ္စလာမာဘတ်ကိုရောက်နေပြီ

အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ် ကို ဒီကနေ့ ဧပြီ ၁၁ ရက်မှာ ရောက်ရှိလာပါပြီ။

အမေရိကန်ဘက်က ဒုသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ပါကစ္စတန်နိုင်ငံကိုလာနေပါပြီ။

ဂျေဒီဗန့်စ်က တော့ " တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ပါတယ်။ တကယ်လို့ အီရန်ဘက်က ယုံကြည်မှုရှိရှိ မတုံ့ပြန်ဘူးဆိုရင်လည်း ဒါကို ကျွန်တော်တို့ သတိကြီးကြီးထားပါမယ်။ ကျွန်တော်တို့ကို လှည့်စားဖို့ကြိုးမယ်ဆိုရင် အမေရိကန်အနေနဲ့ ဒါကို လက်ခံမှာမဟုတ်ဘူး" လို့ ပါကစ္စတန်ကို ထွက်မလာခင် သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းကစလို့ ပါကစ္စတန်က အီရန် နဲ့ အမေရိကန်ကြားမှာ ကြားဝင်ဆောင်ရွက်နေတာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့ သမိုင်းဝင်ဆက်ဆံရေးရှိပြီး သမ္မတ ထရမ့်ကလည်း ပါကစ္စတန်က အီရန်ကို အသိဆုံးဖြစ်ပါတယ်လို့ ပြောထားပါတယ်။

ထရမ့်ကတော့ အီရန်ဘက်ကအဆိုပြုလာတဲ့ အချက် ၁၀ ချက်ပါအဆိုပြုချက်ကို လက်ခံရရှိထားပြီး "ဘာတွေကို ဆွေးနွေးရမလဲဆိုတဲ့ အခြေခံအချက်တွေ" ပါတယ်လို့ ပြောထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီကလည်း အချက် ၁၅ ချက်ပါ အဆိုပြုချက်ကို ထုတ်ပြောထားဖူးပါတယ်။ ထရမ့်ရဲ့ ဦးဆောင်ဆွေးနွေးမယ့်သူတွေကတော့ ဒါဟာ နှစ်ဖက် အငြင်းပွားမှုတွေနဲ့ ပဲ အဆုံးသတ်နိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။

တစ်ဖက်မှာလည်း အစ္စရေးက လက်ဘနွန်နဲ့ လာမယ့်အပတ်ထဲ အမေရိကန်နိုင်ငံ၊ မြို့တော် ဝါရှင်တန်မှာ အပစ်ရပ်ရေးဆွေးနွေးသွားရှိနေပါတယ်။

အီရန်နဲ့ ဆွေးနွေးမယ့် ဗန့်စ်အတွက် "အရန်အစီအစဉ်မလိုဘူး။ ကံကောင်းပါစေ"လို့ ထရမ့်ပြော

အစ္စလာမာဘတ်မှာလုပ်မယ့် အီရန်နဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်က အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားမြို့က အခမ်းအနားတစ်ခုကို တက်ရောက်ဖို့ လေယာဉ်ပေါ်မတက်မီ သတင်းထောက်တွေကို စကားပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ့် ဒုသမ္မတ ဂျေဒီ ဗန့်စ်ကို ဘာတွေမှာကြားခဲ့သလဲလို့ သမ္မတထရမ့်ကို သတင်းထောက်တွေမေးတဲ့အခါ "ကံကောင်းပါစေ" လို့ ဆုတောင်းပေးခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်-အီရန် ဆွေးနွေးပွဲတွေက တစ်ခါတည်းနဲ့ ပြီးသွားမလား သီတင်းပတ်တွေအထိ ကြာသွားမလာဆိုတာတော့ မသေချာသေးကြောင်း သူက ထပ်ပြောပါတယ်။

အရန်အစီအစဉ်ရောရှိသလားလို့ မေးတဲ့အခါမှာတော့ သမ္မတထရမ့်က " အရန်အစီအစဉ်မလိုပါဘူး" လို့ တုံ့ပြန်ပါတယ်။

နောက်ထပ် သတင်းထောက်တစ်ဦးက အီရန် နဲ့ ကောင်းမွန်တဲ့ သဘောတူညီမှု ဆိုတာ ဘယ်လို ပုံစံဖြစ်မလဲလို့ သမ္မတထရမ့်ကို မေးခဲ့ပါတယ်။

"နျူကလီးယား လက်နက်မရှိရေး" ဖြစ်တယ်လို့ သူကပြောပါတယ်။ အီရန်အစိုးရပိုင်းမှာလည်း အပြောင်းအလဲဖြစ်ထားပြီးပြီလို့ သူက ဆိုပါတယ်။

အီရန်ရဲ့ ပူးပေါင်းပါဝင်မှု "ပါပါ၊ မပါပါ" ဟော်မုဇ်ရေလက်ကြားက ပြန်ပွင့်မှာပဲလို့ သူက ပြောပါတယ်။ ဟော်မုဇ်ရေလက်ကြားက အမေရိကန်အတွက်မလိုအပ်ဘူးလို့ သူက ထပ်ပြောပါတယ်။

"ကျွန်တော်တို့ ဒီရေလက်ကြားကို မကြာမီ ပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်မှာပါ" လို့ သမ္မတ ထရမ့်က ပြောပါတယ်။

အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်တဲ့ သင်္ဘောတွေကို အခွန်အခကောက်ယူနေတယ်ဆိုတဲ့ သတင်းတွေကို ဘာများမှတ်ချက်ပေးချင်သလဲလို့မေးတဲ့အခါ သမ္မတထရမ့်က "ကျွန်တော်တို့ ဒီလိုလုပ်ရပ်မျိုး အဖြစ်ခံမှာမဟုတ်ဘူး" လို့ ဆိုပါတယ်။

တီဟီရန်အစိုးရက သဘောတူညီမှုအတွက် အလေးအနက်ထားတယ် - အီရန်ကိုယ်စားလှယ်

အမေရိကန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ကိုရောက်နေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ကို အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ် က ဦးဆောင်ပါတယ်။ သူဟာ မကြာသေးမီကမှ အီရန်အစိုးရရဲ့ အထင်ကရ ပုဂ္ဂိုလ်အဖြစ် အများက ရှုမြင်ခံထားရသူပါ။

သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်ရဲ့ အစောပိုင်းပို့စ်တွေမှာတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ အီရန်ဘက်က အယုံအကြည်မရှိတဲ့အကြောင်း ရေးသားလေ့ရှိသူဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းပေးပို့ချက်တွေအရ ကာလီဘတ်ဟာ တစ်ချိန်ချိန်မှာ အီရန်ရဲ့ ခေါင်း‌ဆောင် ဖြစ်လာနိုင်သလို အမေရိကန်ကလည်း သူ့ကို အနာဂတ် ရဲ့ မိတ်ဖက်တစ်ယောက်အဖြစ် စဉ်းစားချက်ရှိတယ်လို့ ဖော်ပြပါတယ်။

နောက်ထပ် အခရာကျတဲ့ ပုဂ္ဂိုလ်ကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီ ဖြစ်ပါတယ်။ သူဟာ ကာလရှည်ကြာအငြင်းပွားမှုတွေရှိခဲ့တဲ့ အီရန်နျူကလီးယားအစီအစဉ် နဲ့ ပတ်သက်လို့ အဓိက စေ့စပ်ညှိနှိုင်းသူဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ သူ့ရဲ့ နောက်ဆုံးစေ့စပ်ညှိနှိုင်းမှုတွေကိုတော့ စစ်ပွဲမစခင် နှစ်ရက်အလိုမှာ ပြုလုပ်ခဲ့တာပါ။

နောက်တစ်ယောက်ကတော့ အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အက်ဒူးနာစာဟာမားတီ ပါ။ အီရန်ရဲ့ တောင်းဆိုမှုတွေထဲတစ်ခုကတော့ တိုင်းပြည်ရဲ့ စီးပွားရေး ကာလကြာရှည်နလန်မထူနိုင်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ စီးပွားရေးအရ ဒဏ်ခံပိတ်ဆို့မှုတွေအားလုံးဖြေလျှော့ပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အီရန် ရဲ့ စီးပွားရေးက စစ်ပွဲမစခင်ကထက်ကို ပိုဆိုးလာနေပါတယ်။ အမေရိကန်-အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရဲ့အဓိကထုတ်လုပ်ရေးကဏ္ဍတွေဖြစ်တဲ့ သံမဏိစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေထိခိုက်မှုပျက်စီးခဲ့တာတွေကြောင့် ဖြစ်သလို အစိုးရက စီးပွားရေးလုပ်ငန်းတွေအပေါ် ချမှတ်ထားတဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် တိုင်းပြည်စီးပွားရေးက အကျဘက်ကိုပဲ ဦးတည်နေပါတယ်။

စစ်ပွဲတွေစဖြစ်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အခုချိန်အထိ အီရန်နိုင်ငံမှာ အင်တာနက်တွေဖြတ်တောက်ခံထားရဆဲပါ။

"ရည်ရွယ်ချက်ကောင်းတွေရှိတယ်။ ယုံကြည်မှုတော့မရှိဘူး" - အီရန်ကိုယ်စားလှယ်

အမေရိကန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ် ကိုရောက်နေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ ရဲ့ ဦးဆောင်သူ မိုဟာမက် ဘာကာ ကာလီဘတ် က ငြိမ်းချမ်းရေးဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ အခုလို ပြောလာပါတယ်။

မိုဟာမက် ဘာကာ ကာလီဘတ် က "ကျွန်တ်ောတို့ မှာ ရည်ရွယ်ချက်ကောင်းတွေရှိပေမဲ့ အယုံအကြည်တော့ မရှိဘူး" လို့ ပါကစ္စတန်ကို လေယာဉ်ဆိုက်ပြီးတဲ့နောက်အခုလို ပြောခဲ့တာလို့ ဘီဘီစီရဲ့ မိဖက်အမေရိကန်သတင်းဌာန CBS ဆီကသိရပါတယ်။

"အမေရိကန်နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုသမိုင်းတလျှောက် မအောင်မြင်မှုတွေ ၊ မတည်နိုင်တဲ့ ကတိတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်"လို့ သူက ဆက်ပြောပါတယ်။

အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ်ကလည်း အလားတူပြောထားပါတယ်။ သူ့အနေနဲ့ ဒီဆွေးနွေးပွဲအပေါ် အကောင်းအမြင်မှုရှိပေမဲ့ အီရန်အနေနဲ့ "မလှည့်စားဖို့တော့ လိုတယ်" လို့ သတိပေးထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစ္စလာမာဘတ်မှာ လုံခြုံရေးတင်းကျပ်

အီရန်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကတော့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်ကို ရောက်ရှိလာပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုစောင့်ဆိုင်းနေပါတယ်။

ဒီဆွေးနွေးပွဲအတွက် အစ္စလာမာဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စလို့ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပမယ့် အစ္စလာမာဘတ်မြို့ရဲ့ မြင်ကွင်း ပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်နဲ့ အီရန်ဆွေးနွေးပွဲ မှာ လက်ဘနွန်အရေးလည်းပါသင့် - ပါကစ္စတန်

အီရန်နဲ့ အမေရိကန်အပစ်ရပ်ဆွေးနွေးပွဲမှာ လက်ဘနွန်အရေးလည်းပါဝင်သင့်တယ်လို့ ပါကစ္စတန်အစိုးရထိပ်ပိုင်းအဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပါကစ္စတန် စီမံကိန်း နဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး အာဆမ် အစ်ဘယ် က "အားလုံးပါဝင်တဲ့ အပစ်ရပ်မှု ဖြစ်ရမယ်" လို့ ယုံကြည်ကြောင်း ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး အစ္စရေးအနေနဲ့လည်း ဒီလို သမိုင်းဝင်အခွင့်အလမ်းတစ်ခုကို ဖျက်လိုဖျက်စီး မလုပ်ဖို့ လည်းမျှော်လင့်တယ်လို့ သူက ပြောပါတယ်။

"ဒေသတစ်ဖက်ခြမ်းက သွေးထွက်သံယိုဖြစ်နေပြီး၊ တစ်ဖက်ခြမ်းမှာတော့ ဆွေးနွေးပွဲလုပ်နေတာ မဖြစ်သင့်ဘူးလေ။ အစ္စရေးအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပြီး ဒီဆွေးနွေးပွဲတွေ ခရီးမပေါက်ခင် တစုံတရာ ဖျက်လိုဖျက်ဆီး မလုပ်ဖို့လည်းလိုတယ်"

ဝန်ကြီးအစ်ဘယ် ကတော့ ပါကစ္စတန်အနေနဲ့ နှစ်ဖက်လုံးမှာ သဘောတူညီမှုရတဲ့ အထိ အကောင်းဆုံးကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲတွေကနေ နှစ်ဖက်လုံးက အပစ်ရပ်သက်တမ်းတိုးလိုက်တာ၊ နောက်တကြိမ် ဆွေးနွေးပွဲထပ်ဖြစ်လာမယ့် အခြေအနေမျိုးဆိုရင် ဒါကို "အောင်မြင်မှု" တစ်ခုအဖြစ် သတ်မှတ်တယ်လို့ သူကပြောပါတယ်။

အမေရိကန် နဲ့ အီရန် အရှေ့အလယ်ပိုင်းဒေသမှာ နှစ်ပတ်အပစ်ရပ်တယ်လို့ ကြေညာခဲ့ပေမဲ့ အစ္စရေး နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာ တို့အကြားတိုက်ပွဲတွေ ဆက်ရှိနေတာပါ။

အမေရိကန် နဲ့ အစ္စရေးကတော့ သဘောတူညီမှုမှာ လက်ဘနွန်မပါဘူးလို့ ပြောထားပြီး ကြားဝင်စေ့စပ်သူ ပါကစ္စတန်ကတော့ လက်ဘနွန်က ဒီသဘောတူညီမှုမှာပါဝင်တယ်လို့ ပြောထားပါတယ်။