နီပေါရေဘေး သေဆုံးသူ ၇၀၀ ကျော်ရှိ၊ မိုးနဲ့လမ်းပန်းကြောင့် ကူညီရှာဖွေရေးအခက်ကြုံ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

နီပေါနဲ့ တိဗက်နယ်စပ်မှာ ဗုဒ္ဓဟူးနေ့တုန်းကဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုမှာ နီပေါဘက်ခြမ်းမှာ သေဆုံးသူ ၇၃၄ ဦးအထိရှိလာပြီး လူပေါင်း ၂၄၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

တရုတ်ထိန်းချုပ် တိဗက်ဘက်ခြမ်းမှာတော့ သေဆုံးသူ ၁၆ ဦးရှိပြီး နောက်ထပ် လူပေါင်း ၅၄၆ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။

နီပေါဘက်ခြမ်းမှာ ပျောက်ဆုံးနေသူတွေထဲ နိုင်ငံခြားသား ၃၂၀ ဦးလည်းပါ၀င်တယ်လို့ နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောပါတယ်။

တိဗက်ခြမ်းမှာတော့ သတင်းအချက်အလက်ကို တရုတ်အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် အဲဒီက သဘာ၀ဘေးဖြစ်စဉ်အတိုင်းအဆကို သိနိုင်ဖို့ ခက်ခဲနေပါတယ်။

ရေကြီးမှုတွေကြောင့် ကန်တစ်ခုအသွင်ဖြစ်ခဲ့တဲ့ နေရာကတော့ အခုတော့ ရေတဖြည်းဖြည်းပြန်ကျသွားပြီဖြစ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ နောက်ထပ် ရွှံ့နွံတွေ ပြိုကျလာနိုင်တဲ့အန္တရာယ်ရှိ မရှိကို ဆက်ပြီး ဆက်စောင့်ကြည်နေပြီး နယ်စပ်တလျှောက် စောင့်ကြည့်ရေးဌာနတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တပ်လှန့်ထားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တိဗက်က သဘာ၀ဘေးအခြေအနေ သိဖို့ ဘာကြောင့်ခက်

တရုတ်က ၁၉၅၀ ပြည့်နှစ်တွေမှာ ကျူးကျော်ခဲ့တဲ့တိဗက်ဟာ တရုတ်နိုင်ငံထဲ တင်းကျပ်မှုများတဲ့ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။

တိဗက်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရဖို့ တောင်းနေတာ ကြာမြင့်နေပါပြီ။ ဆန္ဒပြပွဲတွေလို လှုပ်လှုပ် လှုပ်လှုပ်ဖြစ်တာမျိုးကိုလည်း ဘေကျင်းက စိုးရိမ်လို့ တိဗက်ကို စောင့်ကြည့်မှု တင်းကျပ်ပါတယ်။

ဒါကြောင့်လည်း အခုတစ်ကြိမ် နီပေါနယ်စပ်နဲ့ကပ်လျက်မှာဖြစ်တဲ့ တိဗက်နယ်စပ်က ရေဘေးမှာ အမိန့်တွေအားလုံးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကနေ တိုက်ရိုက်ဆင်းသက်တာ၊ ၀န်ကြီးချုပ် လီကျန်းကိုယ်တိုင် နယ်မြေဆင်းကြည့်တာမျိုးတွေ လုပ်ခဲ့တာပါ။

တကယ်တော့ သဘာ၀ဘေးကြီးဖြစ်တဲ့အခါ ၀န်ကြီးချုပ်ကိုယ်တိုင် သွားကြည့်တာက တရုတ်မှာ ရှားရှားပါးပါးဖြစ်စဉ်ပါ။

ဘေကျင်းဟာ ကယ်ဆယ်ရေးလုပ်ငန်းကြီးကို အရေးပေါ် လုပ်သား ရာချီနဲ့ လုပ်နေပြီး သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အရေးပေါ် အစည်းအ၀ေးကို ဦးဆောင်လုပ်နေပါတယ်။

တဖက်မှာလည်း နယ်စပ်မှာ တိဗက်ဘက်က နယ်စပ်ဂိတ်ကြီး ရေတွေ စီး၀င်လာတာကို ခံလိုက်ရချိန်ကို မှတ်တမ်းတင်ထားတဲ့ လုံခြုံရေးကင်မရာရုပ်သံဟာ ကမ္ဘာတလွှား အင်တာနက်အသုံးပြုသူတွေကြားမှာ မြင်တွေ့ရပေမဲ့ တရုတ်မှာတော့ အဲဒီအခင်းဖြစ်ချိန် ရုပ်သေ ဓာတ်ပုံ တစ်ပုံကိုပဲနိုင်ငံပိုင် မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။

သဘာ၀ဘေးနဲ့ပတ်သက်ပြီး အမြင်တွေကို အွန်လိုင်းမှာ ဆွေးနွေးကြပေမဲ့ တရုတ်မှာ အင်တာနက်ကို အတော်လေး ဆင်ဆာဖြတ်ထားတာကြောင့် အခုပြောတဲ့ရုပ်သံအပြည့်အစုံကို တရုတ်အွန်လိုင်း အင်တာနက်မှာ ရှာဖွေဖို့ခက်ပါတယ်။

တဖက်မှာလည်း တိဗက်ကို ၀င်ဖို့ဆိုရင် အထူးပြည်၀င်ခွင့် ဗီဇာလိုသလို ၀င်ဖို့လည်း ခက်ပါတယ်။ ပြည်ပမီဒီယာတွေဆိုရင် ပိုလို့တောင် ခက်ပါတယ်။ နောက်ပြီး အဲဒီက လူတစ်ယောက်ယောက်နဲ့ အချိတ်အဆက်ရဖို့ကလည်း မလွယ်လှပါဘူး။

ဒါတွေကြောင့်ပဲ အဲဒီမှာဘာတွေဖြစ်နေတယ်ဆိုတာမျိုးကို သိနိုင်ဖို့ တရုတ်နိုင်ငံပိုင်မီဒီယာ သတင်းတွေကိုပဲ အတော်လေး အားကိုးရပါတယ်။

ဘုရားဖူးသူတွေဟာလည်း တိဗက်ကို ၀င်ဖို့ နီပေါဘက်ကနေ ၀င်ရပါတယ်။ အဲဒီလို ၀င်နိုင်ဖို့နဲ့ နာမည်ကျော် အထွတ်အမြတ်ထားရာ Kailash တောင်ကို သွားနိုင်ဖို့ဆိုရင် တရုတ်စစ်တပ်ရဲ့ အထူးခွင့်ပြုချက်အပါအ၀င် သီးခြားခွင့်ပြုချက် ၄ ခုအထိရဖို့ လိုပါတယ်။

အကူအညီတွေ ရောက်လာပေမဲ့ မိုးနဲ့ မြေပြင်အနေထားကြောင့် အခက်ကြုံ

မနက်ဖြန် တနင်္လာနေ့အထိ မိုးရွာလိမ့်မယ်လို့ မိုးလေ၀သခန့်မှန်းချက် ထွက်နေတာကြောင့် ရှိရင်းစွဲ ကူညီကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်း ပိုလို့ ခက်လာနိုင်ပါတယ်။

နီပေါနိုင်ငံမြောက်ပိုင်းက ရေအားလျှပ်စစ် လှိုဏ်တွေထဲမှာ ပိတ်မိနေသူတွေ အများကြီးရှိနေပါသေးတယ်။ အဲဒီထဲကို ၀င်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ အ၀င်၀မှာ ရွှံ့တွေ ပိတ်နေတာကြောင့်ဖြစ်ပါတယ်။

အကူအညီပေးဖို့ အိန္ဒိယရော၊ တရုတ်ပါ ကျွမ်းကျင်သူတွေကို စေလွှတ်ထားပြီးဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့နိုင်ငံခြားသားလည်း ရာနဲ့ချီပြီးရှိနေတာကြောင့် အကူအညီတွေလည်း တိုးလို့ရောက်လာနေပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒီဘေးအတွက် လူသားချင်းစာနာမှု အကူအညီ ၃.၆ သန်း ပေးမယ်လို့ ဆိုပါတယ်။ ဗြိတိန်ကတော့ သူ့နိုင်ငံသားတွေလည်း ပျောက်ဆုံးနေတာကြောင့် နီပေါကို ကူညီကယ်ဆယ်ရေးအဖွဲ့ အမြန်လွှတ်ထားပြီးဖြစ်ပါတယ်။

အခုဖြစ်စဉ်ဟာ နီပေါမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး သဘာဝဘေးဖြစ်လာပါတယ်။ သိပ္ပံပညာရှင်တွေကတော့ နီပေါနဲ့ တိဗက် နယ်စပ်မှာ တောင်ကြားမြစ်ကနေ ရုတ်တရက်လှိုင်းလုံးကြီး လှိမ့်ဆင်းလာပြီး အောက်ပိုင်းရေလွှမ်းခဲ့တာဟာ မြစ်အထက်ပိုင်းမှာ ရေခဲမြစ်ရဲ့မြေပြိုကျရာကနေ စတင်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒီသဘာ၀ဘေး အတိုင်းအဆကြီးမားသလို ထောင်နဲ့ချီတဲ့လူတွေကိုလည်း ကယ်ဆယ်ထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ကယ်ဆယ်ရေး ၅ ရက်မြောက်ထဲ ၀င်လာချိန်မှာတော့ အဆိုးဆုံးကို မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ ပျောက်ဆုံးသူတွေရဲ့ကျန်ရစ်သူ မိသားစုတွေဟာ ဘီဘီစီကို ပြောပါတယ်။

နီပေါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး လိုင်လာပီတာ ယာဟီယာကတော့ အကူအညီတွေ ရောက်လာနေပေမဲ့ မြေပြင်အနေအထားကြောင့် ရေဘေးသင့်သူတွေဆီ အကူအညီရောက်အောင်ပေးဖို့ ခက်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မနေ့က ရောက်လာတဲ့ အိန္ဒိယနဲ့ တရုတ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အကူအညီပေးနေတယ်လို့ သူက ပြောပါတယ်။

"ဒါပေမဲ့ လူတွေဆီ အကူအညီရောက်ဖို့ အတော်ခက်နေတယ်။ သွားရလာရတာ ခက်ခဲတာကြောင့်ပါ'' လို့ သူက ပြောပါတယ်။

နီပေါအစိုးရဟာ ဒီရေဘေးမှာ ရဟတ်ယာဉ်တွေကို သုံးပြီး လေကြောင်းနဲ့အကူအညီပေးနေပါတယ်။ နောက်ပြီး ဒရုန်တွေသုံးပြီး ထိထိရောက်ရောက် အကူအညီပေးနိုင်မလားဆိုတာကိုလည်း အစိုးရအဖွဲ့အတွင်းမှာ ဆွေးနွေးနေတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။

''ရာသီဥတုက ကိုယ့်ဘက်မပါဖြစ်နေတယ်'' လို့ ကုလအရာရှိက ပြောပါတယ်။

ရေခဲမြစ် ပြိုကျချိန်ကို ဒရုန်းရုပ်သံကနေ ရိုက်ကူး

နီပေါနဲ့ တိဗက်နယ်စပ်မှာ ရေကြီးမှုဖြစ်စေခဲ့တဲ့ ဟိမ၀န္တာတောင်တန်းမှာ ရေခဲမြစ်ပြိုကျတဲ့အခိုက်အတန့်ကို ရုပ်သံနှစ်ခုကနေ BBC Verify က အတည်ပြုနိုင်ခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက် ရှောင်ဟွန်ရှုမှာ တင်ထားတဲ့ ဒရုန်းရုပ်သံတွေမှာ ပင်လယ်ရေမျက်နှာပြင် ပေပေါင်း ၂၃၆၀၀ ကျော်က လန်တန်ရိယန်တောင်ထိပ်အနီး မြေပြိုကျချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

နှင်းတွေဖုံးနေတဲ့တောင်ကြားထဲမှာ ဖုန်မှုန့်တွေ လေထဲကို ပျံတက်လာတာကိုလည်း မြင်နိုင်ပါတယ်။

အခုရုပ်သံတွေကနေ မြင်ရတဲ့နေရာဟာ နီပေါနဲ့ တိဗက်နယ်စပ်မှာ ထရီရှုလီမြစ်ရေ ရုတ်တရက် မြင့်တက်ပြီး မြစ်အောက်ပိုင်းက ကျေးရွာတွေ ရေဖုံးလွှမ်းခဲ့တဲ့ ရေလမ်းကြောင်းလာရာနဲ့လည်း တူနေပါတယ်။

မြေပြိုမှုဘာကြောင့်ဖြစ်

နီပေါနဲ့ တိဗက် နယ်စပ်မှာ ရုတ်တရက်ရေကြီးခဲ့တာဟာ ငလျင်တစ်ခုကြောင့် မြေတုန်ပြီး မြေပြိုမှုဖြစ်ခဲ့တာ နောက်ဆက်တွဲအနေနဲ့ဖြစ်ခဲ့တာလို့ အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနကတော့ ရေခဲမြစ်ဖြစ်စေတဲ့ရေခဲစိုင် ပြိုကျမှုကြောင့် ဖြစ်တာလို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီရေခဲမြစ် ရေခဲစိုင်ပြိုမှုဟာ တောင်ကြားအခြေရိုက်ခတ်မှုဟာ အားပြင်းလွန်းလို့ ပြင်းအား ၅.၂ မဂ္ဂနီကျုတောင်ရှိတယ်ဆိုတာကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အေဂျင်စီက ပြောပြီး ဒီဖြစ်ရပ်ကြောင့် မြစ်အောက်ပိုင်းမှာ အခြေအနေဆိုးကြုံခဲ့ရတာလို့ဆိုပါတယ်။

အားပြင်းလှတဲ့ ရေတွေနဲ့ အပျက်အစီးတွေဟာ ရေခဲမြစ်အောက်ပိုင်းကို မိုင် ၆၀ လောက်အထိ စီးဆင်းခဲ့ပြီး ထရီရှုလီနဲ့ ဘိုတေးခိုရှိမြစ်ထဲကို စီး၀င်ခဲ့တာလို့ USGS က ပြောပါတယ်။

နိုင်ငံတကာ တောင်များစောင့်ကြည့်ရေးစင်တာ (ICIDMOD) ကတော့ မြစ်တွေထဲကို စီး၀င်ခဲ့တဲ့ အပျက်အစီးတွေ ပိတ်ဆို့ပြီး လာမယ့်ရက်တွေအတွင်း ဒုတိယမြောက်ရေကြီးမှုဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

ICIDMOD ကတော့ ထရီရှုလီ မြစ်ရဲ့ မြစ်၀ကျဉ်းတဲ့နေရာတွေမှာ ပိတ်ဆို့တာတွေ ရှိနေမလားဆိုတာကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ မြစ်ကျဉ်းပိုင်းမှာ ယာယီ ပိတ်ဆို့တာရှိနေတယ်ဆိုရင်တော့ အဲဒီမှာ မြေပြိုကျရာကနေဖြစ်တဲ့ဆည်ပုံစံဖြစ်ပြီး ဒုတိယအကြိမ် ရေကြီးနိုင်ခြေရှိနေပါတယ်။