အီရန်နဲ့သဘောတူညီချက်ကို ထရမ့်ကြေညာပေမဲ့ အန္တရာယ်နဲ့ မေးခွန်းတွေဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, အန်သနိ ဇာခါ
- ရာထူးတာဝန်, မြောက်အမေရိကဆိုင်ရာ ဘီဘီစီသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
အမေရိကန်နဲ့ အီရန်တို့ကြား ရန်လိုမှုတွေ အဆုံးသတ်ဖို့ သဘောတူညီချက် ရရှိကြောင်း ကြေညာလိုက်တာဟာ ဒေါ်နယ်ထရမ့်အတွက် တကယ့်ကို ကြိုဆိုစရာကောင်းတဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ချိန်ဟာ သူ့ အသက် ၈၀ ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမွေးနေ့လက်ဆောင်မှာ မသေချာမရေရာမှုတွေ အတော်လေး ရှိနေပါတယ်။
ဒီသဘောတူညီချက်ကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန်သမ္မတက သူ့ရဲ့လူမှုကွန်ရက်က တစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောတွေ သွားလာဖို့ ဖွင့်လှစ်ပေးမယ်။ ပြီးတော့ အမေရိကန်ရဲ့ရေတပ်ပိတ်ဆို့ထားမှုကိုလည်း ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။
ထရမ့်က "ရေနံတွေ ပြန်စီးဆင်းပါစေ" လို့ တနင်္ဂနွေနေ့က ကြွေးကြော်ခဲ့တာပါ။
အတိတ်က အမေရိကန်သမ္မတတွေရဲ့ကျရှုံးမှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စေမဲ့ "အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု" ကို ဖော်ဆောင်ပေးမယ့် "ကြီးမားတဲ့ သဘောတူညီချက်" တစ်ရပ်ကို ရယူပေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီလိုချဲ့ကားပြောဆိုတာက ထရမ့်အတွက်တော့ အသစ်အဆန်း မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်က ဂါဇာစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်နဲ့ပတ်သက်လို့ သူရဲ့ကြေညာချက် စကားလုံးတွေဖြစ်တဲ့ "ထာဝရတည်မြဲတဲ့ ငြိမ်းချမ်းရေး" နဲ့ "ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ဘုရားသခင်ရဲ့ခေတ် အစပြုခြင်း" ဆိုတာတွေဟာလည်း ကျယ်ပြန့်လှပြီး ဒါတွေဟာ မြေပြင်ပေါ်က လက်တွေ့အခြေအနေနဲ့ တကယ့်ကို ဝေးကွာနေဆဲပါ။
ဒီလိုအရေးကြီးတဲ့သံတမန်ရေးဆိုင်ရာသဘောတူညီချက်မျိုးမှာ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှု ဆိုတာတွေက ပုံမှန်အားဖြင့် အသေးစိတ်အချက်တွေအပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင် ဒီအခြေအနေမှာ အသေးစိတ်အချက်တွေကလည်း ထွက်မလာသေးပါဘူး။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဖောက်စ်သတင်းဌာနနဲ့ တနင်္ဂနွေညနေပိုင်း အင်တာဗျူးမှာ အီရန်အနေနဲ့ နျူကလီယားလက်နက် ဘယ်တော့မှ မပိုင်ဆိုင်ရေးဟာ "ဒီသဘောတူညီချက်ထဲမှာ ထည့်သွင်းထားပြီး" အမေရိကန်အနေနဲ့ လိုက်နာမှုကို စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အဓိကကျတဲ့ကိစ္စရပ်တွေဖြစ်တဲ့ ယူရေနီယမ် သန့်စင်မှုတွေ မလုပ်ဖို့ ကန့်သတ်ချက်တွေ ဘယ်လို ရှိလာမလဲ၊ လက်ရှိ အီရန်မှာရှိနေတဲ့ သန့်စင်ပြီးသား ယူရေနီယမ်တွေကို ဘာဆက်လုပ်မလဲ ဆိုတာတွေအပေါ် ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေ ကျန်ရှိနေဆဲပါ။
ဒီနေရာမှာ တချို့ကိစ္စတွေက နောက်ဆက်တွဲ ဆွေးနွေးပွဲတွေနဲ့ လက်ရှိအပစ်အခတ်ရပ်စဲရေး ၆၀ ရက်တိုးမြှင့်ထားတဲ့ကာလအတွင်း ဖြစ်လာမယ့် "နည်းပညာပိုင်း" ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ သေချာပေါက် ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန်အပေါ် နျူကလီးယားရည်မှန်းချက်တွေကို စွန့်လွှတ်ရေး ဆွဲဆောင်ဖိအားပေးဖို့နဲ့ အတင်းအကျပ်လုပ်ဖို့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကြိုးပမ်းခဲ့ပြီးနောက် အမေရိကန်အနေနဲ့ ဒီ"နားလည်မှုစာချွန်လွှာ"နဲ့ ချည်နှောင်နိုင်မယ်လို့ ဘယ်လိုပဲယုံကြည်ပါစေ၊ တကယ်တမ်းက ဘာအာမခံချက်မှ မရှိသေးပါဘူး။
ဒီအချက်ကို ထင်ရှားအောင် ပြလိုက်တာကတော့ "စာချွန်လွှာပါ တစ်ဖက်နိုင်ငံရဲ့ ကတိကဝတ်တွေ အကောင်အထည် ဖော်ပြီးတဲ့အထိ နောက်ဆုံးအဆင့်ဆွေးနွေးပွဲတွေကို ရွှေ့ဆိုင်းထားမယ်" လို့ အီရန်ရဲ့အမျိုးသားလုံခြုံရေးကောင်စီချုပ်က တနင်္ဂနွေနေ့က ထုတ်ပြန်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီကတိကဝတ်တွေက ဘာလဲ၊ အီရန်က ဒါတွေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတာတွေက ဒီသဘောတူညီချက် ခိုင်မြဲမလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
စွမ်းအင်စျေးကွက်ကျွမ်းကျင်သူတွေကတော့ ဟောမုဇ် ရေလက်ကြားကတစ်ဆင့် ရေနံပို့ဆောင်မှုဟာ စစ်မဖြစ်မီက အခြေအနေမျိုး ချက်ချင်းပြန်လည်ရောက်ဖို့ မဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။
စစ်ကြောင့် ရေလက်ကြားတဲ့ပိတ်မိနေတဲ့များပြားလှတဲ့ ရေနံတင်သင်္ဘောကြီးတွေ ရှင်းလင်းသွားဖို့၊ မိုင်းတွေဖယ်ရှားဖို့နဲ့ ပုံမှန်ရေနံတင်ပို့ ထုတ်လုပ်မှုတွေ အရင်အတိုင်း ပြန်ဖြစ်ဖို့ဆိုတာ ရက်သတ္တပတ်တော်တော် ကြာနိုင်ပါတယ်။
တရားဝင်လက်မှတ်ရေးထိုးဖို့ ရက်အနည်းငယ်အလိုမှာ အီရန်နဲ့ အမေရိကန်တို့ကြား သဘောတူညီမှု အောင်မြင်ခိုင်မာအောင် အဓိကအသေးစိတ်အချက်အလက်တွေ ဆွေးနွေးဖြေရှင်းဖို့ အချိန် ရှိနေသေးသလို လက်ရှိအခြေအနေအထိ ရထားတဲ့ သဘောတူညီမှုကလည်း အချိန်မရွေး ပြိုလဲသွားနိုင်ပါတယ်။
နောက်ထပ် ခန့်မှန်းမရတဲ့အချက်တစ်ခုကတော့ အစ္စရေး ဖြစ်ပါတယ်။
အခုအခြေအနေက သုံးနိုင်ငံ တိုက်ရိုက်ဆက်နွယ်တဲ့ စစ်ပွဲဖြစ်ပြီး ထရမ့်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝေါလ်စထရိ ဂျာနယ်ကို ပြောကြားရာမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု က ဒီသီတင်းပတ်ကုန်မှာ လက်ဘနွန်ကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် အလွန်ဒေါသထွက်မိကြောင်းနဲ့ ဒီလုပ်ရပ်က အောင်မြင်မှု ရလုနီးပါးဖြစ်နေတဲ့ အီရန်သဘောတူညီချက်ကို ဖျက်ဆီးပစ်နိုင်တယ်လို့ သူယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အခု ရထားတဲ့ သဘောတူညီချက်က အနည်းဆုံး လူသိရှင်ကြားကြေညာနိုင်လောက်အောင် ခိုင်မာမှု ရှိခဲ့ပေမဲ့ အစ္စရေးက လက်ဘနွန်မှာ စစ်ရေးလှုပ်ရှားမှု အသစ်တွေ စတင်လာရင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့နိုင်ပြီး ကမ္ဘာ့စီးပွားရေးကို ထပ်ကာထပ်ကာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
လောင်စာဆီနဲ့ စွမ်းအင် စျေးတွေ မြင့်တက်မှုနဲ့ သူတို့ရဲ့ နောက်ဆက်တွဲ စီးပွားရေးသက်ရောက်မှုတွေကြောင့် ဒီစစ်ပွဲက အမေရိကန်လူမျိုးတော်တော်များများကို နာကျင်စေခဲ့တာကို မစ္စတာဗန့်စ် ရဲ့ မှတ်ချက်တွေထဲမှာ အသိအမှတ်ပြု ပြောကြားထားတာ တွေ့ရပါတယ်။
"အမေရိကန်ပြည်သူတွေကို ကျွန်တော်ပြောချင်တဲ့ အဓိကသတင်းစကားကတော့ ကျေးဇူးတင်ပါတယ် ဆိုတာပါ" လို့ သူက ဆိုကာ စွမ်းအင်စျေးနှုန်းတွေ စတင်ကျဆင်းလာလိမ့်မယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါက ဘယ်လောက်မြန်မြန် ဖြစ်လာမလဲ၊ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်တွေအတွက် စားသုံးကုန်ကျစရိတ်တွေကို ဘယ်လောက်မြန်မြန် လျှော့ချပေးနိုင်မလဲဆိုတာတွေက နိုဝင်ဘာလ ကွန်ဂရက်သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဘလစ်ကန်တွေအပေါ် ကြီးထွားလာနေတဲ့ နိုင်ငံရေးဖိအားတွေ လျော့ပါးသွားမလားဆိုတာကို အဆုံးအဖြတ်ပေးရာမှာ အများကြီးအထောက်အကူပြုပါလိမ့်မယ်။
မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ထရမ့်နဲ့ သူ့ပါတီဟာ လူထုထောက်ခံမှုနဲ့ ပတ်သက်ရင် မတည်ငြိမ်မှု ပိုဆိုးရွားလာနေတဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ YouGov သဘောထားစစ်တမ်းတစ်ခုအရ အမေရိကန် ၆၃% က စီးပွားရေးနဲ့ ပတ်သက်လို့ သူ့ကိုင်တွယ်ပုံကို သဘောမကျဘဲ ၅၇% ကတော့ စီးပွားရေး ပိုဆိုးလာနေတယ်လို့ ခံစားမိလာကြပါတယ်။
ဒါပေမဲ့ အဆုံးမှာတော့ တနင်္ဂနွေနေ့က သဘောတူညီချက်ဟာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် စီးပွားရေးဖိအားတချို့ကို အကြွင်းမဲ့မဟုတ်ရင်တောင် လျော့ပါးသက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
ဓာတ်ဆီစျေးနှုန်းတွေ အမှန်တကယ် ကျဆင်းလာရင် အမေရိကန်တွေအတွက် အခြေအနေတွေ ပိုကောင်းလာနေပြီဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာ ထရမ့်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ပန်းတိုင်တွေ ယခုအချိန်အထိ မအောင်မြင်သေးတဲ့ အခြေအနေမှာ ပြည်တွင်းမှာ နိုင်ငံရေးအန္တရာယ်တွေကို သူ ရင်ဆိုင်နေရ ဖြစ်ပြီး ဒါဟာ စစ်မဖြစ်မီက အနေအထားလမ်းကြောင်းဆီကို သွားနေတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်တော့ ဖြစ်နေပါတယ်။
Share your thoughts and questions.








