''ဘာမှ မကျန်တော့ဘူး'' - အာသံပြည်နယ်က အဆိုးရွားဆုံးရေကြီးမှု

အိန္ဒိယနိုင်ငံ ဂျောဟက်မြို့မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခဲ့အပြီး နေရာအတော်များများ ရေလွှမ်းမိုးနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဝေဟင်ကနေ တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, ဂျောဟက်မြို့မှာ နေရာအတော်များများ ရေတွေ လွှမ်းမိုးနေတာကို ဝေဟင်ကနေ တွေ့ရ
    • ရေးသားသူ, ဒီလစ် ကူးမား ရှားမားနဲ့ အက်ဘီရှက်ခ် ဒေး
    • ရာထူးတာဝန်, ဘီဘီစီ ဟင်ဒီဌာန ဂျောဟက်မြို့။ ဘီဘီစီ သတင်းဌာန ဒေလီမြို့။
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂျောဟက်မြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့က မိုးတွေ ရွာနေတာကို အသက် ၁၈ နှစ်အရွယ် ဆလီး ပက်ထရို သူ့အိမ်ထဲကနေ လှမ်းကြည့်နေခဲ့ပါတယ်။ သူ့ဘဝ အပြောင်းလဲကြီး ပြောင်းလဲသွားတော့မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။

နေ့လယ်ခင်းလောက်ရောက်တော့ မိုးတွေ ရွာချနေတဲ့အသံနဲ့အတူ လူတွေ အော်ဟစ်နေတာကို သူရုတ်တရက် ကြားလိုက်ရပါတယ်။

"မိနစ်ပိုင်းအတွင်း ဒူးလောက်နက်တဲ့ရေတွေ အိမ်ထဲဝင်လာခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။

သက်ကြီးရွယ်အို မိဘနှစ်ပါးနဲ့ မောင်ငယ်လေးကို ကုန်းမြင့်ပိုင်းနေရာဆီကို ပက်ထရို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ အိမ်ထဲက ပစ္စည်းတချို့ကို ရေတွေ မစိုအောင် ဖယ်ထုတ်ဖို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ရေတွေကြားကနေ မနည်း အတင်းရုန်းပြီး ပြန်ရောက်လာချိန်မှာတော့ သူတို့ရဲ့အိမ် ရေထဲ မျောပါသွားခဲ့ပါပြီ။

"ကျွန်မတို့မှာရှိတဲ့ရုပ်မြင်သံကြား၊ ဘီရို၊ ဆိုဖာတွေအားလုံး ဘာမှ မကျန်တော့ပါဘူး။ ရေသောက်ဖို့ ဖန်ခွက် တစ်လုံးတောင် ယူမထားလိုက်နိုင်ခဲ့ပါဘူး" လို့ သူက ကယ်ဆယ်ရေးစခန်းတစ်ခုကနေ ဘီဘီစီ ဟင်ဒီဌာနကို ပြောပြပါတယ်။

"ကျွန်မတို့ပစ္စည်းတွေအားလုံး ရေထဲ မျောကုန်ပါတယ်။"

သူနေတာက ဆလန်း ဆူမိုနီ ပသာ ရွာမှာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး မြစ်တွေထဲက တစ်ခုဖြစ်တဲ့ ဗြဟ္မပုတ္တရ မြစ်ကြီးရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ ဂျန်ဂျီမြစ်ကမ်းပါးပေါ်မှာ ရှိတဲ့ သူတို့ရဲ့ ရွာမှာ နှစ်စဉ်ရေကြီးလေ့ရှိတယ်လို့ ပက်ထရိုက ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဒီနှစ်ကတော့ ခါတိုင်းနှစ်တွေထက် ဆိုးခဲ့ပါတယ်။

အာသံပြည်နယ်က လူတွေရဲ့ဘဝမှာ ရေလွှမ်းမိုးမှုဒဏ်ကို ထပ်ခါတလဲလဲ ကြုံနေရပါတယ်။ ပြည်နယ်ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို ရေကြီးမှုဒဏ်ခံရတဲ့နေရာအဖြစ် အိန္ဒိယ ရေဘေးကော်မရှင်က သတ်မှတ်ထားပါတယ်။ အာသံပြည်နယ်ဟာ ဟိမဝန္တာတောင်ကနေ သွယ်စင်းလာတဲ့ ဗြဟ္မပုတ္တရမြစ်ကြီးရဲ့ မြစ်ပြင်ကျယ်ကြီးပေါ်မှာ တည်ရှိပြီး မြစ်လက်တက်ပေါင်း ၅၀ ကျော် ပေါင်းစုရာနေရာ ဖြစ်ပါတယ်။

နှစ်စဉ် မုတ်သုံရာသီကာလအတွင်း ဒေသတဝန်း မိုးသည်းထန်မှုကြောင့် မြစ်ထဲမှာ ရေတွေပြည့်လျှံလာစေပါတယ်။ ဗြဟ္မပုတ္တရမြစ်က အာသံပြည်နယ်ရဲ့မြေပြန့်လွင်ပြင်ကို ဖြတ်သန်း စီးဆင်းလာတဲ့အတွက် သဲနဲ့ ရွှံ့တွေ စုပုံလာပြီး ရေတွေ ဆက်မစီးနိုင်တော့ဘဲ ရေကြီးရေလျှံမှုတွေ ပိုဖြစ်လာစေပါတယ်။

ဒါပေမဲ့ မြစ်အထက်ပိုင်းမှာ သစ်တောပြုန်းတီးလာမှု၊ တာတမံတွေ အိုမင်းလာမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ မိုးသည်းထန်လာမှုတွေကြောင့် ရေကြီးရေလျှံတာတွေ ပိုဆိုးလာခဲ့တယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ပြောပါတယ်။

အခုနှစ် ဇူလိုင်လလယ်ကစလို့ အိမ်နီးချင်း နာဂလန်းပြည်နယ်နဲ့ အာသံပြည်နယ်က နေရာတချို့မှာ ထူးထူးကဲကဲ မိုးသည်းခဲ့လို့ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း အာသံပြည်နယ်ရဲ့အဆိုးရွားဆုံး ရေကြီးမှုအဖြစ် ပြည်နယ်ဝန်ကြီး ပီကျုရှ် ဟာဇာရီကာ ကပြောပါတယ်။

ရေကြီးတာကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူ ၆၈ ဦးသေဆုံးပြီး အဲဒီထဲက ၅၈ ဦးဟာ တစ်ပတ်အတွင်း ဆုံးပါးခဲ့ကြသူတွေဖြစ်ပါတယ်။

လူ ၄၀ လောက်လည်း ပျောက်ဆုံးနေပါတယ်။ အစိုးရရဲ့အချက်အလက်တွေအရ လူ ၆ သိန်းကျော်လောက် ရေဘေးဒဏ်သင့်ခဲ့တယ်လို့ သိရပါတယ်။ လူသိန်းသောင်းချီ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေနေကြရပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂျောဟက် ခရိုင် တီယော့မြို့မှာ မိုးသည်းထည်စွာ ရွာသွန်းခဲ့အပြီး ဒေသခံ ရွာသူတစ်ဦးကို တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock

ဓာတ်ပုံ ပုံစာ, အာသံပြည်နယ်မှာ လူ ခြောက်သိန်းကျော်လောက် ရေကြီးမှုဒဏ်နဲ့ ရင်ဆိုင်နေရ

ဇူလိုင်လ ၂၁ ရက်နေ့တစ်နေ့တည်းမှာတင် ၂၄ နာရီအတွင်း လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။ အများစုဟာ ရေနဲ့အတူ မျောပါသွား ဒါမှမဟုတ် ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တခြားသူတွေကတော့ မြေပြိုမှုတွေ၊ နေအိမ်ပြိုကျမှုတွေမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အာသံပြည်နယ် ဝန်ကြီး ဟီမန်တာ ဘစ်စ်ဝါ ဆာမာ က အဲဒီကာလအတွင်း နာဂလန်းနဲ့ အာသံပြည်နယ်တွေက ဒေသတွေမှာ ခါတိုင်းထက် အဆ ၄၀၀ နဲ့ ၅၀၀ ကြား မိုးပိုခဲ့တာကြောင့် မြစ်ချောင်းတွေမှာ မြစ်ရေတွေ မကြုံစဖူးနှုန်းနဲ့ မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

အနီးပတ်ဝန်းကျင် တောင်ကုန်းတွေကနေ ဖြာထွက်လာတဲ့ မြစ်လက်တက်တွေကနေ ဗြဟ္မပုတ္တရမြစ်ဆီ ရေတွေ စီးဆင်းလာတဲ့အထက်အာသံ ဒေသမှာတော့ ရေကြီးမှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။ ဆီဗာဆာဂါ၊ ချာရေဒီယိုနဲ့ ဂျောဟတ် အပါအဝင် ဒေသအတော်များများမှာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရပါတယ်။ ကျေးရွာတွေ လမ်းပန်းအဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့အတွက် ပိတ်မိနေတဲ့ဒေသခံတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် အကူအညီပေးနိုင်ဖို့ မနည်း ကြိုးစားနေကြရပါတယ်။

အာသံပြည်နယ် အတွင်းရေးမှူးချုပ် ရာဗီ ကော့တာ က ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ဒေသတွေဆီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ အမြန်ဆုံးလုပ်နိုင်ဖို့ တာဝန်ရှိသူတွေကို စေလွှတ်ထားကြောင်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ရေးနဲ့ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နိုင်ရေးကို ဦးစားပေးလုပ်နေကြောင်း ပြောပါတယ်။

ရွာကို ရေတွေ ဖုံးလွှမ်းသွားခဲ့အပြီး မိခင်တစ်ဦးနဲ့ သူ့ရဲ့ အသက် ၇ နှစ်အရွယ် သားငယ်တို့ သရက်ပင်တစ်ပင်ပေါ်မှာ ၁၂ နာရီကြာ ဖက်တွယ်နေခဲ့ကြရပါတယ်။

ဆီဗာဆာဂါဒေသက ဟိုလန်း ကာတိုနီ ရွာမှာနေတဲ့ ရေခါးမိုနီ ဂိုဂိုအီက အထက်အာသံမှာ မိုးသည်းထန်မှုတွေကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က ၁ နာရီအတွင်းမှာတင် ရုတ်တရက် ရေကြီးခဲ့တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

ရင်ခေါင်းလောက်အထိ တက်လာတဲ့ရေတွေကြောင့် ပထမတော့ အိမ်နီးချင်းတစ်ဦးရဲ့ အိမ်ပေါ်ကို တက်ပြေးခဲ့ပေမဲ့ ရေတွေ ဆက်တက်လာလို့ အဲဒီကနေ ထပ်ပြီး ထွက်ပြေးခဲ့ရတယ်လို့ သူကပြောပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တဲ့ ဂျောဟတ်မြို့ ရပ်ကွက်တွေမှာ ရှိတဲ့ အိမ်တွေကနေ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေနဲ့ ဆိတ်တစ်ကောင်ကို ရေတွေကြားကနေ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့ သယ်ထုတ်လာနေပုံ

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, လူ ၂၅၀၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပြီး တခြားသူအတော်များများက မိသားစု မိတ်ဆွေတွေ အိမ်မှာ နေနေကြရပါတယ်

ဒါပေမဲ့ ရေက ဆက်မကျလို့ ည ၈ နာရီလောက်မှာ အိမ်ခြံဝန်းထဲက သရက်ပင်ကြီး တစ်ပင်ပေါ် သူတို့ ပြေးတက်ခဲ့ရပါတယ်။

သားကို ပွေ့ချီထားတဲ့သူ့ကို သစ်ပင်ပေါ် အရင်တက်နိုင်အောင် တခြားအမျိုးသမီးတွေက သူ့ကို တွန်းတင်ခဲ့ကြပါတယ်။ ပြီးတော့မှာ ကျန်တဲ့အမျိုးသမီးတွေလည်း သစ်ပင်ပေါ် ရောက်လာခဲ့တယ်လို့ ဂိုဂိုအီက ပြောပြပါတယ်။

"အဲဒီတုန်းက ဘေးပတ်ဝန်းကျင်မှာ မှောင်မည်းနေတာပဲ။ အသက်ရှင်ဖို့ လမ်းမရှိတော့တဲ့ ပုံပါပဲ။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ခဲ့ပါဘူး"လို့ သူက ပြောပြပါတယ်။

သူတို့သားအမိ အစာရေစာ မရှိဘဲ သစ်ပင်ပေါ်မှာ တစ်ညလုံး နေခဲ့ကြရပါတယ်။ သရက်ရွက် စားပြီး အသက်ဆက်နိုင်ပါတယ် ဆိုပြီး သူ့သားက သူ့ကို နှစ်သိမ့်ခဲ့တယ်လို့ ဂိုဂိုအီက ပြန်ပြောပြပါတယ်။

"ကျွန်မသားရဲ့ အသက်က ကျွန်မ အသက်ထက် ပိုတန်ဖိုးရှိပါတယ်။ ဒါကြောင့် သားကို အစွမ်းကုန် ကာကွယ်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်" လို့ ဂိုဂိုအီက သတင်းထောက်တွေကို ပြောပြပါတယ်။

နောက်တစ်နေ့ မနက်မှာ သူတို့ကို ကယ်ဆယ်ခဲ့ပါတယ်။ ရေတွေ ပြန်ကျသွားဖို့ စောင့်ရင်း အခုတော့ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ သူတို့ ခိုလှုံနေကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဆာမာက အခုအခါ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ အစိုးရက အဓိက အာရုံစိုက် လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြည်နယ်တဝန်း ဝန်ကြီးတွေကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မိဘတွေက နေ့စားအလုပ်သမားတွေဖြစ်တဲ့ ပက်ထရိုအတွက်ကတော့ အနာဂတ်က မသေမချာ ဖြစ်နေပါတယ်။

"အခုရေထဲ မျောသွားတဲ့အိမ်ကို ဆောက်နိုင်ဖို့ ကျွန်မ အဖေနဲ့အမေ နှစ်နဲ့ချီ ရုန်းကန်ကြိုးစားခဲ့ရတာ။ အခု ဘယ်ကနေ ဘာစလုပ်ရမလဲဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။ အိမ်ထပ်ဆောက်နိုင်ဖို့ဆိုတာက နောက်ထပ် နှစ်ဘယ်လောက်ကြာမလဲ မပြောတတ်တော့ပါဘူး''