စက်တင်ဘာ ၅ ရက်သတင်းများအနှစ်ချုပ် - ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်သမ္မတ တွေ့ဆုံ

ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်သမ္မတတိုလန်းတို့ ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်သမ္မတတိုလန်းတို့ ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်နိုင်ငံသမ္မတ တိုလန်းတို့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ မြန်မာဘက်က ထုတ်ပြန်ပါတယ်။

ဒ့ါအပြင် ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ချန်ထန်မန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ လွှတ်တော်ဆိုင်ရာ မျက်နှာစာတွေမှာ အပြန်အလှန်ပံ့ပိုးမှု၊ အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် စက်တင်ဘာ ၄ ရက်ကတော့ ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တယ်လီကွန်းနဲ့ နည်းပညာလုပ်ငန်းစု Viettel Group ကို သွားရောက်ခဲ့ပြီး Viettel Group ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Tao Duc Thang က မြန်မာနိုင်ငံက Mytel နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်သွားလိုကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mytel ကို ဒီဂျစ်တယ်နည်းပညာ၊ ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေးနဲ့ ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ အလားအလာတွေရှိတယ်လို့ Viettel ဘက်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေချိန်မှာ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ နေပြည်တော်နဲ့ ဗီယက်နမ်ကြား နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံရေးတွေ ဆက်လက်နီးကပ်နေတယ်ဆိုတာကို ပြသနေပါတယ်။

စစ်တွေအနီး တိုက်ပွဲပြင်းထန်နေ

၂၀၂၂ ခုနှစ် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ပုံဟောင်း)

စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးရုံးစိုက်ရာ စစ်တွေမြို့ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ မြို့ခံနှစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ "ပစ်ခတ်သံတွေက ဆက်တိုက်ကြားနေတယ်။

မနေ့ကစပြီး စစ်တွေကမ်းနားလမ်းကို ဖြတ်သန်းခွင့်ပိတ်လိုက်တယ်။ စစ်တွေကမ်းနားကနေ ရေတပ်က လက်နက်ကြီးတွေနဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းဘက်ကို ဦးတည်ပစ်နေတာ"လို့ စစ်တွေမြို့ခံ လူငယ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပစ်ခတ်သံတွေဟာ စက်တင်ဘာ ၃ ရက်ကစလို့ ကြားနေရပြီး စက်တင်ဘာ ၄ ရက်နေ့လယ်ကနေ အခု မနက်ပိုင်းအထိ ဆက်တိုက်ကြားနေရတာလို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာရက္ခတပ်တော် -အေအေရဲ့မနေ့ကထုတ်ပြန်ချက်အရ စစ်တွေမြို့ထဲမှာရှိတဲ့ စစ်တပ်အထိုင်စခန်း အနည်းဆုံး ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနဲ့သာမက မြို့အနားက ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတချို့ပေါ်ကနေ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေထဲက ကျေးရွာတွေ၊ ဂွကမ်းခြေနဲ့ ငပလီကမ်းခြေဘက်တွေကို စက်တင်ဘာ ၄ ရက် က ပစ်ခတ်သလို ဂွမြို့ပေါ်ရပ်ကွက်၊ ကျိန္တလီမြို့နဲ့ကမ်းခြေတလျှောက်ကိုလည်း ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၃ ရက်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျက်လေယာဉ် ၄ စီးနဲ့ လေကြောင်းဗုံးကြဲတာတွေလည်း ရှိနေတယ်လို့ အေအေ ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်တွေမြို့အနီးဝန်းကျင်အထိ တိုက်ပွဲတွေကပ်လာတာကြောင့် မြို့မပါရေးနဲ့ အေအေကို စစ်ရေးဖိအားပေးဖို့အတွက် ပစ်ခတ်တာတွေဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတချို့က ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေ၊ ရေတပ်က ပစ်ခတ်တာတွေရှိနေတာကြောင့် ကမ်းခြေ၊ ချောင်းနံဘေးနဲ့ မြို့ရွာတွေနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အေအေက သတိပေးထားပါတယ်။

အာရက္ခတပ်တော် - အေအေက ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။

သတင်းလုံခြုံရေးကျိုးပေါက်မှုကြောင့် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဒုတပ်ချုပ်ပြော

ဒုတပ်ချုပ်ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အရာရှိတွေကို တွေ့ဆုံပြောကြား

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဒုတပ်ချုပ်ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အရာရှိတွေကို တွေ့ဆုံပြောကြား

စစ်တပ်အတွင်း သတင်းအချက်အလက် လုံခြုံရေး မကျိုးပေါက်အောင် ဂရုစိုက်ဖို့လိုသလို လုံခြုံရေးကျိုးပေါက်တဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူတာတွေ ရှိခဲ့တယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။

နေပြည်တော်၊ စစ်ရုံးက အရာရှိတွေကို စက်တင်ဘာ ၄ ရက်က တွေ့ဆုံချိန်မှာ သူက အဲဒီလို ပြောသွားတာပါ။

သတင်းလုံခြုံရေး ကျိုးပေါက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူခဲ့တဲ့ ဖြစ်စဉ်ဘယ်လောက်ရှိပြီး ဘယ်လိုပြစ်ဒဏ်တွေနဲ့ အရေးယူထားတယ်ဆိုတာကိုတော့ ထည့်သွင်းပြောတာ မရှိပါဘူး။

စစ်တပ်အတွင်း လုံခြုံရေးသတင်း ကျိုးပေါက်ရင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး ရန်သူနဲ့ဆက်စပ်နေတာဆိုရင်တော့ အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်တာရှိတယ်လို့ CDM တပ်အရာရှိတချို့က ရှင်းပြပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်က ပြဋ္ဌာန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ အရ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နှုတ်နဲ့ပြောတာ၊ စာနဲ့ပေးပို့တာ ဒါမှမဟုတ် တခြားနည်းတစ်ခုခုနဲ့ သိရှိနိုင်အောင် လွှဲပြောင်းပေးတာတွေကို တားမြစ်ထားပါတယ်။

ဒီပြစ်မှုတွေ ထင်ရှားစီရင်ခံရရင် ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ တွေ့ရပါတယ်။ ဒါ့

အပြင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေကို ရှောင်ဖို့လည်း အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ စစ်တပ်အပေါ် သစ္စာစောင့်သိဖို့၊ စည်းကမ်းလိုက်နာဖို့နဲ့ ကိုယ်ကျင့်တရားကောင်းမွန်ဖို့တို့ကိုလည်း ပြောကြားခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။