အတ္တလန္တိတ် အပျော်စီးသင်္ဘောပေါ်မှာ ကူးစက်ခဲ့တဲ့ ဟန်တာဗိုင်းရပ်စ် ဆိုတာ ဘာလဲ

ကိတ်ပ် ဗာ့ဒ် မြို့တော် ပရာယီရာ ဆိပ်ကမ်းနားမှာ ကျောက်ချ ရပ်နားထားတဲ့ MV Hondius အပျော်စီးသင်္ဘောကို ဝေဟင်ကနေ မြင်ရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိတ်ပ် ဗာ့ဒ် မြို့တော် ပရာယီရာ ဆိပ်ကမ်းနားမှာ ကျောက်ချ ရပ်နားထားတဲ့ MV Hondius အပျော်စီးသင်္ဘောကို ဝေဟင်ကနေ မြင်ရပုံ
    • ရေးသားသူ, ယန် တီယန်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
  • ဖတ်ရန်အချိန်: မိနစ် ၂

အတ္တလန္တိတ် သမုဒ္ဒရာမှာ ရွက်လွှင့်သွားနေတဲ့ အပျော်စီး သင်္ဘောတစ်စင်းပေါ်မှာ ဟန်တာဗိုင်းရပ်စ်လို့ ယူဆရတဲ့ ရောဂါပိုး ကူးစက်ဖြစ်ပွားခဲ့အပြီး လူ သုံးဦး သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

လူတစ်ဦးမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် ငါးဦးကို စစ်ဆေးနေဆဲပဲ လို့ ဆိုပါတယ်။

ဟန်တာဗိုင်းရပ်စ် လို့ ယူဆရတဲ့ ကူးစက်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဓာတ်ခွဲစစ်ဆေး စမ်းသပ်မှုအပါအဝင် အသေးစိတ် စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ WHO က ဘီဘီစီကို ပြောပါတယ်။

အာဂျင်တီးနားကနေ ကိတ်ပ် ဗာဒ် ဆီ သွားနေတဲ့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ ဒီရောဂါကူးစက်ဖြစ်ပွားမှုခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။

ဟန်တာဗိုင်းရပ်စ် ဆိုတာ ဘာလဲ

ဟန်တာဗိုင်းရပ်စ် ဟာ ကြွက်တွေဆီကနေ သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ် အမျိုးအစားတစ်ခု ဖြစ်ပြီး အဓိကအားဖြင့် ကြွက်ချေးအခြောက်က ထွက်လာတဲ့ အမှုန်တွေကို ရှူရှိုက်မိရာကနေ လူတွေဆီ ကူးစက်လေ့ရှိပါတယ်။

ကြွက်ရဲ့ မစင်၊ ကျင်ငယ်ရည် ဒါမှမဟုတ် တံတွေးကနေ ထွက်လာတဲ့ အမှုန်တွေကနေ ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာချိန်မှာ ရောဂါကူးစက်လေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာန (CDC) က ဆိုပါတယ်။

ကြွက်အကိုက်ခံရတာ ဒါမှမဟုတ် ကုတ်ခြစ်ခံရတာကနေလည်း ရောဂါကူးစက်နိုင်ပေမဲ့ ရှားပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့် ဆိုးဝါးတဲ့ ရောဂါလက္ခဏာ နှစ်မျိုး ဖြစ်စေနိုင်ပါတယ်။ ပထမတစ်ခုက Hantavirus Pulmonary Syndrome (HPS) လို့ခေါ်တဲ့ ဟန်တာဗိုင်းရပ်စ် အဆုတ်ရောဂါလက္ခဏာစု ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်တာ၊ အဖျားရှိတာ၊ ကိုယ်လက်ကိုက်ခဲတာတွေကနေ စလေ့ရှိပြီး နောက်ပိုင်းမှာ ခေါင်းကိုက်၊ မူးဝေ၊ ခြေဖျားလက်ဖျား အေးစက်၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ တကယ်လို့ အသက်ရှူကျပ်တဲ့ ရောဂါလက္ခဏာ ဖြစ်လာမယ်ဆိုရင်တော့ အသက်ဆုံးနိုင်တဲ့ နှုန်းက ၃၈ ရာခိုင်နှုန်း ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာန (CDC) က ဆိုပါတယ်။

ဒုတိယ ရောဂါလက္ခဏာကတော့ Haemorrhagic Fever with Renal syndrome (HFRS) လို့ခေါ်တဲ့ သွေးယိုစီးမှုနဲ့ ကျောက်ကပ်ရောဂါလက္ခဏာစု ဖြစ်ပါတယ်။ ဒီရောဂါက ပိုပြင်းထန်ပြီး အဓိကအားဖြင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ နောက်ပိုင်း ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာတွေထဲမှာ သွေးပေါင်ချိန်ကျတာ၊ ခန္ဓာကိုယ်တွင်း သွေးယိုတာ၊ ကျောက်ကပ် ပျက်စီးတာတွေ ပါဝင်ပါတယ်။

ကမ္ဘာတဝန်း ဟန်တာဗိုင်းရပ်စ် ဖြစ်ပွားမှု ဘယ်နှစ်ခု ရှိခဲ့သလဲ

ကမ္ဘာတဝန်းမှာ နှစ်စဉ် သွေးယိုစီးမှုနဲ့ ကျောက်ကပ်ရောဂါလက္ခဏာစု (HFRS) ကူးစက်ဖြစ်ပွားမှုပေါင်း ၁၅၀,၀၀၀ လောက်ရှိပြီး အဓိကအားဖြင့် ဥရောပနဲ့ အာရှမှာ ဖြစ်လေ့ရှိတယ်လို့ National Institutes of Health ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဖြစ်ပွားမှုစုစုပေါင်းရဲ့ တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံမှာ ဖြစ်လေ့ရှိပါတယ်။

အမေရိကန်ရဲ့ အခုနောက်ဆုံး အချက်အလက်တွေအရ ၁၉၉၃ ခုနှစ်ကနေ ဟန်တာဗိုင်းရပ်စ်ကို စစောင့်ကြည့်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုပေါင်း ၈၉၀ ရှိခဲ့တယ်လို့ ဖော်ပြနေပါတယ်။

ဒါပေမဲ့လည်း ကြွက်ညိုလို့ လူသိများတဲ့ နော်ဝေး ကြွက်တွေကနေ ကူးစက်တဲ့ အဓိက ဟန်တာဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ ဆိုးလ်ဗိုင်းရပ်စ်ကိုတော့ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းမှာ တွေ့နိုင်ပါတယ်။

ဘယ်လို ကုသသလဲ

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုအတွက် ကုထုံး အတိအကျ မရှိပါဘူး။

ဒီရောဂါလက္ခဏာတွေ ဖြစ်လာခဲ့ရင် အောက်ဆီဂျင်ပေးတဲ့ ကုထုံး၊ အောက်ဆီဂျင်စက်ဖြင့် အသက်ရှူခိုင်းတာ၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး ပေးတာအပြင် ကျောက်ကပ်ဆေးတာမျိုးအထိ ကုသနည်းတွေနဲ့ ပြုစုကုသဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာန (CDC) က အကြံပြုထားပါတယ်။

ရောဂါလက္ခဏာ ပြင်းထန်တဲ့ လူနာတွေအနေနဲ့ ဆေးရုံတက်ပြီး အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသဖို့ လိုကောင်း လိုပါလိမ့်မယ်။ ရောဂါ အရမ်းဆိုးတဲ့ လူနာတွေဆိုရင် အသက်ရှူစက်တပ်ထားဖို့ လိုကောင်းလိုပါလိမ့်မယ်။

ဒါ့အပြင် အိမ်ထဲကို ကြွက်တွေ ဝင်လာနိုင်တဲ့ မြေအောက်ခန်း ဒါမှမဟုတ် ထပ်ခိုးက အပေါက်တွေကို ပိတ်ပစ်ဖို့ကိုလည်း အကြံပြုပါတယ်။

လေထဲက ဗိုင်းရပ်စ်ပိုးတွေ မရှူမိအောင် ကြွက်ရဲ့ အညစ်အကြေး မစင်တွေကို ရှင်းလင်းတဲ့အခါ PPE အကာအကွယ်ဝတ်စုံ ဝတ်ထားဖို့ကိုလည်း အကြံပြုထားပါတယ်။

လတ်တလော ဟန်တာဗိုင်းရပ် ကူးစက်ဖြစ်ပွားတာမျိုး ရှိသလား

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက အော်စကာဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဂျီးန် ဟက်ခ်မန်ရဲ့ ဇနီးသည် ဘက်တ်စီ အာရာကာဝါ ဟာ ဟန်တာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတစ်မျိုးကြောင့် ကွယ်လွန်ခဲ့ပါတယ်။ အာရာကာဝါဟာ အမေရိကန်နိုင်ငံမှာ ဖြစ်လေ့အရှိဆုံး ဟန်တာဗိုင်းရပ်စ် အဆုတ်ရောဂါလက္ခဏာစု (HPS) ဖြစ်ပွားခဲ့ရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆေးဘက်ဆိုင်ရာ စုံစမ်းသူတွေက ယူဆပါတယ်။

သူ့အလောင်းကို တွေ့ခဲ့တဲ့ သူ့နေအိမ်ရဲ့ အပြင်ဘက် အဆောက်အအုံတွေမှာ ကြွက်သိုက်တွေနဲ့ ကြွက်သေတချို့ ကို တွေ့ခဲ့ရပါတယ်။

အာရာကာဝါဟာ သူမကွယ်လွန်ခင် ရက်ပိုင်းက တုပ်ကွေးနဲ့ ကိုဗစ် ရောဂါလက္ခဏာတွေအကြောင်း အင်တာနက်မှာ လိုက်ရှာကြည့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။