မေ ၂ ရက် သတင်းအနှစ်ချုပ် - ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလ၊ အမေရိကန်နဲ့ ဂျပန်ထပ်တိုက်တွန်း

အစိမ်းရောင်နောက်ခံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပန်းချီကားရှေ့မှာ ရင်ဖုံးအင်္ကျီအဖြူ နှင်းဆီပန်းအဖြူပန်ပြီး မတ်တပ်ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်(ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၆

သတ်မှတ်နေအိမ်ကို အကျယ်ချုပ်ပြောင်းရွှေ့ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ထုတ်ပြန်ချက်တွေနဲ့ ထပ်မံတိုက်တွန်းပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့တာကို မှတ်သားထားတယ်လို့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က မေ ၁ ရက် ကုလထုတ်ပြန်ချက်မှာပြောပါတယ်။

ယုံကြည်ရတဲ့နိုင်ငံရေးဖြစ်စဥ်တည်ဆောက်ရေး လုပ်ငန်းစဥ်ရဲ့ အခြေခံအကျဆုံး အရွေ့အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံး အမြန်ဆုံး အကြွင်းမဲ့လွှတ်ပေးဖို့လည်း ကုလက တိုက်တွန်းထားပါတယ်။

စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့တဲ့သတင်းထုတ်ပြန်ပြီးနောက်တစ်ရက်မှာ အမေရိကန်ကလည်း အကြွင်းမဲ့လွှတ်ပေးရေးကို ဦးတည်တိုက်တွန်းလာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက"သူ့ရဲ့ ချက်ချင်း အကြွင်းမဲ့လွှတ် ပေးဖို့ဆက်တိုက်တွန်းသွားမယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ရေးအတွက် လိုအပ်တဲ့ဆေး ဝါး၊ စောင့်ရှောက်မှုရဖို့ အာဏာပိုင်တွေကို တိုက်တွန်းတယ်" လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံကတော့ မကြာသေးခင်က သမ္မတဦးဝင်းမြင့်လွတ်ငြိမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာကို သေချာစောင့်ကြည့်နေသလို ကောင်းတဲ့အပြောင်းအလဲအဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

မနေ့က ဂျပန်သတင်းပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်တာပါ။

မြန်မာရဲ့ အခြေအနေက မရေရာသေးတာကြောင့် အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့၊ သက်ဆိုင်သူအားလုံးအကြား ရိုးသားတဲ့ဆွေးနွေးမှုဖြစ်လာဖို့နဲ့ ပြည်သူ့အကျိုးရှေးရှုတဲ့ လုပ်ဆောင်ချက်တွေဖြစ်လာဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်က ဧပြီ ၃၀ ရက် ညပိုင်းသတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြောင်းရွှေ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ချက်ပါ ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ အချိန်မသိရတာကြောင့် လူထုအကြားသံသယရှိနေကြတာပါ။ စစ်တပ်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ထားတဲ့နေအိမ်တည်နေရာလည်း အသိပေးထုတ်ပြန်တာမရှိပါဘူး။

ဒီသတင်းမထုတ်ပြန်ခင် ရက်ပိုင်းကမှ မြန်မာကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆွေဟောင်းဖြစ်ပြီး သူ့အခြေအနေကို အမြဲမပြတ် ဂရုပြုနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကမ်းလွန်ပင်လယ်ပြင်မှာ နာမကျန်းဖြစ်နေတဲ့ မြန်မာသင်္ဘောသားကို အင်ဒိုနီးရှားကယ်တင်

မြန်မာသင်္ဘောသားကို ခေါ်ထုတ်ဖို့ လာရောက်တဲ့ ကယ်ဆယ်ရေးရေယာဥ်ပေါ်လိုက်ပါလာတဲ့ အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, SAR Team

ဓာတ်ပုံ ပုံစာ, မြန်မာသင်္ဘောသားကို ခေါ်ထုတ်ဖို့ လာရောက်တဲ့ ကယ်ဆယ်ရေးရေယာဥ်ပေါ်လိုက်ပါလာတဲ့ အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတစ်ဦး

ပင်လယ်ပြင်မှာနာမကျန်းဖြစ်ပြီးဆေးကုသဖို့လိုအပ်နေတဲ့ မြန်မာသင်္ဘောသားတစ်ဦးကို အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ခေါ်ထုတ်ကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

အထူးကြပ်မတ်ကုသမှုလိုအပ်တဲ့ မြန်မာသင်္ဘောသားကို မေ ၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ

Karang Jamuang ကျွန်းစု ကမ်းလွန်ပင်လယ်ပြင်ကနေ ခေါ်ထုတ်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ် မြန်မာသင်္ဘောသား အလုပ်လုပ်ကိုင်နေတဲ့ ပနားမားအလံ လွှင့်ထူထားတဲ့ MV Ocean Road သင်္ဘောကနေ ဒီမနက်အစောပိုင်းမှာ အင်ဒိုနီးရှား၊ ဆူယာဘာရာ ရှာဖွေကယ်ဆယ်ရေးရုံးကို အကူညီလှမ်းတောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနောက် အရေးပေါ်ဆေးကုသရေးအဖွဲ့က သင်္ဘောအနီးကို ကယ်ဆယ်ရေး ရေယာဥ်နဲ့ သွားရောက်ပြီး အရေးပေါ်ကုသမှုပေးကာ လူနာကိုခေါ်ဆောင်ပြီး ဆူယာဘာရာမြို့က PHC ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာဘက်ခိုးထုတ်မယ့် စက်သုံးဆီ ဂါလံပုံး ၈၀ ကျော်နဲ့ မြန်မာ ၂ ဦးအဖမ်းခံရ

မြစ်ကမ်းဘေးရပ်ထားတဲ့ လှေ ၂ စီးနောက်ခံနဲ့ ကမ်းပေါ်ချထားတဲ့ ဂါလံပုံး အပြာရောင်တွေ၊ ဘေးမှာရပ်နေကြတဲ့ ထိုင်းအကောက်ခွန်အရာရှိတွေ

ဓာတ်ပုံ ရင်းမြစ်, ด่านศุลกากรแม่สะเรียง

ဓာတ်ပုံ ပုံစာ, ဧပြီ ၃၀ ရက်မှာ ထိုင်းအကောက်ခွန်နဲ့ ပူးပေါင်းတပ်ဖွဲ့က မယ်ဆောင်ဟောင်ခရိုင်၊ မဲ့ဆမ်လက်ခရိုင်ခွဲရဲ့ နယ်စပ်ဂိတ်အနီးဖမ်းဆီးရမိတဲ့ ဓာတ်ဆီ ၇၂ ဂါလံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်း-မြန်မာနယ်စပ်ကနေ ရေလမ်းနဲ့ မြန်မာကို ခိုးထုတ်မယ့်စက်သုံးဆီ ဂါလံပုံး ၈၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းလိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ဒီနေ့ ထုတ်ပြန်ပါတယ်။

မယ်ဆောင်ဟောင်ခရိုင်ထဲက မဲ့ဆမ်လက်ခရိုင်ခွဲရဲ့ နယ်စပ်ဂိတ်အနီး သံလွင်မြစ်ကမ်းမှာ ဂါလံပုံးတွေနဲ့ ထည့်ထားတဲ့ ဓာတ်ဆီပုံး ၇၂ လုံးကို ထိုင်းအကောက်ခွန်နဲ့ စစ်တပ်အရာရှိတွေက ဧပြီ ၃၀ ရက်မှာ ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိခဲ့တယ်လို့ မဲ့စရီးယန်းအကောက်ခွန်ဌာနက ထုတ်ပြန်ပါတယ်။

ကာလပေါက်ဈေး ထိုင်းဘတ်ငွေ ၇၅,၀၀၀ ဖိုးရှိတဲ့ ဓာတ်ဆီတွေကို ထိုင်းဘက်က ပြန်လည်သိမ်းဆည်းလိုက်ပါတယ်။

ထိုင်းဘက်က ခိုးထုတ်မယ့် ဓာတ်ဆီတွေ ဖမ်းမိတဲ့နေရာဟာ မြန်မာဘက်က ဖာပွန်ခရိုင်နဲ့ ထိစပ်နေပြီး သံလွင်မြစ်သာခြားပါတယ်။

နောက်ထပ် ဓာတ်ဆီ၊ ဒီဇယ်ဂါလံပုံး ၁၂ လုံးကိုလည်း နယ်စပ်အနီး ထိုင်းဘက်ခြမ်းမှာရှိတဲ့ တာ့ခ်ခရိုင်၊ တာဆောင်ယန်နယ်မြေထဲမှာ ဖမ်းဆီးရမိတာပါ။

ဒီစက်သုံးဆီတွေနဲ့ အတူ ဆီသယ်ယူဖို့ ဘတ် ၂၀၀ နဲ့ အငှားလိုက်တဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုပါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။ ဆီသယ်ဖို့ အသုံးပြုတဲ့ လှေတစ်စင်းကိုလည်းထိုင်းဘက်က သိမ်းလိုက်ပါတယ်။

ကချင်မှာ နှစ်လအတွင်း အရပ်သား အနည်းဆုံး ၃၀ ဦးသေဆုံး၊ ၄၂ ဦးဖမ်းခံရ

ကောင်းကင်အပြာရောင်နောက်ခံမှာ တိုက်လေယာဥ်အပြာရောင် ၂ စင်း ပျံသန်းနေပြီး ဒုံးကျည် ပစ်လွှတ်လိုက်တဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, မြန်မာလေတပ်ရဲ့ တိုက်လေယာဥ် ၂ စင်း ဒုံးကျည်ပစ်ခတ် စစ်ရေးလေ့ကျင့်မှု (ပုံဟောင်း)

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် မတ်နဲ့ ဧပြီလတွေမှာ အရပ်သား အနည်းဆုံး ၃၀ ဦးသေဆုံးပြီး ၄၂ ဦးဖမ်းဆီးခံရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေ ၂ ရက်မှာ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လစဥ်အစီရင်ခံစာအရ ထိခိုက်သေဆုံးနဲ့ ဖမ်းဆီးခံရတဲ့ဖြစ်စဥ်တွေဟာ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်နဲ့ မိုးညှင်းဒေသတွေမှာ ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်၊ ဗန်းမော်မြို့အနီး စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား ၁၂ ဦးအထိသေဆုံးပြီး နှစ်လတာအတွင်း လူအများဆုံးအစုလိုက် သေဆုံးမှုဖြစ်ခဲ့ပါတယ်။

အရပ်သားသေဆုံးမှုတွေမှာကြည့်ရင် ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာ မသိရဘဲ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတာကို KHRW ရဲ့ အစီရင်ခံစာအရသိရပါတယ်။

စစ်တပ်က ဖားကန့်မှာ ဆရာဝန် ၁ ဦးအပါအဝင် အရပ်သား ၃၄ ဦးကို ဧပြီလအတွင်း ဖမ်းဆီးခဲ့တယ်လို့ KHRW က ဆိုပါတယ်။

ဒီဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ ဖားကန့်ဒေသခံတစ်ဦးက "ဖားကန့်ရဲစခန်း၊ တပ်မကုန်းနဲ့ ဥရုဆွတ်အောင်ဟိုတယ်မှာ ဖမ်းထားတာ ပြန်လွတ်လာတာ မရှိသေးပါဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

စစ်ရေးဘက်မှာတော့ ကချင်ပြည်နယ်တွင်းက ဖားကန့်နဲ့ တနိုင်းမှာ စစ်တပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေ ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်ဟာ ကချင်-စစ်ကိုင်းအစပ်က တော်လှန်ရေးဘက်က သိမ်းထားတဲ့ အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ ပြန်ရထားတာဖြစ်ပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို သစ်စတင်ပို့

တောင်တန်းနောက်ခံမြင်ကွင်းမှာ ဆိပ်ကမ်းဆိုက်ကပ်ထားတဲ့ သစ်သားသင်္ေဘာ အနီရောင်၊ ခရမ်း အနားကွပ် ပေါ်မှာတင်ဆောင်ထားတဲ့ သစ်တွေနဲ့ ပတ်ဝန်းကျင်မှရပ်နေတဲ့ အမျိုးသားတွေ

ဓာတ်ပုံ ရင်းမြစ်, BSS News

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် BSS သတင်းကဖော်ပြတဲ့ ၂၀၂၆ ခုနှစ်၊ မေ ၁ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်ဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ သစ်သင်္ဘော

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောကနေ ဘင်္ဂလားဒေ့ရှ် တက္ကနဖ် ဆိပ်ကမ်းကို သစ်သင်္ဘောတစ်စီး မနေ့က စတင်ဆိုက်ကပ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာဘက်က ဘယ်အဖွဲ့အစည်းနဲ့ ပြန်လည်စတင်တယ်ဆိုတာကိုတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။

သတင်းဖော်ပြချက်တွေမှာ တွေ့ရတဲ့ သတင်းဓာတ်ပုံအရ သင်္ဘောမှာ မြန်မာနိုင်ငံ အလံတင်ထားတာ ဖြစ်ပါတယ်။ တက္ကနဖ်ဆိပ်ကမ်းကိုရောက်လာတဲ့ သင်္ဘောမှာ တင်ဆောင်လာတဲ့ သစ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၆၀၀၀ ကျော်တန်ဖိုးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် BSS သတင်းက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဒီဆိပ်ကမ်းကို ဧပြီ ၆ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ဘက်မှာရှိတဲ့ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို အဓိက အသုံးပြုတာဖြစ်တာဖြစ်ပြီး ဒီစီးပွားရေးဇုန်ကို AA က ၂၀၂၄ ဇူလိုင်လထဲမှာ သိမ်းထားတာပါ။

ဒီဆိပ်ကမ်းနဲ့ စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းတို့ကနေ ကုန်သွယ်ရေးပမာဏဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။

ဒီကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်တာကို ရခိုင်ပြည်နယ်တွင်းက AA ရဲ့ ထိုးစစ်စတင်ချိန်ကတည်းကရပ်တန့်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးပြန်လည်စတင်တဲ့အခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဂျာမနီမှာတပ်စွဲထားတဲ့ အမေရိကန်စစ်သည် ၅၀၀၀ ပြန်ခေါ်မယ်

ဂျာမနီက အမေရိကန်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျာမနီက အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို ဧပြီ ၃၀ ရက်က တွေ့ရစဥ်။

အီရန်စစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်တို့ကြား အချေအတင်ပြောမှုတွေပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဂျာမနီမှာ တပ်စွဲထားတဲ့ အမေရိကန်စစ်သည် ၅၀၀၀ ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။ အီရန်စေ့စပ်ဆွေးနွေးသူတွေကြောင့် အမေရိကန် အရှက်ကွဲနေပြီလို့ မာ့ဇ်က ဝေဖန်ပြောဆိုပြီးနောက် ထရမ့်ကလည်း မာ့ဇ်ကို ပြန်လည်ဝေဖန်ခဲ့ရာကနေ ဒီလိုစစ်သည်တွေ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။

မာ့ဇ်ဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး လို့ ထရမ့်ကပြောပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေအပါအဝင် ပြဿနာပေါင်းစုံရင်ဆိုင်နေရတယ် လို့ ထရမ့်က ကြာသပတေးနေ့မှာ လူမှုကွန်ရက်မှာ ပို့စ်တင်ပါတယ်။

အီတလီနဲ့စပိန်ကနေ အမေရိကန်စစ်သည်တွေ ပြန်လည်ခေါ်ယူဖို့ကိုလည်း ထရမ့်က တိုက်တွန်းထားပါတယ်။

အရင်နှစ်ဒီဇင်ဘာအထိ ဂျာမနီနိုင်ငံတစ်ဝန်းက စစ်စခန်းတွေမှာ အမေရိကန်စစ်သည် ၃၆၀၀၀ ကျော်တာဝန်ထမ်းဆောင်နေပါတယ်။

ဂျာမနီကနေ အမေရိကန်စစ်သည် ၅၀၀၀ ပြန်လည်ခေါ်ယူဖို့ကို ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ညွှန်ကြားခဲ့တာလို့ ပင်တဂွန်ရဲ့ပြောခွင့်ရှိသူ ရှောင်ပါနဲက ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြားပြန်ပွင့်ဖို့ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် ထရမ့်ဟာ နေတိုးအဖွဲ့ဝင်မဟာမိတ်တွေကို ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

အီတလီနဲ့ စပိန်ကနေ တပ်တွေ ပြန်လည်ခေါ်ယူဖို့ရှိမရှိ ကြာသပတေးနေ့မှာ မေးမြန်းတဲ့အခါ ထရမ့်က "အီတလီက ကျွန်တော်တို့ကို ဘာမှမကူညီဘူး၊ စပိန်ကလည်း အတော်ဆိုးဆိုးရွားရွားပဲ" လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်တွေမှာ မဟာဗျူဟာဆိုလို့ရှင်းရှင်းလင်းလင်းမရှိဘူး၊ သူတို့တွေ ဘယ်လို မဟာဗျူဟာထွက်ပေါက်ကိုရွေးမလဲဆိုတာကို မမြင်မိဘူး လို့ မာ့ဇ်က အခုအပတ်အစောပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေကို ပြောခဲ့ပါတယ်။

မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက်ရွာတွေ စစ်တပ်စစ်ကြောင်းထိုး

ညမှောင်နေတဲ့အချိန် မြစ်တစ်ဖက်ကမ်းက ရွာမှာ မီးလောင်နေတာကို လှမ်းရိုက်ထားပုံ

ဓာတ်ပုံ ရင်းမြစ်, Ko Nway Oo-Myaung

ဓာတ်ပုံ ပုံစာ, မေ ၁ ရက်၊ ညနေပိုင်းမှာ စစ်တပ် စစ်ကြောင်းက မီးရှို့နေတဲ့ ဆင်ချောင်းရွာ အခြေအနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ရွာတွေကို မနေ့ကစပြီး စစ်တပ်က အင်အား ၂၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းဖြန့်ခွဲဝင်ရောက်လာတယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီနေ့မနက်မှာ စစ်တပ်က တောပု၊ ညောင်တို၊ ဆင်ချောင်းနဲ့ ရန္တပိုရွာတွေမှာ တပ်စွဲထားတယ်လို့ သူကပြောပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်တပ်စစ်ကြောင်းဟာ ဧရာဝတီမြစ် အရှေ့ခြမ်းက ဆင်ချောင်းရွာကို မီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။

"ဒီမနက်အခြေအနေကတော့ ဒရုန်းပျံနေတာရှိတယ်။ အခုသူတို့ဝင်နေတဲ့ရွာက ကျွန်တော်တို့ တိုက်ယူခဲ့ရတဲ့နေရာတွေကို ပြန်ဝင်တာပေါ့။ ဆီမီးခုံအထိ စစ်ကြောင်း ဆက်ထိုးလောက်မယ်" လို့ မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးက ရွာတွေကို စစ်ကြောင်းဝင်လာတာကြောင့် ရွာသားတွေက မြစ်ကူးပြီး စစ်ကိုင်းတိုင်း၊ မြောင်နယ်ဘက်ကို စစ်ရှောင်နေကြရပါ တယ်။

အင်အား ၂၅၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ မြင်းခြံမြို့မြောက်ဘက် ၆ မိုင်အကွာက တူရင်းဘို့နဲ့ သစ်ရုံရွာတွေဘက်ကနေ တောပုရွာကိုစတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာလည်း စစ်တပ် စစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်းကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။