အိန္ဒိယမှာ မိုးကြိုးကြောင့် လူ ၅ဝ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, PIYAL ADHIKARY
မေလ ၂၉ ရက်ည တညတည်းမှာပဲ အိန္ဒိယ မြောက်ပိုင်းမှာ မိုးကြိုး လျှပ်စီးတွေ လက်လို့ အနည်းဆုံး လူ ၅ဝ သေဆုံးတယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောကြား ပါတယ်။
လေပြင်းတွေတိုက်ပြီး မိုးကြိုးတွေပစ်လို့ ရွာတွေမှာ အိမ်တွေပြိုကျပြီး အများအပြား ဒဏ်ရာရကြပါတယ်။
အရှေ့ပိုင်းက ဘီဟာ ပြည်နယ်မှာ အဆိုးဆုံး ပစ်ခံရပြီး လူ ၂ဝ သေဆုံးတယ်လို့ အတည်ပြု နိုင်ခဲ့ပါတယ်။
ဒါဟာ အိန္ဒိယ မြောက်ပိုင်းမှာ သဲမုန်တိုင်းကြောင့် လူတရာကျော် သေဆုံးပြီး ရက်သတ္တပတ်တွေအတွင်း ထပ်ဖြစ်တာပါ။
အိန္ဒိယမှာ မုတ်သုန် ဝင်လာရင် မိုးကြိုးပစ်တာတွေ ဖြစ်တတ်ပါတယ်။
မြောက်ပိုင်းက ဥတ္တရာခန် ပြည်နယ်မှာ သစ်ပင်လဲပြီး ကလေး သုံးယောက် သေဆုံးတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RAJAT GUPTA
လာမယ့် သီတင်းပတ်တွေမှာ အိန္ဒိယ မြောက်ပိုင်းမှာ အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ်ထိ တက်လာနိုင်လို့ နောက်ထပ် လေပြင်းမုန်တိုင်းတွေ ကျနိုင်တယ်လို့လည်း မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
အခု သေဆုံးသူ အများစုက မိုးကြိုးနဲ့ လေပြင်းကြောင့် အိမ်တွေပြိုပြီး သေကြတာပါ။
၁၃ နာရီ အတွင်း မိုးကြိုး အကြိမ် ၃၆ဝဝဝ ကျော် ပစ်ချတယ်လို့လည်း အိန္ဒိယ အစိုးရက မှတ်တမ်းတင်ထားပါတယ်။








