အိန္ဒိယသဲမုန်တိုင်းကြောင့် လူတရာ သေဆုံး

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သေဆုံးတဲ့ ဦးရေက ထပ်တိုးလာဖို့ ရှိ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ သဲမုန်တိုင်း အကြီးအကျယ် တိုက်ခတ်နေတာကြောင့် လူတရာနီးပါး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းက အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ အများစုဟာ အူတာ ပရာဒက် ပြည်နယ်က ဖြစ်ပါတယ်။

ဒီမုန်တိုင်းဟာ အခု ဆယ်စုနှစ်ပိုင်းတွေ အတွင်းအဆိုးရွားဆုံး ဖြစ်ပြီး သူတို့ဒေသမှာလည်း အကြီးအကျယ် တိုက်ခတ်ခဲ့တယ်လို့ ရာဂျစသန် ပြည်နယ်က ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

အိန္ဒိယမှာ နွေရာသီ သဲမုန်တိုင်းတွေ ကျလေ့ ရှိပေမယ့် ဒီလောက် များများစားစား သေကြေ ပျက်စီးတာမျိုး ဖြစ်လေ့ မရှိပါဘူး။

ဗီဒီယို ပုံစာ, အိန္ဒိယက အင်အားပြင်း သဲမုန်တိုင်း

ဒီတခါ သေဆုံးတဲ့ အထဲမှာ တဂျ်မဟာ သင်္ချိုင်းတော်ကြီး ရှိတဲ့ အဂရာ ခရိုင်မှာတင် ၄၃ ယောက် ရှိပါတယ်။

သေဆုံးတဲ့ ဦးရေက ထပ်တိုးလာဖို့ ရှိတယ်လို့လည်း အစိုးရအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

လူတွေ သေဆုံးမှု များတဲ့ အကြောင်းက ညမှာ တိုက်တဲ့ မုန်တိုင်း ဖြစ်လို့ အိမ်တွေ ပြိုကျ သေဆုံး ကြတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဆိုင်ကလုံးအိုကီ အလွန် အိန္ဒိယ
india

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိမ်တွေကို ထိမှန်လို့ ရွှံ့နံရံတွေ ပြိုကျ

မိုးကြိုး လျှပ်စီးတွေ အကြီးအကျယ် ပစ်ပြီး အိမ်တွေကို ထိမှန်လို့ ရွှံ့နံရံတွေ ပြိုကျတာ ဖြစ်ပါတယ်။

သစ်ပင်တွေ လဲပြီး လူတွေပေါ်ပိမိလို့ သေဆုံးတာတွေလည်း ရှိသလို ကျွဲနွားနဲ့ အိမ်မွေး တိရစ္ဆာန် အပျက်အစီးလည်း ရှိပါတယ်။

ဗီဒီယို ပုံစာ, သဲမုန်တိုင်း အန္တရာယ်

သဲမုန်တိုင်း ဒဏ်ခံရတဲ့ ရာဂျစသန် ပြည်နယ်မှာ အစိုးရက သေဆုံးသူတွေရဲ့ မိသားစုတွေကို တအိမ်ထောင်ကို ဒေါ်လာ ခြောက်ထောင် နစ်နာကြေး ပေးမယ်လို့ ကြေညာထားပါတယ်။

ဒီလောက် ပြင်းတဲ့ မုန်တိုင်းမျိုး အနှစ် ၂ဝ အတွင်း မကြုံဖူးဘူးလို့လည်း ရာဂျစသန်က ကပ်ဘေး ကယ်ဆယ်ရေး အရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းကြောင့် မီးတိုင်တွေ ရာချီ လဲကုန်တဲ့အတွက် မီးအမြန်ပြန်ရဖို့လည်း ကြိုးစားနေကြပါတယ်။

နယူးဒေလီ မြို့တော် မှာတော့ တနာရီကို မိုင် ၆ဝ နှုန်းနဲ့ ဝင်တိုက်သွားပြီး မိုးသက်လေပြင်းတွေပါ ကျခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က နန်းတော်
india

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အပျက်အစီးတွေကြားက ကယ်ထုတ်ရ

ဒီလို အင်အားပြင်းတဲ့ သဲမုန်တိုင်း တလုံး ဧပြီလထဲက တိုက်သွားတုန်းက လူ ၁၉ ယောက် သေဆုံးခဲ့တယ် လို့လည်း သိရပါတယ်။

ရာသီဥတုကြောင့် လေပူတွေ အထက်ဆန်တက်ရင် မြေကြီးနဲ့ နီးတဲ့ လေထုမှာ လေဟာနယ် ဖြစ်ပြီး အနားက လေတွေတိုးဝင်လာလို့ ဖုန်တွေ သဲတွေ ပါ ရောပါပြီး ဒီလို သဲမုန်တိုင်းတွေ ဖြစ်ပွားတတ်ပါတယ်။

ဗီဒီယို ပုံစာ, စိန်ခေါ်ချက်တွေရှိနေတဲ့ အိန္ဒိယ တောင်သူများ

ဒီရက်ပိုင်း အိန္ဒိယမှာ အပူချိန် တအားတက်နေလို့ ဒီလို သဲမုန်တိုင်း အကြီးစား ဖြစ်တာလို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းပါတယ်။

ဒီလို အားပြင်းပြီး ဒီလောက် နေရာကျယ်ကျယ် တိုက်ခတ်သွားတဲ့ သဲ မုန်တိုင်းမျိုး ရှားတယ် လို့လည်း သိရပါတယ်။