ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ် တဲ့ သတင်းအပါအဝင် ဧပြီ ၂၉ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြဝတီမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ ၊ အမှတ် (၂) ချစ်ကြည်ရေးတံတား မဖွင့်ခင် တရားမဝင်ဂိတ်တွေကို ထိန်းချုပ်ထားဖို့ စစ်တပ် အမိန့်ထုတ်
  • One Championship ဖိုက်တာဘဝကို နှုတ်ဆက်မယ့် တာခဲရုနဲ့ ‌ရော့ထန်တို့ ဒီနေ့ ထိုးသတ်မယ်
  • ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မင်းမလှကျွန်း မှာ ညအချိန် ဂဏန်းပိုက်ချ နေတဲ့ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး
  • မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေကို မြင်ချင်သေးတာကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်မှုတွေမှာ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး ချင့်ချိန်နေတယ်လို့ စင်ကာပူနိုင်ငံခြား‌ရေးဝန်ကြီးပြော
  • ရေးမြို့က စကခ ၁၉ လက်နက်တိုက်ပေါက်ကွဲမှု PDF ပူးပေါင်းဖောက်ခွဲခဲ့တာလို့ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အစ်မဖြစ်သူသေဆုံးကြောင်းပြသဖို့ ဘဏ်ကို အစ်မအလောင်း တူးပြီး ယူလာသူ

    အိန္ဒိယနိုင်ငံ၊ သြရိသပြည်နယ်မှာ ဂျစ်တူးမွန်ဒါဆိုသူဟာ ကွယ်လွန်သူ အစ်မဖြစ်သူရဲ့ရုပ်အလောင်းကို တူးဖော်ပြီး ဘဏ်ဆီကို ရုပ်အလောင်းကို သယ်သွားခဲ့ပါတယ်။

    အကြောင်းကတော့ အစ်မဖြစ်သူ သေဆုံးပြီးကြောင်း ပြဖို့နဲ့ သူဟာ တရားဝင်အမွေဆက်ခံသူဆိုတာကို သက်သေ ပြဖို့ ဖြစ်တယ်ဆိုပြီး အဲဒီသူက သူ့အပြုအမူအပေါ် ကာကွယ် ပြောဆိုပါတယ်။

    တရားဝင် သေစာရင်း မပြနိုင်ရင်တော့ ဘဏ်မှာ ဖွင့်ထားတဲ့ ကွယ်လွန်ပြီလို့ ပြောနေသူရဲ့စုဆောင်းငွေကို ထုတ်မပေးနိုင်ဘူးလို့ ဘဏ်က ငြင်းဆိုခဲ့တဲ့နောက် ဂျစ်တူးမွန်ဒါက အခုလိုပြုမူခဲ့တာ ဖြစ်ပါတယ်။

    ဒီဖြစ်ရပ်ဟာ နိုင်ငံတကာမှာ အုတ်အော်သောင်းတင်း ဖြစ်သွားစေပါတယ်။

    ကွယ်လွန်သူတွေရဲ့ဘဏ်စာရင်းတွေနဲ့ ပတ်သက်ပြီး ကျန်ရစ်သူတွေ၊ အမွေခံတွေ ဆက်လက် စီမံခန့်ခွဲနိုင်ရေးမှာ ကြန့်ကြာနေစေတဲ့ ကြိုးနီစံနစ်တွေ ရှိနေတဲ့အပေါ် ဝေဖန် ထောက်ပြကြသူတွေလည်း ရှိပါတယ်။

    အခုဆိုရင် ကွယ်လွန်သူအတွက် သေစာရင်း တရားဝင်စာရွက်စာတမ်း ထွက်လာခဲ့ပြီဖြစ်သလို၊ ဘဏ်ကလည်း ကျန်ရစ်သူ မိသားစုကို ငွေထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

    ငွေပမာဏဟာ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၂၀၀ ဝန်းကျင် ရှိပါတယ်။

  3. မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ

    တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။

    ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။

    ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  4. ရေးမြို့က စစ်တပ်လက်နက်တိုက် ပေါက်ကွဲမှု PDF တိုက်ခိုက်မှုလို့ဆို

    တနင်္သာရီတိုင်း၊ ရေးမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကဖြစ်ပွားခဲ့တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) လက်နက်တိုက်ပေါက်ကွဲမှုဟာ ဖောက်ခွဲတိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်လာပါတယ်။

    ရေးမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဖားအင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စကခ ၁၉ ရဲ့ ပင်မ လက်နက်တိုက်ပေါက်ကွဲမှုဟာ PDF တွေ၊ မြေအောက်ပြောက်ကျားအဖွဲ့တွေနဲ့ တပ်တွင်းသတင်းပေးတွေ ပူးပေါင်းပြီး တိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာလို့လည်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ပြီးခဲ့တဲ့နာရီပိုင်းမှာပဲ လူမှုကွန်ရက်နေ သတင်းထုတ်ပါတယ်။

    အဲဒီစခန်းအနီးနားနေထိုင်သူတွေကတော့ ဧပြီလ ၁၉ ရက် ညနေပိုင်းတုန်းက လက်နက်တိုက် ပေါက်ကွဲမှုဟာ နာရီနဲ့ချီကြာမြင့်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်အပြီး နောက်နေ့မနက်အထိ စစ်တပ်က လုံခြုံရေး တင်းကျပ်ခဲ့တယ်လို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

    တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးဘက်ကတော့ အဲဒီဖောက်ခွဲမှုအတွင်း စကခ ၁၉ ထဲက လက်နက်တိုက်မှာရှိတဲ့ ဗုံးသီးနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲခဲ့သလို ဗဟိုကင်းထဲက လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၂၀၀ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပြီး စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး နောက်ထပ် ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    စစ်တပ်ကတော့ ရေးမြို့က လက်နက်တိုက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  5. Opec ကနေ ယူအေအီး နုတ်ထွက်တာ စိုးရိမ်စရာလား

    အိုပက်(Opec)လို့ အတိုကောက်ခေါ်ပြီး ရေနံထွက်ကုန်တင်ပို့တဲ့နိုင်ငံများအဖွဲ့ ကနေ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ရုတ်တရက် နုတ်ထွက်တာဟာ သိပ်ကိုအလေးထားဖို့ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံအဖြစ်တစုတစည်းတည်းမဖြစ်တည်ခင် ၁၉၇၁ ခုနှစ်ကတည်းက စော်ဘွားတွေက အိုပက်အဖွဲ့ဝင်ဖြစ်နေခဲ့တာပါ။

    အိုပက်(Opec)ကို ပင်လယ်ကွေ့က ရေနံတင်ပို့တဲ့နိုင်ငံတွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ရေနံထုတ်လုပ်မှု ဘယ်ရွေ့ဘယ်မျှလုပ်ရမယ်ဆိုတာကို ခွဲဝေသတ်မှတ်တာအပြင် ရေနံစိမ်းစျေးနှုန်း အတက်အကျကိုလည်း ထိန်းညှိတာ ဆယ်စုနှစ်များစွာကြာနေပါပြီ။

    အိုပက်ဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒဖြစ်အောင် ပုံစံပြောင်းလဲစေခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ ရေနံအကျပ်အတည်းဖြစ်တဲ့အခါ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    ဆော်ဒီအာရေးဗျနိုင်ငံက အိုအက်တစ်ဖွဲ့လုံးရဲ့ရေနံထုတ်လုပ်မှုအပိုင်းကို အများဆုံးယူထားချိန်မှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဟာ ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံ အဆင့်မှာ ရှိနေပါတယ်။ ပြောရရင်တော့ ယူအေအီး ဟာ ရေနံစျေးနှုန်းတက်နေတဲ့အခါ စျေးကွက်အရှိိန်လျော့ စျေးလျော့သွားအောင် ရေနံတိုးထုတ်ပေးနိုင်တဲ့နေရာမှာ ရှိနေတာပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  6. ဖျာပုံမှာ ထင်းမီးဖို မီးကြွင်းမီးကျန်ကြောင့် အိမ်အလုံး ၇၀ မီးလောင်

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာက နေအိမ်တစ်ခုရဲ့ နောက်ဖေး ထင်းမီးဖိုရဲ့ မီးကြွင်းမီးကျန်ကနေ မီးလောင်ကျွမ်းမှုဖြစ်ပြီး နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ထင်းမီးဖို တည်ထားပြီး အိပ်ပျော်သွားတာကနေ စတာ။ အဲလိုနဲ့ မီးကူးပြီး လောင်ကုန်တာ” လို့ သူက ပြောပါတယ်။

    ဧပြီ ၂၉ ရက်၊ မနက် ၃ နာရီကျော်မှာ မီးစလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မိနစ် ၅၀ နီးပါး ငြှိမ်းသတ်ခဲ့ရတာလို့ဆိုပါတယ်။

    သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နေအိမ် ၅ လုံး ဓနိမိုး ၊ ဓနိကာ၊ ဝါးကြမ်းခင်းနေအိမ် ၂၈ လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၃၇ လုံးနဲ့ စုစုပေါင်း လူနေအိမ် အလုံး ၇၀ လောက် မီးလောင်းကျွမ်းခဲ့တယ်လို့ သိရပါတယ်။

    ဒီမီးလောင်မှုမှာ လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

    မီးစတင်လောင်ကျွမ်းတဲ့နေအိမ်က အိမ်ရှင်ကိုတော့ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။

    ဒီပုဒ်မက မီး ဒါမှမဟုတ် မီးလောင်လွယ်တဲ့ပစ္စည်းကို အရမ်း သို့မဟုတ် ပေါ့လျော့စွာ ဆောင်ရွက်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ၃ နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးအပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

    နေအိမ်အလုံး ၇၀ က မိသားစုဝင်တွေကိုတော့ သာသနာ့တံခွန် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ယာယီနေရာချ ပေးထားတယ်လို့ ဆိုပါတယ်။

  7. မြန်မာ့အရေး ချင့်ချိန် ချဉ်းကပ်နေတယ်လို့ စင်ကာပူပြော

    မြန်မာနိုင်ငံခရီးစဉ်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန်နဲ့ တွေ့ဆုံမှုမှာ ပြောပါတယ်။

    ၂၅ ကြိမ်မြောက် အာဆီယံ- ဥရောပသမဂ္ဂ (အီးယူ) ဝန်ကြီးအဆင့်အစည်းအဝေး ရဲ့ အလွတ်သဘောတွေ့ဆုံမှုမှာ အခုလိုပြောခဲ့တာပါ။

    နှစ်နိုင်ငံဝန်ကြီးတွေ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့တဲ့ခေါင်းစဉ်တွေထဲ စင်ကာပူဘက်က မြန်မာအရေးကို ပိုပြီး အာရုံစိုက်တာတွေ့ရတယ်လို့ The Star သတင်းဌာနက ရေးသားပါတယ်။

    စင်ကာပူဘက်ကတော့ မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေကို မြင်ချင်သေးတာကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်မှုတွေမှာ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး ချင့်ချိန်နေတယ်လို့ စင်ကာပူနိုင်ငံခြား‌ရေးဝန်ကြီးက ပြောပါတယ်။

    ဒီအချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကလည်း ထောက်ခံခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ မတူညီတဲ့အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးစကားဝိုင်းတွေဖြစ်လာဖို့လည်း လိုအပ်နေတဲ့ အကြောင်း သူကရှုမြင်ပါတယ်။

    စင်ကာပူဟာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ အာဆီယံ နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတာမျိုးလည်းရှိခဲ့ဖူးပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခရီးစဉ်မတိုင်ခင် ဧပြီ ၂၂ ရက်မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဦးမင်း‌အောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ မြန်မာနဲ့ အာဆီယံကြား ပေါင်းကူးသဖွယ် ကူညီမယ်၊ မြန်မာ့ငြိမ်းချမ်းရေး အရှည်သဖြစ် ဆက်ရှိအောင် ဆက်ပြီး အားပေးထောက်ခံမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ နေပြည်တော်ခရီးစဉ်အတွင်းပြောခဲ့ပါတယ်။

  8. စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား

    တရုတ်လိုလားတဲ့နေပြည်တော်အစိုးရသစ်နဲ့ လွှတ်တော်တွေ အသက်ပြန်ဝင်လာချိန်မှာပဲ တရုတ်အကျိုးစီးပွားရှိတဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းလို့ နာမည်ကျော်တဲ့ ပိုးလမ်းမစီမံကိန်း (BRI)ထဲက မြန်မာမှာရှိတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဘေကျင်းဘက်က အသံထုတ်လာပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့အထူးသံတမန်ကို နေပြည်တော်က သမ္မတကျမ်းကျိန်ပွဲကို တက်စေပြီး BRI ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းအောင်လုပ်မယ့်အကြောင်း သတင်းစကားပါးပါတယ်။

    နေပြည်တော်ဘက်ကလည်း တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ အကြိမ်ကြိမ် ကတိပေးသလို အခုနောက်ဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဧပြီလ ခရီးစဉ်မှာ ထပ်မံ အာမခံပါတယ်။

    နေပြည်တော်က အစိုးရသစ်သက်တမ်းအတွင်း ဒီရထားလမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ တရုတ်ဘယ်လို ခြေလှမ်းနေလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  9. ဘိုကလေးမြို့နယ်မှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

    ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းက အမဲချောင်းမှာ ဂဏန်းပိုက်ချနေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၁၅ ပေ ရှည်တဲ့ မိကျောင်းက ကိုက်ချီသွားခဲ့လို့ သေဆုံးခဲ့တယ်လို့ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

    ဧပြီ ၂၇ ရက်၊ ည ၇ နာရီက ချောင်းထဲ ဂဏန်းပိုက်ချနေတဲ့ အမျိုးသားတစ်ဦးရဲ့လှေကို အလျား ၁၅ ပေ၊ ဗြက် ၃ ပေခန့်ရှိတဲ့ မိကျောင်းက ‌ရေထဲကနေ လှမ်းကိုက်လိုက်တဲ့အချိန် လှေကို ထိလို့ လှေမှောက်သွားခဲ့ပြီး ရေထဲကျသွားတဲ့အချိန် မိကျောင်းက ကိုက်ချီသွားခဲ့တာလို့ ဆိုပါတယ်။

    နောက်တစ်နာရီ လောက်အကြာမှာတော့ ဒေသခံတွေက အဲဒီအမျိုးသားတစ်ဦးရဲ့ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ရုပ်အလောင်းကိုတော့ စက်ဆန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဘိုကလေးမြို့နယ်မှာ မိကျောင်းကိုက်ခံရတာ ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေထဲမှာတော့ ဒီလိုဖြစ်စဉ်တွေရှိခဲ့ဖူးတယ်လို့ ဘိုကလေးဒေသခံတစ်ဦးက ပြောပါတယ်။

    ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောက မြစ်ချောင်းတွေထဲမှာ ချောင်းအလျား ၁၆၃ ကီလိုမီတာအတွင်း မိကျောင်းအကောင်ရေ ၁၁၅ ကောင်ကို မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးက ၂၀၂၂ ခုနှစ်အတွင်း မှတ်တမ်းတင်ထားပါတယ်။

    အဲဒီဘေးမဲ့တောဟာ ရေချို၊ ရေငန်စပ် မိကျောင်းတွေ အဓိက ကျက်စားရာ မျိုးပွားရာနေရာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

  10. One Championship ဖိုက်တာဘဝကို နှုတ်ဆက်မယ့် တာခဲရုနဲ့ ‌ရော့ထန်တို့ ဒီနေ့ ထိုးသတ်မယ်

    One Championship ရဲ့အကျော်အမော် ထိုင်းဖိုက်တာ ရော့ထန်နဲ့ ဂျပန်ဖိုက်တာ တာခဲရုတို့ ဒီကနေ့ ဂျပန်နိုင်ငံ၊ မြို့တော် တိုကျိုမှာ ထိုးသတ်သွားဖို့ရှိနေပါတယ်။

    ရော့ထန် နဲ့ One Championship တို့ စာချုပ်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး One ဘက်က ‌ရော့ထန်ကို ဘတ် သန်း ၆၄၀ လျော်ကြေးတောင်းပြီး တရားစွဲမယ့်အထိဖြစ်ခဲ့ပြီး နှစ်ဘက် သဘောတူမှုရပြီးတဲ့နောက် ဒီပွဲစဉ်က စီစဉ်ထားတဲ့အတိုင်းပဲ ဆက်ဖြစ်လာတာပါ။

    နှစ်ယောက်လုံးက လစ်လပ်နေတဲ့ Flyweight ကစ် ဘောက်ဆင် ချန်ပီယံခါးပတ်ကို လုကြမယ့်ပွဲပါ။

    One Sumurai 1 ရဲ့ခေါင်ပွဲ အဖြစ်ထိုးသတ်သွားမှာဖြစ်ပြီး ဒီတွဲဆိုင်းဟာ လူစိတ်ဝင်စားမှု အမြင့်ဆုံးမှာ ရှိနေတာပါ။

    ထူးခြားတာကတော့ ဒီပွဲဟာ မြန်မာပရိသတ်တွေနဲ့ မစိမ်းလှတဲ့ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဖိုက်တာ တာခဲရု အတွက် သူ့ရဲ့ ဖိုက်တာဘဝ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲဖြစ်ပါတယ်။

    တာခဲရု က ရော့ထန် နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲမှာ ပထမအကျော့မှာ တင် အလဲထိုးခံရပြီး ရှုံးနှိမ့်ခဲ့တာပါ။

    ဖိုက်တာဘဝကို နှုတ်ဆက်မယ့်ပွဲစဉ်မှာ တာခဲရု ကတော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း One Championship နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

    “သူ့လို ဖိုက်တာမျိုးကိုမှ ရှုံးကြွေးပြန်မဆပ်နိုင်ရင် ကျွန်တော် ဖိုက်တာတစ်ယောက်အနေနဲ့ အနားယူနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် One နဲ့ စာချုပ်ချုပ်ခဲ့ရတဲ့ အန္တိမရည်မှန်းချက်ကလည်း ရော့ထန်နဲ့ ထိုးသတ်ဖို့ပါ”

    ရော့ထန်ကတော့ “ကျွန်တော် ဒီပွဲအနိုင်ယူပြမယ်။ မနက်ဖြန်တွေ့ကြမယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။

    တာခဲရုဟာ မြန်မာဖိုက်တာ သန့်ဇင်နဲ့လည်း ထိုးသတ်ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ သန့်ဇင်က တာခဲရုကို ဒိုင်အမှတ်ရေခံရအောင် တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမဲ့ တာခဲရုကပဲ အနိုင်ရခဲ့တာပါ။

    အဲဒီပွဲစဉ်အပြီးမှာတော့ သန့်ဇင် ကူညီချင်ခဲ့တဲ့ ရေဘေးသင့် မြန်မာနိုင်ငံသားတွေကို တာခဲရုက ကူညီပေးခဲ့ဖူးပါတယ်။

  11. မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

    မြဝတီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက် မကိုင်ဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာတပ်ရင်း/ဌာန၊ စည်းကမ်းထိန်းသိမ်းရေးရုံးတွေကို အပ်နှံထားဖို့ စစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။

    နောက်ပြီး မြို့တွင်း စားသောက်ဆိုင်တွေ/ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း စစ်တပ်က အမိန့်ထုတ်ပါတယ်။

    မြဝတီမြို့စောင့်တပ်လို့ လူသိများတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ ၂၇၅)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ဧပြီ ၂၃ ရက်မှာ အချက် ၈ ချက် ပါတဲ့ အမိန့်စာကို ထုတ်ခဲ့တာပါ။

    ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်တယ်လို့ဆိုပြီး စာထဲမှာရေးသားထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ DKBA နဲ့ နီးစပ်သူက “တိုင်းမှူးရော၊ တပ်မမှူးရော အသစ်ဆိုတော့ … ဒီအမိန့်တွေ ထုတ်တာက ကရင်လက်နက်ကိုင်တွေကို သူထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပြတာ” လို့ ပြောပါတယ်။

    ထိုင်း- မြန်မာကုန်သွယ်ရေးအတွက် အဓိက လမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်တဲ့အခါမှာလည်း မြို့ပေါ် က တရားမဝင် ဂိတ်တွေကို ထိန်းချုပ်ထားဖို့အချက်ကိုလည်း အဲဒီထုတ်ပြန်စာမှာ ပါရှိပါတယ်။

    “မြို့စွန်မှာတော့ ဘယ်သူမှ ယူနီဖောင်း မဝတ်ရဲကြဘူး။ NCA ထိုးထားတဲ့ စစ်တပ်မဟာမိတ်တွေက ဂိတ်မှာ စိုးမိုးထားရင် ဌာနဆိုင်ရာ လွှတ်ပြီး ဂိတ်ဖွင့်လို့ ရတယ်လေ။ အဲဒါကြောင့် စိုးမိုးထားဖို့ ပြောတာ။ နောက်ပြီး ထိုင်းပစ္စည်းတွေကို ကြပ်ဖို့လည်း ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) အဖြစ် ဆက်ပြီး ကျန်ရှိနေတဲ့ BGF တပ်နယ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်ရဲ့လက်အောက်ခံ တပ်ရင်းတစ်ရင်းသာ ကျန်ရှိပါတယ်။ ဗိုလ်ချုပ် စောချစ်သူနဲ့ စောတင်ဝင်းတို့ကတော့ ကရင်အမျိုးသားတပ်(KNA) အဖြစ်မပြောင်းလဲခင်မှာပဲ စစ်တပ်ထံမှာ BGF ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ KNA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

  12. မင်္ဂလာပါ။ ဧပြီ ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။