ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

၂၀၂၆ ကမ္ဘာ့ဖလား- မြန်မာမှာ စစ်တပ်ပိုင် Mytel က ပွဲစဉ်တွေကို ပြသခွင့်ရ

မြန်မာစစ်တပ်ပိုင် Mytel က ၂၀၂၆ ကမ္ဘာ့ဖလားကို ပြသခွင့်ရ၊ ထိုင်းမှာ ပြသခွင့်ညှိနှိုင်းနေရတဲ့သတင်းအပါအဝင် ဇွန်လ ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မကွေး၊ စလင်းမြို့နယ် မကျီးစင်ရွာထဲ စစ်တပ်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် ရွာခံ ၂ ဦးသေဆုံး၊ ၉ ဦးဖမ်းဆီးခံရ၊ ပခုက္ကူခရိုင်ပကဖတွေရဲ့ ပြည်သူ့စစ်ရွာသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ‌ကျော်သေဆုံးတယ်လို့ဆို
  • ရန်ကုန်မှာ နှစ်ကြိမ်ထက်မနည်း အင်အားသိသာခံစားရတဲ့ ငလျင်လှုပ်
  • ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ ဇိုဖေရမ်ဒေသအခြေစိုက် CDF-ဇိုဖေရမ် ဌာနချုပ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်
  • မြန်မာဘက်ခြမ်းမှာ ဒရုန်းသင်တန်းပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အိန္ဒိယမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၇ ဦးဆီက အသံနမူနာယူဖို့ NIA ကြိုးပမ်း
  • ရခိုင်က အေအေထိန်းချုပ်ထားတဲ့ အနည်းဆုံး ၅ မြို့နယ်မှာ လူအယောက် ၃၀ ကျော်အထိ သွေးလွန်တုပ်ကွေးကူးစက်မှုဖြစ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန သတိပေး
  • ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel က ရရှိ
  • ပုပ်ရဟန်းမင်းကြီး လီယိုက မြန်မာကို မမေ့ထားဘူးလို့ပြော - ကာဒီနယ်ချားလ်စ်ဘို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၁၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြောက်အိုင်ယာလန်မှာ ဓားထိုးတိုက်ခိုက်မှုနောက်ဆက်တွဲ အဓိကရုဏ်းများကြောင့် ရဲ ၁၂ ဦး ဒဏ်ရာရ, လူ ၁၆ ဦး ဖမ်းဆီးခံရ

    မြောက်အိုင်ယာလန်က ဘဲလ်ဖတ်စ်မြို့မှာ ရဲနဲ့ဆန္ဒပြသူတွေကြားဖြစ်တဲ့အဓိကရုဏ်းတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူ ၁၆ ဦးကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    တနင်္လာနေ့က ဘဲလ်ဖတ်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးတိုက်ခိုက်မှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆူပူမှုတွေကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မီးသတ်ရေပိုက်တွေနဲ့ ထိုးပြီး လူစုခွဲခဲ့ရပါတယ်။

    ဗြိတိန်အစိုးရရဲ့ မြောက်အိုင်ယာလန်ဆိုင်ရာ ဝန်ကြီး ဟီလာရီ ဘန်က အကြမ်းဖက်မှုတွေကြောင့် မြောက်အိုင်ယာလန်က လူနည်းစုဒေသခံအသိုင်းအဝိုင်းတွေကြား စိုးရိမ်ကြောက်ရွံ့မှုတွေ ပျံ့နှံ့နေတယ်လို့ ပြောပါတယ်။

    အလုပ်သမားသမဂ္ဂ Unison ကလည်း အသားအရောင်မတူတဲ့ သူနာပြုတစ်ဦးကို မျက်နှာဖုံးစွပ်ထားသူ လေးဦးက လိုက်လံခြိမ်းခြောက်ခဲ့တာကြောင့် Ulster Hospital ဆေးရုံထဲကို ထွက်ပြေးခိုလှုံခဲ့ရကြောင်း ပြောပါတယ်။

    ဒေသခံ ပေါလ် ရှာကီကလည်း မျက်နှာဖုံးစွပ်ထားသူတစ်ဦးက သူ့ရဲ့ ရပ်ကွက်အတွင်း အိမ်တွေကို မီးရှို့နေတာကို မြင်တွေ့ခဲ့ရပြီး သူ့ အနေနဲ့ အလွန်ထိတ်လန့်ကြောက်ရွံ့ခဲ့ရကြောင်း ဘီဘီစီကို ‌ပြောပါတယ်။

    ဓားထိုးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသက် ၃၀ အရွယ် ဆူဒန်နွယ်ဖွား အမျိုးသားကို လူသတ်ရန် ကြိုးပမ်းမှုနဲ့စွဲချက်တင်ထားပြီး ဇွန် ၁၁ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။

    တိုက်ခိုက်ခံရသူဟာ စတီဖင် အော့ဂလ်ဗီဆိုသူလို့ နောက်ပိုင်းမှာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပြီး ဓားနဲ့တိုက်ခိုက်ခံရတာကြောင့် သူ့မျက်လုံးတစ်ဖက်ကွယ်ခဲ့သလို နောက်တစ်ဖက်မှာလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

    အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ မျက်နှာဖုံးစွပ်ထားတဲ့အမျိုးသားအချို့က အုပ်စုဖွဲ့ပြီး ဘဲလ်ဖတ်စ်မြို့ ဆင်ခြေဖုံးအလွန်က နေအိမ်ပြတင်းတွေကို ကန်ကျောက် ရိုက်ခွဲတာနဲ့ ''နိုင်ငံခြားသားတွေ ထွက်'' လို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ကားတွေနဲ့ နေအိမ်အချို့ မီးရှို့ခံရတာတွေလည်းဖြစ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ဇွန်လ ၁၀ ရက်နဲ့ ၁၁ ရက်အထိ ဘဲဖတ်စ်မှာ ဆန္ဒပြတာတွေ ဆက်ဖြစ်နေပြီး ရဲက ဝင်ထိန်းရတဲ့အထိ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

  3. ၂၀၁၅ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှု - ဝီဂါအမျိုးသား ၂ ဦး သေဒဏ်အမိန့်ချမှတ်ခံရ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ဝီဂါအမျိုးသား ၂ ဦးကို ဘန်ကောက်မြို့ တရားရုံး တစ်ရုံးက ဒီနေ့မှာ သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။

    ဘန်ကောက်မြို့လယ်က ကမ္ဘာကျော်နတ်ကွန်းမှာ လွန်ခဲ့တဲ့ ၁၁ နှစ်နီးပါးတုန်းက ဖြစ်ခဲ့တဲ့ အဲဒီဗုံးပေါက်ကွဲမှုမှာ ကမ္ဘာလှည့်ခရီးသွား အများစု ပါဝင်တဲ့လူပေါင်း ၂၅ ဦး သေဆုံးပြီး နောက်ထပ် လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

    တရုတ်မှာ လူနည်းစုဖြစ်တဲ့ ဝီဂါ လူမျိုးဖြစ်တဲ့ အဲဒီအမျိုးသား ၂ ဦးကတော့ သူတို့မှာ အပြစ်မရှိကြောင်း တရားရုံးတော်မှာ ထွက်ဆိုထားပါတယ်။

    ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံသမိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကြားထဲ နာမည်ကြီးတဲ့နေရာတစ်ခုမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

    တဖက်မှာလည်း ဒီဖြစ်ရပ်ဟာ ထိုင်းရဲတပ်ဖွဲ့အတွက် ကျူးလွန်သူကို ဖော်ထုတ်ပြီး တရားမျှတမှု ဖော်ဆောင်ဖို့ရာမှာ ဖိအားကြီးဖြစ်နေခဲ့တာပါ။

    ရဲတပ်ဖွဲ့ဘက်က ရှေ့နောက်မညီတဲ့ကြေညာချက်တွေ ထုတ်ခဲ့တာကြောင့်လည်း အာရုံထွေပြားစရာဖြစ်ခဲ့ပြီး အမှုစစ်ဆေး ကြားနာတာလည်း ၁၀ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပါတယ်။

    ဒါပေမဲ့ ဘန်ကောက်က တရားသူကြီး ၃ ဦးကတော့ ဘီလယ်လ် မိုဟာမက်နဲ့ ယူဆုဖု မီရာလီတို့ ၂ ဦးဟာ ဗုံးခွဲတိုက်ခိုက်မှုလုပ်ဖို့ ကြံစည်ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတဲ့သက်သေတွေ ရှိခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    တရားသူကြီးတွေကတော့ နတ်ကွန်းမှာ ပေါက်ကွဲမှု မဖြစ်ခင်လေးမှာ အမျိုးသားတစ်ဦး ကျောပိုးအိတ်တစ်လုံးကို ချသွားတဲ့ လုံခြုံရေးကင်မရာက ရုပ်သံ၊ နောက်ပြီး အဲဒီညမှာပဲ သူ့ကို ကားနဲ့လိုက်ပို့ခဲ့တယ်လို့ဆိုတဲ့ အငှားယာဉ်မောင်းရဲ့ထွက်ဆိုချက်တွေက သက်သေတွေလို့ဆိုပြီး ကိုးကားပြောဆိုပါတယ်။

    ဒါပေမဲ့ လုံခြုံရေးကင်မရာရုပ်သံထဲမှာ ပါတဲ့အမျိုးသားဟာ ဒီနေ့ သေဒဏ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဘီလယ်လ် မိုဟာမက်နဲ့ လုံးဝ ရုပ်မတူပါဘူး။ တရားရုံးကတော့ သူဟာ ဗုံးထောင်ခဲ့တာလို့ ပြောပါတယ်။

    နိုင်ငံတကာဂျူရီလူကြီးမင်းများကော်မရှင်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ထောက်ပြပြီး အခုတရားခွင်ကို ပြင်းပြင်းထန်ထန်ဝေဖန်သလို တရားခွင်ကို အဆုံးသတ်ပြီး တရားခံလို့ စွပ်စွဲခံရသူတွေကိုလည်း လွှတ်ပေးသင့်တယ်လို့ ပြောဆိုပါတယ်။

    အမိန့်ချမှတ်ခံရသူတွေရဲ့ရှေ့နေတွေကတော့ သူတို့အမှုသည်အတွက် အယူခံဝင်မယ်လို့ ပြောပါတယ်။

  4. ရွှေဈေး တစ်ပတ်အတွင်း ကျပ် ၄ သိန်းကျော်ကျ

    မြန်မာ့ရွှေဈေးက ဒီနေ့ ဇွန်လ ၁၁ ရက်မှာ ၁၆ ပဲရည် တစ်ကျပ်သားကို ပြင်ပပေါက်ဈေး ကျပ် ၉၆ သိန်း ၃ သောင်းကနေ ၉၆ သိန်း ၉ သောင်းကြားအထိ ဈေးရှိပြီး ဈေးပြန်ကျလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၅ ရက် တုန်းက တစ်ကျပ်သားကို ကျပ် ၁၀၁ သိန်းကျော်ရှိခဲ့တာကြောင့် ကျပ် ၄ သိန်းကျော်ဝန်းကျင် ဈေးပြန်ကျလာတာဖြစ်ပါတယ်။

    “ဒီနေ့ (ဇွန် ၁၁ ရက်)မနက်ပိုင်းမှာလည်း ၉၄ သိန်းလောက်အထိ ခဏလောက်ကျသွားသေးတယ်”လို့ ‌ရွှေဆိုင်ဖွင့်ထားသူတစ်ဦးကဆိုပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို တရားဝင်ဈေး ကျပ် ၆၉ သိန်း ၅ သောင်းရှိတယ်လို့ ကြေညာထားပါတယ်။

    ကမ္ဘာ့ ရွှေစျေးကျဆင်းမှုကြောင့် မြန်မာ့ ရွှေဈေးကျဆင်းလာတာဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အမေရိကန် ငွေဖောင်းပွမှုမြင့်တက်လာပြီး Fed က အတိုးနှုန်းကို အချိန်ကြာကြာမြှင့် ထားနိုင်တယ်လို့ ဈေးကွက်က ယူဆလာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရွှေကိုရောင်းချပြီး အတိုးရတဲ့ပိုင်ဆိုင်မှုတွေဘက် ပြောင်းရွှေ့လာရာက ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာဖြစ်ပါတယ်။

  5. တောင်တရုတ်ပင်လယ်ထဲ သဲဖို့ ကျွန်းဖော်ပြီး ပိုင်နက်ဦးနေကြလား

    အန်တလုပ် သန္တာကျောက်တန်းဟာ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းစွန်းစွန်းနားလေးက မျက်ရည်စက်ပုံစံ ကျွန်းငယ်လေးဖြစ်ပြီး မကြာသေးခင်တုန်းကအထိ ရေအောက်မှာပဲ ရှိနေသေးတဲ့ကျွန်းလေး ဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီကျွန်းငယ်ဟာ ဒီနှစ်မှာတော့ မကြုံစဖူး ပုံစံပြောင်းသွားပါတယ်။

    ကျွန်းသားပေါ်အောင် သဲတန်ချိန် သန်းချီကို ပင်လယ်ကြမ်းပြင်ကနေ စုပ်ထုတ်ပြီး ဖို့ထားတာတွေ့ရပါတယ်။ အရင်က ပင်လယ်ရေစိမ်းစိမ်းအောက်မှာ အကွက်ကလေးလိုဖြစ်နေတဲ့ကျွန်းဟာ အခုဆိုရင် စတုရန်းမိုင် ၂ မိုင်ကျော်ကျယ်တဲ့ ကျွန်းအဖြစ် ရုပ်လုံးပေါ်လာပြီး ကျွန်းအနားသတ်မှာလည်း အဖြူရောင်သဲတွေ အနားသတ်ပေးထားသလို ကျွန်းပေါ် တစ်နေရာမှာဆိုရင် အဆောက်အဦတွေ ပြန့်ကျဲနေပါတယ်။ ဒါတွေအားလုံးက ၆ လအတွင်းဖြစ်လာတာပါ။

    လခြမ်းကွေးပုံစံ ပင်လယ်ရေအိုင်ဖြစ်သွားတဲ့နေရာမှာတော့ ဒါဇင်နဲ့ချီတဲ့သင်္ဘောတွေကို မြင်နိုင်ပါတယ်။ ဒီသင်္ဘောတွေအားလုံးက သဲစုပ်စက်တွေဖြစ်ပါတယ်။ တရုတ်မှာ အများဆုံးရှိတဲ့သင်္ဘောစုလည်းဖြစ်ပါတယ်။ အချို့ သင်္ဘောတွေဆိုရင် တစ်နာရီကို သဲကုဗမီတာ ၆,၀၀၀ အထိ စုပ်ယူနိုင်ပါတယ်။ ဒီပမာဏဟာ အိုလံပစ်ပွဲမှာ သုံးတဲ့ ရေကူးကန် ၂ ကန်စာကို ဖြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  6. ပခုက္ကူက ပြည်သူ့စစ်ရွာသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ‌ကျော်သေဆုံး -မကွေး(ပကဖ), စလင်းမှာလည်း ဒေသခံထောင်ချီ စစ်ရှောင်နေရ

    မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက မကျီးစင်ရွာထဲကို စစ်တပ်ရဲ့ စစ်ကြောင်း ဇွန်လ ဒုတိယပတ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ ရွာခံ ၉ ဦး ဒီနေ့ ဇွန် ၁၁ ရက်အထိ မလွတ်မြောက်သေးသလို ဒေသခံထောင်နဲ့ချီလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

    “ရွာ ၅ ရွာလောက်က ‌ဒေသခံထောင်ချီ တောတိုက်(လယ်တောထဲက ယာယီတဲ)တွေဘက်ကို တိမ်းရှောင်နေရတယ်”လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးမှုအပြင် သေနတ်နဲ့ပစ်ခတ်မှုလို့ မကျီးစင်ရွာခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

    အဲဒီစစ်ကြောင်းဟာ မကျီးစင်ရွာအနီး မြို့လှရွာက ဓာတ်အားခွဲရုံမှာ အခြေစိုက်ထားတဲ့ စစ်တပ်စစ်ကြောင်းဖြစ်ပြီး မကျီးစင်-တညောင်လမ်းပိုင်းပေါ်က ရှိတဲ့ရွာတွေကို ဇွန်ဒုတိယအပတ်ထဲမှာပဲ စစ်ကြောင်းထိုးနေတာလို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

    မနေ့ ဇွန်လ ၁၀ ရက်မှာတော့ အဲဒီစစ်ကြောင်းက မကျီးစင်ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တာလို့ NUG ရဲ့ မကျီးစင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီပြောပါတယ်။

    စလင်းမြို့မြောက်ဘက်က မကျီးစင်ရွာဟာ စည်ဆွဲရွာနဲ့ တညောင်ရွာကြားမှာရှိပြီး စလင်းမြို့နဲ့ ၂၁ မိုင်ကွာဝေးပါတယ်။ မကျီးစင်အရှေ့မြောက်ခြမ်းမှာတော့ ကပစ ၂၁ ရှိတဲ့ ဆိပ်ဖြူမြို့ရှိပါတယ်။

    လက်ရှိ စစ်တပ်စစ်ကြောင်းဟာ အင်အားဖြန့်ခွဲပြီး မြို့လှရွာနဲ့ စည်ဆွဲရွာနားတဝိုက်မှာ တပ်စွဲအထိုင်ချနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    တစ်ဖက် ပခုက္ကူခရိုင်တွင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ မြို့နယ် ၅ ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေဦးဆောင်ပြီး တိုက်ပွဲတွေဖော်ဆောင်ခဲ့ရာ ပေါက်နဲ့မြိုင်အစပ်က ‌ရေပြာရွာ၊ ကုက္ကိုစုရွာတို့ကို သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပကဖကနေ ကြေညာပါတယ်။

    မကွေးတိုင်း၊ ပကဖရဲ့ ထုတ်ပြန်ချက်အရ အဲဒီရွာတွေဟာ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တွေ အင်အားကောင်းတဲ့ရွာတွေလို့ သိရပါတယ်။

    တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၃၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၆၅ ဦးရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီတိုက်ပွဲကို “အညာမြေစစ်ဆင်ရေး”ရဲ့ ပထမအဆင့် စစ်ဆင်‌ရေးငယ် Operation 9 အနေနဲ့ ဖော်ဆောင်ခဲ့တာကို မကွေးတိုင်း ပကဖကနေ ထုတ်ပြန်ပါတယ်။

  7. TNLA ထိန်းချုပ် နမ္မတူဓာတ်အားခွဲရဲ့ အခန်းကဏ္ဍ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်မှာရှိတဲ့ မန်စံဓာတ်အားခွဲရုံဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးကာလတွေမှာလည်း ရှမ်းမြောက်တကြောကမြို့နယ်တွေ လျှပ်စစ်မီးရရေးအတွက် အခရာဖြစ်နေပါတယ်။

    မန်စံဓာတ်အားခွဲရုံဟာ မြန်မာမှာ တရုတ်အကောင်အထည်ဖော်မယ့် ပိုးလမ်းမ(BRI) စီမံကိန်းထဲက ကျောက်ဖြူ-ကူမင်းရထားလမ်းပိုင်းအတွက် အခရာကျတယ်လို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ စစ်ပွဲတွေကြား မန်စံဓာတ်အားခွဲရုံ လည်ပတ်တာ ရပ်တန့်ခဲ့ပေမယ့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က နမ္မတူမြို့ကို ထိန်းချုပ်ပြီးမကြာခင်မှာပဲ ပြန်လည်ပတ်ခဲ့ပါတယ်။

    တိုက်ပွဲတွေမဖြစ်ခင် စစ်အာဏာသိမ်းထားတဲ့ ၂၀၂၃ အစောပိုင်းကာလအထိ နမ္မတူက မန်စံဓာတ်အားခွဲရုံကနေ မြို့နယ် ၁၀ ခုထက်မနည်းကို ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အကုန်လုံးကိုမပေးနိုင်တော့ပါဘူး။

    နမ္မတူမြို့နယ်ထဲက မန်စံဓာတ်အားခွဲရုံကို TNLA ဘယ်လိုလည်ပတ်နေလဲ။ ဒီဓာတ်အားခွဲရုံဟာ တရုတ်ရဲ့ BRI စီမံကိန်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  8. သတင်းထူး, ရန်ကုန်နဲ့ဧရာဝတီအစပ်မှာ အင်အားသိသာတဲ့ငလျင်လှုပ်

    ရန်ကုန်မှာ နှစ်ကြိမ်ထက်မနည်း အင်အားသိသာခံစားရတဲ့ ငလျင်လှုပ်သွား ဒီကနေ့ ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်နဲ့ ၁၂ နာရီခွဲကြားမှာ ရန်ကုန်မြို့က မြို့နယ်အချို့မှာ အင်အားသိသာခံစားရတဲ့ငလျင်လှုပ်ခတ်သွားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

    ကမာရွတ်၊လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ငလျင်လှုပ်ခတ်မှုကိုသိခဲ့ရပြီး တခြားမြို့နယ်တွေမှာတော့ ငလျင်လှုပ်ခတ်မှုကို တိတိကျကျခံစားရတာမရှိဘူးလို့လည်း ဆိုကြပါတယ်။

    ''အကုန်ပြေးဆင်းကြတာ၊ တိုက်အောက်မှာ လူတွေအများကြီးပဲ လန့်သွားကြတာ လက်တွေတောင်တုန်တယ်'' လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

    အခုဇွန်လအတွင်း ရန်ကုန်၊ နေပြည်တော်၊မန္တလေးနဲ့ တမူးဘက်အပါအဝင် ငလျင်လှုပ်ခတ်မှုအကြိမ် ၅ ကြိမ်ထက်မနည်းရှိထားပါတယ်။

    ငလျင်ပမာဏကိုဖော်ပြတဲ့ အပလီကေးရှင်းတွေမှာတော့ ပြင်းအားကိုတွက်ချက်ထုတ်ပြန်နိုင်တာမရှိသေးဘဲ ရန်ကုန်၊ ကမာရွတ်တဝိုက်မှာငလျင်လှုပ်ခတ်သွားတယ်လို့သာဖော်ပြပါတယ်။

    ထိုင်းနိုင်ငံ ငလျင်စောင့်ကြည့်ရေးဌာနကတော့ ငလျင်ဟာ ဧရာဝတီနဲ့ ရန်ကုန်တိုင်းအစပ်၊ တွံတေးမြို့နယ်ထဲက ခတ္ထိယကျေးရွာအုပ်စုကို ဗဟိုပြုလှုပ်ခတ်သွင်္းပြီး ပြင်းအား ၄.၀ မဂ္ဂနီကျုရှိတယ်လို့ မှတ်တမ်းတင်ပါတယ်။

    မြန်မာမိုးဇလဌာနကတော့ ငလျင်လှုပ်ခတ်မှုအခြေအနေကို ပြီးခဲ့တဲ့မိနစ်ပိုင်းအထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

  9. ချင်း၊ ထန်တလန်က CDF ရဲ့ ဌာနချုပ်တစ်ခု လေကြောင်းတိုက်ခံရ

    ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ ဇိုဖေရမ်ဒေသအခြေစိုက် CDF-ဇိုဖေရမ် ဌာနချုပ်ဒီနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ လေ‌ကြောင်းတိုက်ခိုက်ခံရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။

    “တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိတယ်လို့ သိရပြီး အတိအကျတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    သူ့အပြောအရ မနက် ၈ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ Y12 လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

    တစ်ဖက်မှာလည်း ထန်တလန်မြို့နယ်ထဲက ချင်းတော်လှန်ရေးတပ်တွေ တပ်စွဲထိန်းချုပ်ထားတဲ့ ပွိုင့် ၁၉၂၁ တောင်ကုန်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းနဲ့ တာဝါတိုင်ကုန်းစခန်းတို့ကို မြန်မာစစ်တပ်က ဇွန်လအတွင်းမှာပဲ ပြန်သိမ်းပိုက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ထုတ်ပြန်ပါတယ်။

    ချင်းလက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ ဟားခါး-ထန်တလန် လမ်းပိုင်းတစ်ခုကိုလည်း ပြန်ထိန်းချုပ်လိုက်ပြီလို့ သတင်းစာထဲမှာ ဖော်ပြပါတယ်။

    ထန်တလန်မြို့ကိုတော့ ချင်းကာကွယ်ရေးတပ်တွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်မှာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

    Update - CDF-ဇိုဖေရမ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့‌ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF-ဇိုဖေရမ်ရဲ့ ကျန်းမာရေးဌာနမှာ အတွင်းရေးမှူးတာဝန်ယူထားတဲ့ အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ ဒီနေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ‌‌ပြောလာပါ်တယ်။

    ဘီဘီစီအနေနဲ့ CDF ဌာနချုပ်ထိခိုက်မှုနဲ့ ထန်တလန်မြို့နယ်ရဲ့ စစ်ရေးအခြေအနေတွေကို သိရဖို့ CDF-ဇိုဖေရမ်ကို ဆက်သွယ်‌မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

    မြန်မာစစ်တပ်ကလည်း ထန်တလန်၊ ဇိုဖေရမ်ဒေသထဲက လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  10. မြန်မာမှာ ဒရုန်းသင်တန်းပေးတယ်ဆိုပြီးဖမ်းထားသူ ၇ ဦးရဲ့အသံနမူနာယူဖို့ အိန္ဒိယ NIA တောင်းဆို

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့နယ်စပ် မြန်မာဘက်ခြမ်းမှာ ဒရုန်းသင်တန်းပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၇ ဦးဆီကနေ အသံနမူနာတွေ ယူခွင့်ပြုဖို့ အိန္ဒိယအမျိုးသားအမျိုးသားစုံစမ်းရေးအေဂျင်စီ(NIA)က တရားရုံးကို တောင်းဆိုလိုက်တယ်လို့ အိန္ဒိယတူဒေးသတင်းမှာဖော်ပြပါတယ်။

    ဖမ်းဆီးခံထားရတဲ့သူတွေဟာ အမေရိကန် ၁ ဦးနဲ့ ယူကရိန်း ၆ ဦးဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့မတ်လမှာ အိန္ဒိယနိုင်ငံထဲ ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ခြမ်းမှာ ဒရုန်းသင်တန်းပေးတယ်လို့ စွပ်စွဲခံရပါတယ်။

    သူတို့ ၇ ဦးကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရ မတရားအသင်းအဖွဲ့နဲ့ လှုပ်ရှားမှုများကာကွယ်တားဆီးရေးဥပဒေ(UAPA)အရ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

    အခုတော့ ဒီအမျိုးသား ၇ ဦးရဲ့အသံနမူနာတွေကို ဆေးမှုခင်းကျွမ်းကျင်သူတွေကနေတဆင့် ရယူဖို့ NIA က ဒေလီမြို့ ပါတီယာလာ တရားရုံးကနေတဆင့် တောင်းခံလိုက်တာဖြစ်ပါတယ်။

    NIA ကတော့ အသံနမူနာ တောင်းရတာဟာ ဒီအမှုနဲ့ ဆက်စပ်နေတယ်ဆိုပြီး ကြားဖြတ်ဖမ်းမိထားတဲ့အသံဖိုင်တွေလို အီလက်ထရောနစ်အထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    NIA ရဲ့ တောင်းဆိုမှုကို လာမယ့် ဇူလိုင် ၂ ရက် ရုံးချိန်းမှာ ထပ်မံ ကြားနာသွားမှာဖြစ်ပါတယ်။

    ဖမ်းဆီးခံ ၇ ဦးဟာ အိန္ဒိယနိုင်ငံထဲ ခရီးသွားဗီဇာနဲ့ ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး မီဇိုရမ်ကို ခရီးဆက်ပြီးမှ မြန်မာဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက အစောပိုင်းမှာပြောပါတယ်။

    ဒါ့အပြင် မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကို ဒရန်းစစ်ဆင်ရေး၊ တပ်ဆင်ရေးနဲ့ နှောင့်ယှက်ဟန့်တားရေး(ဂျန်မာ)စတဲ့ နည်းပညာဆိုင်ရာ လေ့ကျင့်ရေးသင်တန်းတွေ တရားမဝင်ပေးခဲ့တယ်ဆိုတဲ့အချက်တွေကြောင့် အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ NIA က စွပ်စွဲပြီး အမှုဖွင့်တိုင်ကြားတာဖြစ်ပါတယ်။

    အိန္ဒိယတူဒေးသတင်းကတော့ NIA ဟာ ဒီနိုင်ငံခြားသားတွေကို UAPA အက်ဥပဒေအရ ပေးထားတဲ့ စုံစမ်းရက် ၉၀ ကနေ ၁၈၀ ထက် ကျော်လွန် ထိန်းသိမ်းနိုင်ရေး ရုံးတော်ကို တင်ပြဖို့ ကြိုးပမ်းနေချိန်မှာ အသံနမူနာကို ရယူဖို့ တောင်းဆိုလာတာလို့ သတင်းဖော်ပြပါတယ်။

    ဒါ့အပြင် အခုအမှုဟာ အိန္ဒိယတလွှားနဲ့ နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုရှိတဲ့ ‘‘နက်ရှိုင်းတဲ့ရာဇဝတ်ကြောင်းဆိုင်ရာအကြံအစည်’’နဲ့ ဆက်နွှယ်နေတယ်လို့လည်း NIA ဘက်က ချေပထားပါတယ်။

  11. ၂၀၂၆ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင် ဘယ်သူဖြစ်လာမလဲ

    ၂၀၂၂ ကမ္ဘာ့ဖလားအပြီး ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ရချိန်မှာ သိပ်မပြုံးနိုင်ခဲ့ပါဘူး။ သူ ဟက်ထရစ် သုံးဂိုးသွင်းခဲ့ပေမဲ့ သူ့ပြင်သစ်အသင်းကတော့ ဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးသွားခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက် ဂိုးတွေရတိုင်း အသင်းအနေနဲ့ ဆုတံဆိပ်ချိတ်တာမျိုး မဟုတ်ပေမဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ကတော့ သူ့အသင်းကို တစ်ဆင့်ချင်းတက်ဖို့ ဆွဲခေါ်သွားနိုင်ပါတယ်။

    မကြာခင်မှာပဲ ၂၀၂၆ ကမ္ဘာ့ဖလားလည်း စတင်တော့မှာဆိုတော့ ဒီဆောင်းပါးမှာ ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းသူကိုပေးတဲ့ ရွှေဖိနပ်ဆုရှင် ဘောလုံးသမားတွေရဲ့စွမ်းရည်၊ သူတို့ ဂိုးတွေ ဘာလို့ တဒိုင်းဒိုင်းသွင်း နိုင်ရတာလဲဆိုတာတွေကို ဆန်းစစ်ကြည့်ပါမယ်။ တစ်ဆက်တည်း ဒီနှစ် ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင်ဖြစ်လာနိုင်မယ့်သူတွေကိုလည်း မှန်းကြည့်ရအောင်ပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  12. ရခိုင်ဒေသထဲမှာ သွေးလွန်တုပ်ကွေးလူနာ ၃၀ ကျော်ရှိလာလို့ အေအေ သတိပေး

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ အနည်းဆုံး ၅ မြို့နယ်မှာ လူအယောက် ၃၀ ကျော်အထိ သွေးလွန်တုပ်ကွေးကူးစက်မှုဖြစ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) က မနေ့ ဇွန် ၁၀ ရက်မှာ ‌ကြေညာပါတယ်။

    ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေမှာ အဖြစ်များနေတာလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန က ဖော်ပြပါတယ်။

    ကျန်းမာရေးဌာန ရဲ့ အပြောအရ လက်ရှိလူနာ ၃၀ ‌ကျော်ဟာ ပြီးခဲ့တဲ့ဧပြီကနေ ဇွန်လအထိ ၂ လကျော်အတွင်း တွေ့ရှိထားတဲ့လူနာတွေဖြစ်ပြီး အခုမိုးကာလမှာ ပိုသတိထားဖို့ တိုက်တွန်းထားပါတယ်။

    ဒါကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ မိုးမကျခင် ခြင်၊ လောက်လန်းသတ်ဆေးနဲ့ ကုသ‌ရေးအတွက်လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားတယ်လို့ ပြောပါတယ်။

    အလားတူ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်တားဆီးဖို့ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ဗီနိုင်းစိုက်ထူတာ၊ တစ်အိမ်ဝင်တစ်အိမ်ထွက် “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းတွေကို သရုပ်ပြ ပြုလုပ်တာနဲ့ ခြင်လောက်လန်းသတ်ပေးတာတွေကို လုပ်ပေးနေတယ်လို့ ရက္ခပြည်သူ့ကျန်းမာရေးဌာန က ဆိုပါတယ်။

    ၂၀၂၅ ခုနှစ်တုန်းကတော့ ရခိုင်ဒေသမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိခဲ့တယ်လို့ ရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

  13. ‘‘မြန်မာကို မမေ့ထားပါဘူး’’ - ပုပ်ရဟန်းမင်းကြီး လီယို ၁၄

    ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က မြန်မာနိုင်ငံကို မမေ့ထားဘဲ အမြဲတမ်း ဆုတောင်းပေးနေတယ်လို့ ပြောတဲ့အကြောင်း မြန်မာကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်ဘိုက ပြန်ပြောပြပါတယ်။

    ကာဒီနယ် ဘိုဟာ မြန်မာကက်သလစ်သာသနာကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပုပ်ရဟန်းမင်းကြီး လီယိုနဲ့ ဇွန်လ ၆ ရက်မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    ဗာတီကန်မှာပြုလုပ်တဲ့ ကက်သလစ်သာသနာပိုင်ဘုန်းတော်ကြီးတွေ ညီလာခံကို တက်ရောက်ရင်း ကာဒီနယ်ဘို ဦးဆောင်တဲ့မြန်မာအဖွဲ့က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    “မြန်မာကို မမေ့ထားဘဲ သူ အမြဲဆုတောင်းပေးနေတယ်” လို့ပြောတယ်ဆိုပြီး ကာဒီနယ်ဘိုက ဗာတီကန်သတင်းဌာနကို ပြောပါတယ်။ ပြီးတော့ မြန်မာကို ပစ်မထားဖို့ ကမ္ဘာကိုလည်း ပုပ်ရဟန်းမင်းကြီးက ဆက်လက်ပြီး မေတ္တာရပ်ခံမယ်လို့ ပြောတဲ့အကြောင်းကိုလည်း သူက ပြန်ပြောပြပါတယ်။

    ပုပ်ရဟန်းမင်းကြီး လီယိုရဲ့အခုလိုပြောဆိုချက်ဟာ ၂၀၂၅ ခုနှစ်တုန်းက ပျံလွန်တော်မူသွားတဲ့ ရဟန်းမင်းကြီး ဖရန်စစ် ပြောနေကျ စစ်အာဏာသိမ်းမှုအောက် လူသားချင်းစာနာမှု အကျပ်အတည်းကြုံနေရတဲ့ မြန်မာကို မမေ့ထားဖို့ တိုက်တွန်းတဲ့ပြောဆိုချက်ကိုလည်း ပြန်လည်ထင်ဟပ်နေပါတယ်။

    ၂ နာရီကြာနီးပါး ကြာမြင့်ခဲ့တဲ့တွေ့ဆုံမှုမှာ မြန်မာက နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအရေးမှာ ကက်သလစ်သာသနာဘက်က လုပ်ဆောင်နေတဲ့အချက်တွေ၊ သာသနာပြန့်ပွားရေးဆောင်ရွက်ချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပုပ်ရဟန်းမင်းကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ကာဒီနယ် ဘိုက ပြောပါတယ်။

    မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗာတီကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ကာဒီနယ် ပေဒရို ပါရိုလင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

    မြန်မာနဲ့ ဗာတီကန်ဟာ ၂၀၁၇ ခုနှစ်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗာတီကန် ခရီးမှာ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီအချိန်တုန်းက ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သက်ရှိထင်ရှား ရှိနေချိန်လည်းဖြစ်ပါတယ်။

    ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၂၅ မှာ သူ ပျံလွန်တော်မမူခင် မြန်မာက စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးအကျပ်အတည်း၊ ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ချမှတ်ခံရတာတွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့၊ မြန်မာက လူသားချင်းစာနာမှုအကျပ်အတည်းကို မမေ့ထားဖို့ ကမ္ဘာကို တိုက်တွန်းလေ့ရှိခဲ့ပါတယ်။

  14. ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားသတင်းတွေကို တစ်နေရာတည်းမှာ ဖတ်နိုင်ပြီ

    ကမ္ဘာ့ဖလား သက်တမ်းမှာ ထူးထူးခြားခြားအနေနဲ့ ၃ နိုင်ငံပူးတွဲကျင်းပမယ့် ဘောလုံးအားကစားပြိုင်ပွဲကြီး မကြာခင်စတင်ပါတော့မယ်။

    အခုတစ်ခေါက် ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး

    - ယှဉ်ပြိုင်မယ့်အသင်းတွေရဲ့အပြီးသတ်လူစာရင်း

    - ကမ္ဘာ့ဖလားပြိုင်တဲ့အသင်းတွေ ဝတ်ကြတဲ့ဝတ်စုံတွေ ထူးခြားချက်

    - ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင်ဖြစ်လာနိုင်ခြေရှိသူ စတဲ့

    ထူးခြားချက်တွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ ‘‘၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပွဲ’’ ခေါင်းစဉ်အောက်မှာ တစုတစည်းတည်းဖော်ပြပေးနေလို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  15. ၂၀၂၆ ကမ္ဘာ့ဖလားကို မြန်မာမှာ စစ်တပ်ပိုင် Mytel ပြသခွင့်ရ၊ ထိုင်းမှာ ပြသခွင့်ညှိနှိုင်းနေရဆဲ

    အမေရိကန်အပါအဝင် နိုင်ငံ ၃ နိုင်ငံမှာ ဇွန်လ ၁၁ ရက်ကစပြီး ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel က ရရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကနေ ကြေညာလိုက်ပါတယ်။

    Mytel ကုမ္ပဏီဟာ မြန်မာ နဲ့ ဗီယက်နမ်စစ်တပ် ၂ ခုက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၂၅ ခုနှစ်ကတည်းက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ရုပ်သံထုတ်လွှင့်ချက်ရပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ရဲ့စာရင်းမှာ မပါလာသေးပါဘူး။

    မြန်မာ စစ်တပ်ပိုင် မိုင်တဲကုမ္ပဏီနဲ့ ဖီဖာတို့ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသခွင့်ကို ငွေကြေးဘယ်လောက်တဲ့ သဘောတူညီချက်ရရှိတယ်ဆိုတာမျိုး နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံအတွက် ပြသခွင့်ကို ဖီဖာက အမေရိကန်ဒေါ်လာ သန်း ၄၀ သတ်မှတ်ထားပြီး ပြသလိုတဲ့ကုမ္ပဏီက ဒီပမာဏဟာ ဖီဖာက ဗီယက်နမ်ကို ပြသခွင့်ပေးတဲ့နှုန်းထက် ပိုများနေတာကြောင့် ဒေါ်လာ ၁၅ သန်းနဲ့ ပြသခွင့်ရဖို့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

    မြန်မာမှာတော့ ကမ္ဘာ့ဖလားပွဲတွေကို Mytel ပိုင်တဲ့ 360 App အက်ပလီကေးရှင်းကနေ ပြသမှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်သံလိုင်းတွေက ပြသမယ်ဆိုရင် အဲဒီ အပ်ပလီကေးရှင်းကနေ တဆင့် ငွေကြေးနဲ့ပြန်လည်ဝယ်ယူထုတ်လွှင့်ရမယ်လို့နားလည်ကြောင်း ဘောလုံးပွဲ အစီအစဥ်တင်ဆက်သူတွေက ပြောပါတယ်။

    ကမ္ဘာ့ဖလားပြသခွင့်ရတဲ့အပ်ပလီကေးရှင်းကတော့သူတို့ ခွင့်ပြုချက် မရှိပဲ ကမ္ဘာဖလားပွဲစဥ်တွေကို ကူးယူတာ ဖြန့်ဝေတာ တိုက်ရိုက်ထုတ်လွှင့်မှုကိုပွားပြီး ပြသတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

    တဆက်တည်း ပွဲစဥ်ဗီဒီယိုတွေကို screen record ဖမ်းယူပြီး ဆိုရှယ်မီဒီယာမှာ ပြန်တင်တာတွေမျိုးကိုပါ ပိတ်ပင်ထားပါတယ်။

    အရင် စလောင်းတွေခတ်တုန်းက ကမ္ဘာ့ဖလားပွဲစဥ်တွေကို ရှစ်ပေစလောင်းကြီးတွေနဲ့ ဖမ်းယူပြသတာကို လဘက်ရည်ဆိုင်တွေမှာ ဘယ်သူမဆို လွတ်လပ်စွာ ကြည့်နိုင်ခဲ့ပါတယ်။

    မြန်မာဘောလုံးပရိသတ်တွေက‌တော့ ကမ္ဘာ့ဖလားကို အရင်လို လွတ်လပ်စွာ ကြည့်ခွင့်ရဖို့ လိုလားကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တခုမှာ ကမ္ဘာဖလားပွဲကို အယုတ်အလတ်အမြတ်မရွေး ပိုက်ဆံမပေးရဘဲ ကြည့်ခွင့်ရဖို့လိုတယ်လို့ ဝါရင့်အားကစားက‌‌လောင်ရှင် N ကြယ်မင်းက ပြောပါတယ်။

    360 App ကနေ ပြသမယ့် ကမ္ဘာဖလားပွဲစဥ်တွေကို မိုင်တဲဒေတာ၊ မိုင်တဲဝိုင်ဖိုင်တို့နဲ့သာ ကြည့်ရှုလို့ရမယ်လို့ မိုင်တဲကောလ်စင်တာက ဘီဘီစီကို ပြောပါတယ်။

    ဒါက မိုင်တဲအင်တာနက် မရတဲ့နေရာမှာ ကမ္ဘာဖလားကြည့်လို့ မရတဲ့သဘောဖြစ်နေတယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ဘောလုံးဝါသနာရှင်အချို့က ပြောပါတယ်။

    မြန်မာလိုနိုင်ငံမျိုးမှာ App တခုကနေ ကနေ ဘောလုံး ပွဲကြည့်ဖို့ဆိုတာ နည်းပညာနဲ့ မရင်းနှီးသူတွေအတွက် လွယ်ကူမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

    ဒါကြောင့် 360 App ကနေ ကမ္ဘာဖလားကို ကြည့်ရမှာက အကန့်အသတ်ရှိနေတယ်လို့ ဘောလုံးဝါသနာရှင်တဦးက ပြောပါတယ်။

    360 App ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေပြသခွင့်နဲ့တွေပတ်သက်ပြီး မှတ်ချက်တစ်စုံတရာရဖို့ သူ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Mytel ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီးဖြစ်ပေမဲ့ အကြောင်းပြန်ကြားမှု မရသေးပါဘူး။

    ၂၀၂၆ ကမ္ဘာ့ဖလားကို ပထမဆုံးအနေနဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုစတဲ့ နိုင်ငံကြီး ၃ နိုင်ငံက ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။

  16. မင်္ဂလာပါ။ ဇွန်လ ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။