နယ်စပ်က တိုက်ပွဲကိစ္စ မြန်မာကိုသတိပေးပြီး - ထိုင်း၀န်ကြီးချုပ်

မြန်မာဘက်ခြမ်းမှာ နေ့စဉ်တိုက်ပွဲဖြစ်နေတာနဲ့ ထိုင်းဘက်ကို လက်နက်ကြီးကျည်ကျတာတွေအတွက် မြန်မာကို သတိပေးထားပြီးပြီလို့ ထိုင်း၀န်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရခိုင်မှာ စစ်တပ်က တစ်ရက်တည်းမှာ မြို့နယ် ၄ ခု ကို ဆက်တိုက်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် အရပ်သား တစ်ဒါဇင်သေဆုံး။
  • ထိုင်းက မြန်မာ CI စင်တာတွေ ဖျက်သိမ်းရေး ဘန်ကောက်ကုလရုံးရှေ့ မှာ ဆန္ဒပြတဲ့မြန်မာတက်ကြွလှုပ်ရှားသူကို တိုက်ခိုက်တဲ့ ထိုင်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူကို တိုင်တန်းမယ်။
  • မြန်မာ့အကြီးဆုံး ဟံသာဝတီလေဆိပ်စီမံကိန်းကို ပြန်စဖို့ ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်တဲ့ ကော်မတီ ဖွဲ့စည်း
  • မိတ္ထီလာမှာ မြေအောက်ရေအုတ်ကန်ထဲက ငြမ်းဆင်းဖြုတ်ရင်း ပန်းရံအလုပ်သမား ၄ ဦး အောက်ဆီဂျင်ပြတ်ပြီးသေဆုံး
  • KNU နဲ့ဆက်ဆံတာ လုံးဝ (လုံးဝ) မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာ ၂ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. လနဲ့ချီကြာမယ့်အယ်လ်နီညိုဒဏ်ကို စစ်ဘေးကြားက တောင်သူတွေ ဘယ်လိုကျော်လွှားကြမလဲ

    ကော့မှူးမှာ မျိုးစပါးကြဲနေတဲ့ လယ်သမားတွေပုံ ပုံဟောင်း

    အထက်အညာ အပူပိုင်းဒေသက စစ်ဘေးကြောင့် စိုက်ပျိုးရေ၊ ငွေကြေးအရင်းအနှီးနဲ့ သွင်းအားစု အကျပ်အတည်းကြုံနေရတဲ့တောင်သူတွေဟာ အပူချိန်မြင့်မယ့် အယ်လ်နီညိုဒဏ်ကိုလည်း ရင်ဆိုင်ကြရဖို့ ရှိနေပါတယ်။

    အပူချိန် မြင့်တာ၊ မိုးခေါင်တာနဲ့ အချိန်အခါမဟုတ် မိုးသည်းတာတွေဖြစ်လာတဲ့ အယ်လ်နီညို ဖြစ်စဉ်ဟာ နို၀င်ဘာလကနေ နောက်နှစ် ဖေဖော်၀ါရီလအထိ ကြာမြင့်မှာဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီအချိန်ဟာ မြန်မာမှာ ရာသီစက်၀န်းအရ ဆောင်းအကုန် နွေအကူးကို ရောက်ပြီဖြစ်လို့ မြန်မာဟာ နောက်နှစ်မေလအထိ ၆ လနီးပါးကြာအောင် အယ်လ်နီညိုရဲ့သက်ရောက်မှုကို ခံစားရနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းပါတယ်။

    မြေပြင်မှာတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ကယား(ကရင်နီ)ပြည်နယ်အပါအဝင် ပဋိပက္ခဒေသတွေက တောင်သူတွေဟာ စစ်ဘေးဒဏ်အပြင် ရာသီဥတုဘေးဒဏ်ကိုပါ နှစ်ထပ်ကွမ်း ကြုံရကိန်းဆိုက်နေပါတယ်။

    ဒါကြောင့် လနဲ့ချီကြာမြင့်မယ့် အစွန်းရောက်သဘာ၀ဖြစ်စဉ် အယ်လ်နီညိုကို အံတုနိုင်မယ့် စိုက်ပျိုးနည်းစနစ်တွေကို အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ စိုက်ပျိုးရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  3. စစ်တွေ ဒကစ နဲ့ ရွှေမင်းဂံ ရေတပ်စခန်းအနီးမှာ တိုက်ပွဲပြင်းထန်

    စစ်တွေမြို့က ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, စစ်တွေမြို့က ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း (ပုံဟောင်း)

    ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်တွေမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက်ထားတဲ့ စစ်တွေမြို့နယ်၊ ဝါဘိုကျွန်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

    “မနေ့ညကလည်း လက်နက်ကြီးအသံတွေ ကြားရတယ်။ အခုလည်း ဝါဘိုဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ လက်နက်ကြီးအသံတွေ ကြားနေရတယ်” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

    အဲဒီရွာဟာ စစ်တွေမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးမှာရှိနေတဲ့ရွာလည်းဖြစ်ပါတယ်။

    လက်ရှိတော့ လက်နက်ကြီးတွေ စစ်တွေမြို့ထဲကို ကျရောက်ပေါက်ကွဲတာတွေတော့ မရှိဘူးလို့ သူက ပြောပါတယ်။

    တချိန်တည်းမှာပဲ စစ်တွေမြို့နယ်၊ ခမောင်းတောရွာမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

    ဒီရွာဟာ စစ်တွေမြို့ မြောက်ဘက်အထွက်၊ မြို့အဝင်ဂိတ် မင်းချောင်းတံတား အနီးမှာ တည်ရှိပြီး၊ ရွှေမင်းဂံရေတပ်စခန်းနဲ့လည်း ၂ မိုင်အကွာမှာ ရှိနေတာကြောင့် စစ်ရေးအရေးပါတဲ့ နေရာလည်းဖြစ်ပါတယ်။

    အာရက္ခတပ်တော် (အေအေ) ဟာ ငပြီကျွန်းက စစ်တပ်ရဲ့ ‌‌ခြေကုပ်စခန်းတွေကို အောက်တိုဘာလထဲမှာ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အခုလိုတိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

    လက်ရှိတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (အေအေ) ရော စစ်တပ်ကပါ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

  4. ရုပ်သံ - အမေရိကန်နိုင်ငံရေးထဲက မြည်းပြာနဲ့ ဆင်နီပြိုင်ပွဲ

    အမေရိကန်မှာ ဒီမိုကရက်တစ်ပါတီအတွက် မြည်းပြာ သင်္ကေတ အသုံးပြုကြပြီး ရီပတ်ဘလီကန်ကိုတော့ ဆင်နီ အသုံးပြုကြတာ ဘာကြောင့်လဲ။​ အပြာနဲ့ အနီရောင်တွေကိုရော ဘယ်လို စသုံးဖြစ်ခဲ့ကြလဲ။

    ရုပ်သံရှင်းပြချက်မှာ ကြည့်နိုင်ပါတယ်။

    ဗီဒီယို ပုံစာ, အမေရိကန်နိုင်ငံရေးထဲက မြည်းပြာနဲ့ ဆင်နီပြိုင်ပွဲ
  5. မြန်မာပဋိပက္ခ ထိုင်းဘက်ကို မဖိတ်စင်ဖို့ ထိုင်းဝန်ကြီးချုပ် သတိပေး

    ဩဂုတ် ၆ ရက်နေ့က ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၆ ရက်နေ့က ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် (ပုံဟောင်း)

    မြန်မာဘက်ခြမ်းကပဋိပက္ခတွေ ထိုင်းနယ်နမိတ်နဲ့ ပြည်သူတွေကို ထိခိုက်မှုမရှိစေဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဒီကနေ့မှာပဲ သတိပေးလိုက်ပါတယ်။

    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသက နွန်ခိုင်ဆေးရုံကို ရောက်ရှိနေတဲ့အချိန်မှာ ထိုင်း၀န်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

    မြန်မာဘက်ခြမ်းက လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်မှုနဲ့ပတ်သက်လို့ စစ်ဘက်ရေးရာအရရော သံတမန်ရေးရာ ဆက်သွယ်မှုတွေကနေပါ တုံံ့ပြန်မှုတွေပြုလုပ်ပြီးပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

    ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက တာဝန်ရှိသူတွေကိုလည်း ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံရဲ့ စိုးရိမ်ချက်တွေကို ပြောပြသွားမယ်လို့ သူက ဆိုပါတယ်။ ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ကလည်း တုံ့ပြန်မှုတွေ ပြုလုပ်ပြီးပြီလို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ဆီဟာဆက်ကလည်း သက်ဆိုင်သူအားလုံး သတိကြီးကြီးနဲ့ ပြုမူကြဖို့၊ အရပ်သားတွေ ထိခိုက်မှုမဖြစ်စေဖို့၊ အဆောက်အဦတွေကို ထိခိုက်မှုမရှိစေဖို့ဆိုတဲ့အချက်တွေကို အောက်တိုဘာ ၃၁ ရက်နေ့ က နေပြည်တော်ဘက်ကို အကြောင်းကြားပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မြဝတီမြို့တောင်ပိုင်းက ကျောက်ခတ်ရွာနဲ့ ၇ ကီလိုမီတာ ဝန်းကျင်အကွာမှာရှိတဲ့ သဲဖြူချောင်းကို စစ်တပ်က စစ်ကြောင်းထိုးချိန် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လို့ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုလည်း ဖြစ်ခဲ့ပါတယ်။

    အောက်တိုဘာ ၃၁ ရက်နေ့ကလည်း စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ သော်လဲထစခန်းကို လေယာဉ်နဲ့ ဗုံးကြဲလို့ ထိုင်းဘက်က အဆောက်အဦတချို့ ဗုံးဆန်ထိမှန်တာလည်း ရှိခဲ့ပါတယ်။

  6. အမေရိကန်မှာ မဲလိမ်မှုကြီးနေတယ်ဆိုတဲ့ထရမ့်အပြော တကယ်မှန်လား

    ညာဘက်တွင် သမ္မတထရမ့်နှင့် ဘယ်ဘက်တွင် အမေရိကန်မဲရုံတန်း ပေါင်းစပ်ဓာတ်ပုံ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ မဲ မသမာမှုရှိတယ်ဆိုတဲ့အကြောင်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့အထိ သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သန်းဆုချီးမြှင့်မယ်လို့တောင် ဆိုလာပါတယ်။

    နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ထရမ့်ဟာ မဲတွေနဲ့ ပတ်သက်တဲ့လုံခြုံရေးအပေါ် သံသယ၀င်နေသလို စာတိုက်ကနေ မဲပေးတာနဲ့ နိုင်ငံသားမဟုတ်သူတွေ မဲပေးမှုတွေမှာ မဲမသမာမှုတွေ အများကြီးဖြစ်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

    ဒါပေမဲ့ လေ့လာချက်တွေမှာတော့ ဒီလိုဖြစ်နိုင်ခြေဟာ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲဆိုတာကို ပြသပါတယ်။

    ဒါကြောင့် ဒီအထောက်အထားတွေနဲ့ ထရမ့်ပြောထားတဲ့ မဲပေးစနစ်အပြောင်းအလဲ အဆိုပြုချက်တွေကို BBC Verify က စေ့ငုကြည့်ထားပါတယ်။

    ဒီလင့်ခ် ကနေ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

  7. KNU နဲ့ဆက်ဆံတာ လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးတဲ့စာထွက်လာ

    ထိုင်း-မြန်မာနယ်စပ်ကော်မတီ (မြန်မာ) ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦး (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ်ကော်မတီ (မြန်မာ) ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦး (ပုံဟောင်း)

    ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအရပါ ဆက်ဆံမှု လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းအာဏာပိုင်တွေကနေ တဆင့် သတိပေးတဲ့စာတစ်စောင် နို၀င်ဘာလ ၁ ရက်ညနေပိုင်းမှာ ပျံ့နှံ့လာတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးပါတယ်။

    မြန်မာစစ်တပ်က ဒီကန့်ကွက်စာကို အောက်တိုဘာ ၃၁ ရက်နေ့က နှစ်နိုင်ငံစစ်တပ်အရာရှိတွေပါဝင်တဲ့ ထိုင်း-မြန်မာနယ်စပ်ကော်မတီကနေ တဆင့်ပေးပို့ခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။

    မြန်မာစစ်တပ်က ပေးပို့ခဲ့တဲ့စာဟာ နို၀င်ဘာလ ၁ ရက်မှာ ထိုင်းသတင်းဌာနတွေအထိပါ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် သတင်းရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

    “KNU ဟာ မတရားအသင်းအဖြစ်” ကြေညာထားခံထားရတဲ့အဖွဲ့ဖြစ်တာကြောင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU နဲ့ ဆက်သွယ်တာ၊ ကုန်သွယ်ရေးလုပ်တာတွေကို ကန့်ကွက်ကြောင်း မြန်မာစစ်တပ်ဘက်က ပေးပို့တယ်ဆိုတဲ့အဲဒီစာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

    နောက်ပြီး ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU သိမ်းပိုက်ထားတဲ့ သော်လဲထ စခန်းကနေ ကုန်စည်စီးဆင်းမှုတွေ မလုပ်ဖို့နဲ့ KNU ကို အဆက်အသွယ်ဖြတ်ဖို့ မြန်မာစစ်တပ်က တောင်းဆိုထားပါတယ်။

    မြန်မာစစ်တပ်အနေနဲ့လည်း တော်လှန်ရေးတပ်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း လေကြောင်းဖြင့်ဖြစ်စေ၊ လက်နက်ကြီးဖြင့်ဖြစ်စေတိုက်ခိုက်သွားမယ်လို့ စာထဲ ထည့်ရေးထားတာ တွေ့ရပါတယ်။

    ဒီစာမပျံ့ခင် အောက်တိုဘာ ၃၁ ရက်ညပိုင်းတုန်းကတော့ စစ်တပ်က ထိုင်း - မြန်မာနယ်စပ်မှာ KNU က စစ်တပ်လက်ထဲကနေသိမ်းထားတဲ့ သော်လဲထစခန်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ထိုင်းဘက်က အဆောက်အဦတချို့ ဗုံးဆန်ထိမှန်တာလည်း ရှိခဲ့ပါတယ်။

    KNU ကတော့ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်ထဲက သော်လဲထစခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာဟာ KNU ရဲ့ထောက်ပို့ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားကြောင်း ထိုင်းသတင်းဌာနတွေက ရေးသားပါတယ်။

    ထိုင်းနိုင်ငံနယ်စပ်နဲ့ သံလွင်မြစ်သာခြားတဲ့ဒီစခန်းကို KNU က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်ကတည်းက သိမ်းထားတာဖြစ်ပါတယ်။

    ဒီစခန်းရဲ့တဖက်ကမ်းမှာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အပိုင် မဲ့စန်လက်ကျေးရွာတည်ရှိပါတယ်။

    အောက်တိုဘာ ၃၁ ရက်ညပိုင်းမှာ စစ်တပ်က သော်လဲထ စခန်းကို ဗုံးကြဲလို့ မဲ့စန်လက်ရွာက အဆောက်အဦးတချို့ထိခိုက်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုအပြီးမှာ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးချက်ဆိုတဲ့စာ ပေါက်ကြားထွက်ပေါ် လာတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မြဝတီမြို့တောင်ပိုင်းက ကျောက်ခတ်ရွာနဲ့ ၇ ကီလိုမီတာ ဝန်းကျင်အကွာမှာရှိတဲ့ သဲဖြူချောင်းကို စစ်တပ်က စစ်ကြောင်းထိုးချိန် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လို့ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုလည်း ဖြစ်ခဲ့ပါတယ်။

    အကျိုးဆက်အနေနဲ့ ထိုင်းအာဏာပိုင်တွေက တာ့ခ်ခရိုင်ထဲက မဲဆောက်၊ ဖုပရာ့ နေရာတွေနဲ့ မြန်မာဘက်ခြမ်းကို ကုန်သွယ်နေတဲ့တရားမဝင်လမ်းကြောင်းတွေ အားလုံးကို လည်း အောက်တိုဘာ ၃၀ ရက်ကစလို့ အခုချိန်ထိ ယာယီပိတ်ထားဆဲ ဖြစ်ပါတယ်။

  8. ‘‘ဒုံးကျည်တစ်စင်းကျလာသလိုပဲ’’ - ဖလော်ရီဒါမှာ ဂျက်လေယာဉ်ပျက်ကျမှု ၉ ဦးသေဆုံး

    လေယာဉ်ပျက်ကျမှုကြောင့် ဖလော်ရီဒါပြည်နယ်၊ ဂရင်းဧက အရပ်မှာ လမ်းတွေ ပိတ်ထားခဲ့ရတာဖြစ်ပြီး လမ်းတစ်ပေါ် ကားတွေ စီတန်းနေတဲ့ပုံနဲ့ လေယာဉ်အပျက်အစီးလို့ ယူဆရတဲ့အရာတစ်ခုကို လမ်းအလယ် ဓာတ်ပုံ အ၀ေးမှာ မြင်တွေ့ရ။ လမ်းမီးပွိုင့်တွေကိုလည်း မြင်ရ
    ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျမှုကြောင့် ဖလော်ရီဒါပြည်နယ်၊ ဂရင်းဧက အရပ်မှာ လမ်းတွေ ပိတ်ထားခဲ့ရ

    ဖလော်ရီဒါပြည်နယ်က လူနေအိမ်ရာရပ်ကွက်တစ်ခုထဲ အရပ်ဘက်သုံး ဂျက်လေယာဉ်တစ်စီး တနင်္ဂနွေနေ့မှာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ လူကိုးဦးစလုံး သေဆုံးခဲ့တယ်လို့ အမေရိကန်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

    ဒီလေယာဉ်ဟာ ပန်းဘိချ်ကောင်တီထဲက လူချမ်းသာတွေနေထိုင်ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုစံအိမ်လည်း ရှိတဲ့နေရာနဲ့ ကိုးမိုင်ခန့်အကွာ ခရက်သာဗန်အရပ်အနီးမှာ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ ပျက်ကျခဲ့တာပါ။

    လေယာဉ်ပျက်ကျပြီးနောက် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာတော့ လူနေအိမ်ရာ လမ်းမတလျှောက် ချိုင့်ခွက်တွင်းကြီးတစ်ခု ဖြစ်နေပြီး မီးလောင်နေတဲ့နေရာတချို့၊ ကွန်ကရစ်အပိုင်းအစတွေနဲ့ Learjet 60 လေယာဉ်ရဲ့အပျက်အစီးတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

    အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့(FAA)ရဲ့ထုတ်ပြန်ချက်အရ အဲဒီလေယာဉ်ဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ကနေ ပျံတက်လာတာဖြစ်ပြီး ကျွန်းနိုင်ငံ ဘဟားမားစ်ကိုကို ဦးတည်ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။

    အဲဒီဂျက်လေယာဉ်ဟာ ပျက်မကျခင် တစ်စက္ကန့်ကို ပေရာနဲ့ချီပြီး အမြန်နှုန်းပြင်းပြင်းနဲ့ ထိုးဆင်းနေခဲ့တယ်လို့ အမေရိကန်မီဒီယာတွေရဲ့ဖော်ပြချက်တွေနဲ့ လေယာဉ်ပျံသန်းမှု အချက်အလက်တွေအရ သိရပါတယ်။

    လေယာဉ်ပျက်ကျမသွားခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ လေကြောင်းထိန်းချုပ်ရေး ဆက်သွယ်သံထဲမှာ လေယာဉ်မှူးက လေယာဉ်ဟာ တစ်မိနစ်ကို ပေ ၁၀,၀၀၀ နှုန်းနဲ့ ထိုးဆင်းနေတယ်လို့ ပြောနေတာကို ကြားရတယ်ဆိုပြီး ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။

    အဲဒီနောက် လေယာဉ်မှူးက အရေးပေါ် အခြေအနေကြေညာခဲ့ပြီး “ကျွန်တော်တို့ လေယာဉ်ဟာ အမြန်နှုန်းလွန်ကဲတဲ့အခြေအနေဖြစ်နေပြီး တစ်မိနစ်ကို ပေ ၂၀,၀၀၀ နှုန်းနဲ့ ထိုးဆင်းနေပါတယ်” လို့ အော်ဟစ် ပြောဆိုခဲ့ကြောင်း စီဘီအက်စ် သတင်းက ဖော်ပြပါတယ်။

  9. မြေအောက်ရေကန်ထဲ ငြမ်းဆင်းဖြုတ်တဲ့ လူ ၄ ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

    အောက်တိုဘာ ၁ ရက်နေ့၊ မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝန်းထဲက မြေအောက်ရေကန်ထဲက ငြမ်းဖြုတ်ရင်း လူ ၄ ဦး သေဆုံးခဲ့
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁ ရက်နေ့၊ မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းထဲက မြေအောက်ရေကန်ထဲက ငြမ်းဖြုတ်ရင်း လူ ၄ ဦး သေဆုံးခဲ့

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းထဲက မြေအောက် အုတ်ရေကန်ထဲမှာ တပ်ဆင်ထားတဲ့ ငြမ်းဆင်းဖြုတ်ရင်း အလုပ်သမား ၄ ဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု မနေ့က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

    “ကန်က ၁၈ ပေ ပတ်လည်၊ အမြင့် ၆ ပေခွဲလောက် ရှိတယ်။ အဲဒီမှာ အလုပ်သမား ၅ ယောက်က ငြမ်းဆင်း ဖြုတ်တာ။ ၄ ယောက်က အောက်ဂျင်ဆီပြတ်ပြီး ဆုံးသွားတယ်” လို့ သူကပြောပါတယ်။

    သေဆုံးသူတွေဟာ အသက် ၃၀ ကျော်ဝန်းကျင် အမျိုးသားတွေ ဖြစ်ကြပြီး မြို့ခံတွေနဲ့ တခြားဒေသက လာရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    ရေကန်ထဲ ဆင်းခဲ့သူ ၅ ဦးထဲက ၁ ဦးကိုတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ မိတ္ထီလာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းရဲ့တာဝန်ရှိသူက ပြောပြပါတယ်။

    သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဖြစ်စဉ်အသေးစိတ်ကိုလည်း တာဝန်ရှိသူတွေက စုံစမ်းနေတယ်လို့ သိရပါတယ်။

  10. မြန်မာ့အကြီးဆုံး ဟံသာဝတီလေဆိပ်စီမံကိန်းကို ပြန်စဖို့ နေပြည်တော်ပြင်ဆင်

    ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း (ပုံဟောင်း)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ပြန်စဖို့ နေပြည်တော်က ကော်မတီ ဖွဲ့လိုက်ပါတယ်။

    လေဆိပ်စီမံကိန်း ဦးဆောင်ကော်မတီကို ဒုတိယ သမ္မတ ဦးညိုစောက ဦးဆောင်မယ်လို့ဆိုပြီး နေပြည်တော်က စက်တင်ဘာ ၂၃ ရက် ရက်စွဲနဲ့ ပြန်တမ်းထုတ်တာဖြစ်ပါတယ်။

    ဒီလေဆိပ်ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ လျာထားခဲ့ပေမဲ့ ဆောက်လုပ်ရေးအတွက် သဘောတူညီထားတဲ့ရက် ကျော်လွန်ခဲ့တာ၊ ကုန်ကျစရိတ်တွက်ချမှု မကိုက်ညီမှုတွေ၊ ကိုဗစ်ကပ်ဘေး နဲ့ စစ်တပ်အာဏာသိမ်းမှုအပြီး ဂျပန်အစိုးရရန်ပုံငွေ ရပ်ဆိုင်းမှုတွေ ကြောင့် ဒီလေဆိပ်စီမံကိန်းကြီးက ရပ်တန့်ခဲ့တာပါ။

    နေပြည်တော်က အခုအသစ်ဖွဲ့လိုက်တဲ့ ကော်မတီထဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ စီမံကိန်း၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ ဘဏ္ဍာ/အခွန်၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့၀န်ကြီးဌာနတွေက ၀န်ကြီးတွေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပါ၀င်ပါတယ်။

    နောက်ပြီး စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ကိုလည်း ကော်မတီ၀င်အဖြစ်ထည့်ထားပါတယ်။

    စီမံကိန်းကို ထပ်မကြာဘဲ ရှေ့ဆက်လုပ်နိုင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး ဒီကော်မတီဖွဲ့တာလို့လည်းဆိုပါတယ်။

    နောက်ပြီး ဘဏ္ဍာငွေခွဲဝေမှု၊ ခရီးသည်ခွဲဝေမှု၊ ငွေစာရင်းတွက်ချက်မှု၊ စစ်ဆေးမှုတို့အတွက် မူဝါဒချမှတ်ရမယ်ဆိုတဲ့အချက်တွေအပြင် ဒီစီမံကိန်း အကောင်အထည်ဖော်မှု ရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်ကြပ်မတ်ရမယ်လို့ ဆိုပါတယ်။

    လုပ်ငန်းကော်မတီတွေကို လည်း ဆက်ပြီးဖွဲ့စည်းသွားရမယ်လို့ ဆိုပါတယ်။

    ခရီးသည် ၁၂ သန်းအထိ ၀န်ဆောင်မှုပေးဖို့ရည်မှန်းထားတဲ့ ဒီစီမံကိန်းအတွက် တင်ဒါခေါ်ယူမှုတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့တာပါ။

    လေဆိပ်စီမံကိန်းအတွက် ၂၀၁၃ ခုနှစ်က တင်ဒါခေါ်ယူမှုမှာ Incheon Airport Consortium ကို ရွေးချယ်ခဲ့ပေမဲ့ ညှိနှိုင်းမှုတွေမှာ အဆင်မပြေခဲ့ဘဲ ၂၀၁၄ ခုနှစ် ဒုတိယအကြိမ် တင်ဒါခေါ်ယူမှုမှာ Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရတာပါ။

    ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဂျပန်နိုင်ငံ JGC Corporation၊ စင်္ကာပူ Yongnam Holdings နဲ့ နိုင်ငံတကာ ချန်ဂီလေဆိပ်အဖွဲ့ တို့ပါဝင်တဲ့ JGC- Yangnam- Changi Airport International Consortium နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ဒီစီမံကိန်းကို ဂျပန်အစိုးရ နဲ့ မြန်မာအစိုးရ တို့အကြား G to G ‌ဆောင်ရွက်ဖို့ NLD အစိုးရလက်ထက်မှာ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

    စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ သုံးစွဲသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

    ရန်ကုန်နဲ့ မိုင် ၅၀ အကွာက ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ရွာအနီးက မြေဧက ၉ ထောင်ခန့်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ကြတာပါ။

    အခုတော့ စီမံကိန်းရပ်ဆိုင်းနေပြီး နှစ်ပေါင်းများစွာအကြာမှာ ဒီစီမံကိန်းကို ပြန်စဖို့ နေပြည်တော်ဘက်က ကြိုးစားလာတာလည်းဖြစ်ပါတယ်။

  11. ဘန်ကောက်ကုလရုံးရှေ့ CI စင်တာဖျက်သိမ်းရေး ဆန္ဒပြပွဲမှာ တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမားခေါင်းဆောင်က တိုက်ခိုက်သူတွေကို တရားစွဲမယ်

    မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Future ခေါင်းဆောင် ဝီရာ ဆန်ထောင် ‌ခေါ် ကိုဆူရတ်နဲ့ အဖွဲ့ဝင်များဆန္ဒပြခဲ့မှု
    ဓာတ်ပုံ ပုံစာ, မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Future ခေါင်းဆောင် ဝီရာ ဆန်ထောင် ‌ခေါ် ကိုဆူရတ်နဲ့ အဖွဲ့ဝင်များဆန္ဒပြခဲ့မှု

    ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာ CI စင်တာတွေကို ဖျက်သိမ်းပေးဖို့ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ တရားဝင်ဆန္ဒပြတောင်းဆိုနေချိန် နှောင့်ယှက်တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူနဲ့ အဖွဲ့ကို ဥပဒေနဲ့ အညီတိုင်တန်းအမှုဖွင့်သွားမယ်လို့ တိုက်ခိုက်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Future ခေါင်းဆောင် ဝီရာ ဆန်ထောင် ‌ခေါ် ကိုဆူရတ် က ဘီဘီစီကိုပြောပါတယ်။

    နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဘန်ကောက်မြို့၊ ရတ်ချာဒမ်နွန်းနော့လမ်းပေါ်ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားသူနိုတစ်စုက ကိုဆူရတ်ကို အကြိမ်ကြိမ်ထိုးကြိတ်တာ၊ ခေါင်းကိုရိုက်တာ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ရိုက်တာနဲ့ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    မြန်မာအလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုရေး CI လုပ်ငန်းစဉ်ဟာ အလုပ်သမားတွေအပေါ် ငွေကြေးကုန်ကျမှုများစေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အတွက် CI စင်တာတွေမှာ ငွေကြေးပေးစရာမလိုဘဲ ထိုင်းအစိုးရရဲ့ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ အလုပ်လုပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့တာလို့ ကိုဆူရတ်က ပြောပါတယ်။

    သူ့အနေနဲ့ ၂၀၂၅ ခုနှစ်ကလည်း အလားတူတိုက်ခိုက်ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက ရဲစခန်းမှာ တိုင်ကြားထားပေမဲ့ အခုအချိန်အထိ အမှုက ထူးခြားမှုမရှိသေးဘူးလို့ ဆိုပါတယ်။

    “ပထမတစ်ကြိမ် ရဲကို တိုင်တန်းထားတာက အကြောင်းမထူးသေးပါဘူး။ အဲဒါကို ဆက်ပြီး ဖိအားပေးသွားမယ်။ နိုဝင်ဘာ ၁ ရက်မှာ ထပ်ပြီးတိုက်ခိုက်ခံရတာကိုလည်း ထပ်မံတိုင်တန်းမှာဖြစ်ပါတယ်” လို့ ကိုဆူရတ်က ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ဒီလိုတိုက်ခိုက်မှုတွေ ကြုံရပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

    “ကျွန်တော်တို့ သိထားရမှာက ဆူးခင်းလမ်းကို လျှောက်နေတာပါ။ အခုဒီလိုဖြစ်လာတဲ့အခါလည်း ဘာပဲဖြစ်ဖြစ် ရင်ဆိုင်သွားရမှာပါ။ တော်လှန်ရေးလုပ်တဲ့အတွက် ဒါတွေက ကြုံရမှာပါ” လို့ ကိုဆူရတ်က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိုင်းပြည်သူ့ပါတီ (People's Party) လွှတ်တော်အမတ် ဆာစီနန် သမ်နီတီနန်ကလည်း ကျူးလွန်သူတွေကို CCTV မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီး အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။

    ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အကြမ်းဖက်မှုကို လက်ခံလို့မရကြောင်း၊ လူတိုင်းဟာ နိုင်ငံသားဖြစ်မှုနဲ့ လူမှုအဆင့်အတန်းမခွဲခြားဘဲ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူရရှိသင့်ကြောင်း ဆာစီနန်က ပြောပါတယ်။

    တစ်ဖက်မှာတော့ CI စင်တာတွေ ဖျက်သိမ်းလိုက်ရင် မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာနိုင်ပြီး ထိုင်းနိုင်ငံမှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူ အာနွန် ကလင်ကဲဝ်က ကန့်ကွက်ပြောဆိုထားပါတယ်။

    “CI ကတ်တွေကို ဖျက်သိမ်းလိုက်ရင် ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့ ဘယ်လို အထောက်အထားစစ်ဆေးနိုင်မလဲ။ ရာဇဝတ်သားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်နိုင်မှာ မဟုတ်ဘူးလား။ ဝီရာက ဒီလိုဖြစ်စေချင်တာလား။ အစိုးရကရော ဒီလိုဖြစ်စေချင်တာလား” လို့ အာနွန်က ထိုင်းသတင်းဌာနတစ်ခုကိုဖြေထားပါတယ်။

  12. မြန်မာသုံးစွဲသူတွေကို စိုးရိမ်စိတ်မြင့်တက်စေခဲ့တဲ့ Binance ဟက်ခ်ခံရမှု

    Binance တံဆိပ်ပါတဲ့ ဖုန်းစခရင်ကို မြင်တွေ့ရပြီး အနောက်မှာ ကွန်ပြူတာဖန်သားပြင်တစ်ခုကိုလည်း ခပ်၀ါး၀ါး မြင်တွေ့ရ

    မြန်မာက ခရစ်တို ငွေကြေးအသုံးပြုသူတွေ အများဆုံးသုံးတဲ့ ကမ္ဘာ့ခရစ်ပတိုငွေလဲ ပလက်ဖောင်း Binance ဟာ အောက်တိုဘာ ၃၀ ရက်နေ့က သမိုင်းတလျှောက် အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့ရပြီး စံချိန်တင် ငွေကြေးပမာဏ ခိုးယူခံခဲ့ရပါတယ်။

    အင်ဂျင်နီယာတစ်ဦးရဲ့ လပ်တော့ကတဆင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလျံ ထုတ်ယူသွားခဲ့တာဖြစ်တယ်လို့ Binance က ထုတ်ပြောပါတယ်။

    ခိုးယူခဲ့သူတွေဟာ မြောက်ကိုရီးယား ဟက်ခ်ကာ အဖွဲ့ဖြစ်တယ်လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) က ကနဦးသုံးသပ်ထားပါတယ်။

    ဟက်ခ်ကာတွေဟာ Binance ရဲ့ တုံ့ပြန်လာနိုင်တဲ့အမူအကျင့်တွေကိုပါ ကြိုတင်တွက်ဆ၊ ပြင်ဆင် ပြီး ခိုးယူခဲ့တာလို့ နည်းပညာသမားတွေက ထောက်ပြပါတယ်။

    Binance ဆိုတာဘာလဲ။ ဒီခိုးယူမှု ဘယ်လိုဖြစ်ခဲ့လဲ။ ဒီဖြစ်စဉ်ရဲ့ သက်ရောက်မှုက မြန်မာနဲ့ ကမ္ဘာ့သုံးစွဲသူတွေကြား ဘယ်လိုရှိလာနိုင်လဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  13. ရခိုင် မြို့နယ် ၄ ခုကို စစ်တပ်က တစ်ရက်တည်း လေကြောင်းတိုက်ခိုက်, ကလေးငယ်အပါအဝင် လူ တစ်ဒါဇင်သေဆုံးခဲ့ရ

    လေကြောင်းတိုက်ခိုက်ခံ သွားဖွားဆေးခန်းကအမျိုးသမီးတွေ ရွှေ့ပြောင်းကြရ
    ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံ သွားဖွားဆေးခန်းကအမျိုးသမီးတွေ ရွှေ့ပြောင်းကြရ

    ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ပေါက်တော (ဝီရဌာနေ) မြို့နယ် ၄ ခု ကို စစ်တပ်က နိုဝင်ဘာ ၁ ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကျောက်တော်မြို့နယ်မှာ ဝါးတောင်နဲ့ ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    မြောက်ဦးမြို့နယ်မှာတော့ ယာယီဆေးခန်းနဲ့ သားဖွားဆောင်ကို Cluster ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ပြောပါတယ်။

    '' အဲဒီနေရာက ယာယီကလေးမီးဖွားဆေးရုံလို့သိထားပါတယ်။ အမျိုးသမီးနဲ့ က‌လေးတွေ ရှိတဲ့ အဆောင်ကိုတိုက်ရိုက်မထိပေမဲ့ သူ့ဘေးကပ်လျက်က အဆောင်ကိုသွားထိပါတယ်။ စိတ်မကောင်းစရာ အဲဒီမှာ ဗုံးကြောင့် မြေတုန်ခါမှုဖြစ်တဲ့အတွက် ကျန်းမာရေးချူချာတဲ့ ကလေးတစ်ယောက်ကဆုံးသွားတယ်။ လူနာစောင့်တဲ့ အမျိုးသမီးတချို့နဲ့ လူကြီးတွေ အများစုထိခိုက်ဒဏ်ရာရတယ်။ လူကြီးပိုင်း ၄ ဦးနဲ့ ကလေးငယ် ၁ ဦးသေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲ စိုးရိမ်ရသူ ၃ ဦးလောက်ရှိပါတယ်'' လို့ စစ်ဘေးရှောင်ကူညီသူ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

    ဒါ့အပြင် ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာမှာ ၁၁ ဦးနဲ့ ဝီရဌာနေမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတွေမှာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်တပ်က ကျောက်တော်မြိုနယ်၊ မြောက်ဦးမြိုနယ်၊ ကျောက်ဖြူမြိုနယ် နှင့် ဝီရဌာနေမြိုနယ်တွေက အများပြည်သူများသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ လူနေရပ်ကွက်တွေကို ရှေ့ဆင့်နောက်ဆင့်တိုက်ခိုက်ပြီး အကြမ်းဖက်မှု တွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ AA က ဆိုပါတယ်။

    တိုက်ခိုက်မှုတွေကြောင့် တံတား၊ ဆေးခန်းနဲ့ လူနေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  14. ရခိုင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဘာကြောင့်ပိုတိုးလုပ်နေတာလဲ

    ကပ္စနဒီတံတားအနီးဗုံးကြဲခံရမှု
    ဓာတ်ပုံ ပုံစာ, ကပ္စနဒီတံတားအနီးဗုံးကြဲခံရမှု

    ၆ လအတွင်း ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ ၃၂၈ ကြိမ်ရှိကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP Myanmar) က ပြောပါတယ်။

    ၂၀၂၆ နှစ်ကုန်ခါနီးမှာတော့ မြန်မာစစ်တပ်ရဲ့ လက်ကျန် စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ်အနီးအထိ တိုက်ပွဲတွေ ရောက်လာပြီဖြစ်ပါတယ်။ တဖက်မှာလည်း အာရက္ခအိပ်မက် ပြည့်လုနီးပါးရှိပြီလို့ အေအေ ဒုတိယခေါင်းဆောင်က ထုတ်ပြောထားပါတယ်။

    ရခိုင်ကို စစ်တပ်ကလေကြောင်းသုံးဗုံးကြဲနေတဲ့ အဓိက အချက် ၃ ချက်ကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  15. မင်္ဂလာပါ။

    နိုဝင်ဘာ ၂ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။