မြန်မာသုံးစွဲသူတွေကို စိုးရိမ်စိတ်မြင့်တက်စေခဲ့တဲ့ Binance ဟက်ခ်ခံရမှု

ခရစ်တိုငွေကြေး စျေးကွက် နောက်ခံနဲ့ Binance လိုဂိုပါတဲ့ ဖုန်းဖန်သားပြင်ကို မြင်တွေ့ရ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မြန်မာက ခရစ်တို ငွေကြေးအသုံးပြုသူတွေ အများဆုံးသုံးတဲ့ ကမ္ဘာ့ခရစ်ပတိုငွေလဲ ပလက်ဖောင်း Binance ဟာ အောက်တိုဘာ ၃၀ ရက်နေ့က သမိုင်းတလျှောက် အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့ရပြီး စံချိန်တင် ငွေကြေးပမာဏ ခိုးယူခံခဲ့ရပါတယ်။

အင်ဂျင်နီယာတစ်ဦးရဲ့ လပ်တော့ကတဆင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလျံ ထုတ်ယူသွားခဲ့တာဖြစ်တယ်လို့ Binance က ထုတ်ပြောပါတယ်။

ခိုးယူခဲ့သူတွေဟာ မြောက်ကိုရီးယား ဟက်ခ်ကာ အဖွဲ့ဖြစ်တယ်လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) က ကနဦးသုံးသပ်ထားပါတယ်။

ဟက်ခ်ကာတွေဟာ Binance ရဲ့ တုံ့ပြန်လာနိုင်တဲ့အမူအကျင့်တွေကိုပါ ကြိုတင်တွက်ဆ၊ ပြင်ဆင် ပြီး ခိုးယူခဲ့တာလို့ နည်းပညာသမားတွေက ထောက်ပြပါတယ်။

Binance ဆိုတာဘာလဲ။ ဒီခိုးယူမှု ဘယ်လိုဖြစ်ခဲ့လဲ။ ဒီဖြစ်စဉ်ရဲ့ သက်ရောက်မှုက မြန်မာနဲ့ ကမ္ဘာ့သုံးစွဲသူတွေကြား ဘယ်လိုရှိလာနိုင်လဲ။

ခိုးယူခံရတဲ့ ဒေါ်လာ ၆.၃ ဘီလျံ

Binance ကို ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံမှာ စတင် ထူထောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တကမ္ဘာလုံးက လူသန်းရာချီသုံးစွဲတဲ့ ခရစ်တို ပလက်ဖောင်းဖြစ်လာ
ဓာတ်ပုံ ပုံစာ, Binance ကို ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံမှာ စတင် ထူထောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တကမ္ဘာလုံးက လူသန်းရာချီသုံးစွဲတဲ့ ခရစ်တို ပလက်ဖောင်းဖြစ်လာ

Binance ဆိုတာဟာ ကမ္ဘာပေါ်မှာ ဈေးကွက်အကြီးဆုံး ခရစ်ပတို ငွေကြေးလဲလှယ်တဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ အဲဒီနေရာမှာ ခရစ်တိုငွေကြေးတွေကို ဝယ်ယူတာ၊ ရောင်းချတာ၊ ငွေထည့်တာ၊ ငွေထုတ်တာတွေ လုပ်နိုင်ပါတယ်။

ခရစ်တိုဆိုတာကလည်း ထိတွေ့ကိုင်တွယ်လို့မရတဲ့ ဒီဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်ပါတယ်။

အဲဒီမှာ နာမည်ကြီး Bitcoin (BTC) ၊ Ethereum (ETH) ၊ Theter (USDT) စတဲ့ ခရစ်ပတို ငွေကြေး တွေလည်း လဲလှယ်လို့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ခိုးယူခံခဲ့ရတဲ့ နေရာဟာ DevOps အင်ဂျင်နီယာ ရဲ့ လပ်တော့ကနေ စတင်ခဲ့တာလို့ Binance ရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ချက် ထန် က ပြောပါတယ်။

DevOps ဆိုတာဟာ ဆော့ဝဲလ်နဲ့ အက်ပလီးကေးရှင်းရေးဆွဲတာ နဲ့ အဲဒီဆောဝဲလ်တွေရေရှည် လည်ပတ်နိုင်ရေး ထိန်းသိမ်း စောင့်ကြည့်ရတဲ့ဌာနဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဒီလို အဆင့်မြင့် အင်ဂျင်နီယာတစ်ဦးရဲ့ လပ်တော့ဟာ ကုမ္ပဏီ ရဲ့ စနစ်တွေထဲ ကို ဝင်ရောက်နိုင်တဲ့ ပြတင်းပေါက် တစ်ခုအဖြစ် ဟက်ကာတွေဘက်က ရှုမြင်ခဲ့ပုံရတယ်လို့ မြန်မာနိုင်ငံမှာ ဆိုက်ဘာလုံခြုံရေး အကြံပေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

"အင်ဂျင်နီယာရဲ့ လပ်တော့ကို Malware ထည့်ပြီး အဲဒီကနေ Leak ဖြစ်သွားတယ်လို့ ယူဆတယ်။ သေချာ စီစဉ်ထားပုံရပါတယ်" လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ 'ခလုတ်တစ်ချက်နှိပ်ရုံမဟုတ်ဘဲ ရှုပ်ထွေးတဲ့တိုက်ခိုက်မှု' ဖြစ်တယ်လို့ Binance ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ လူတစ်ဦးတည်းမဟုတ်ဘဲ အုပ်စုလိုက်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဟက်ကာအဖွဲ့ဟာ ခွင့်ပြုချက်မရှိတဲ့ ငွေထုတ်ယူမှုတွေကို အင်ဂျင်နီယာရဲ့ လပ်တော့ကတဆင့် ထုတ်ခဲ့တာလို့ ဒီဂျစ်တယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ TRM Labs က သုံးသပ်ပါတယ်။

ဟက်ကာအဖွဲ့ဟာ မြောက်ကိုရီးယားက 'The Tradertraitor ' ဆိုတဲ့ အဖွဲ့ဖြစ်တယ်လို့ FBI က ကနဦးသုံးသပ်ထားပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ဒီဖြစ်ရပ်မှာ သူတို့ပါ၀င်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

"ဒါက အသုံးပြုသူတွေရဲ့ Key တွေ ရသွားတာ မဟုတ်ဘူး။ ဘဏ်တစ်ခုရဲ့ ငွေထုတ်ကောင်တာတစ်ခုကနေ ပိုက်ဆံတွေ လိမ်ထုတ်သွားတဲ့ပုံစံမျိုး" လို့ Myan Crypto ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သုံးစွဲသူတွေရဲ့အကောင့်တွေ၊ ပိုင်ဆိုင်မှုတွေကလည်း အခုချိန်ထိ စိတ်ချရဆဲဖြစ်တယ်လို့ Binance ရဲ့ အမှုဆောင်အရာရှိချုပ်က အာမခံထားပါတယ်။

ဒီဖြစ်စဉ်မတိုင်မီ ၂၀၂၂ ခုနှစ်တုန်းက လည်း ဟက်ကာတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၇၀ ပမာဏရှိ တဲ့ Binance ရဲ့ ငွေကြေး Binance Coin (BNB) ကို ခိုးယူခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း လုပ်ငန်းလည်ပတ်မှုတစ်ခုလုံးကို ရပ်တန့်လိုက်ပြီး ဘယ်အချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို နောက်ကြောင်းပြန်စစ်ဆေးခဲ့ပါတယ်။

အဲဒီလို နောက်ကြောင်းပြန်စစ်ဆေးမှုကြောင့် ဟက်ကာတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ထဲက သန်း ၁၀၀ လောက်ပဲ အိမ်ပြန်သယ်သွားနိုင်ခဲ့တယ်လို့ Binance နဲ့ အလုပ်အတူတွဲလုပ်နေတဲ့ Myan Crypto က အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

"အခုတခေါက်မှာ BNB တွေ မပါသွားတာကို သတိထားမိကြမိလား မသိဘူး။ အဲဒီတော့ Binance က ဘာလုပ်မယ်ဆိုတာပါ ခိုးတဲ့သူတွေက ကြိုသိနေပုံရတယ်" လို့ Myan Crypto တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

BNB ဟာ Binance ရဲ့ ဗဟိုက ချုပ်ကိုင်မှုရှိတဲ့ ခရစ်တိုငွေကြေးအဖြစ် ဒီဂျစ်တယ်ငွေကြေးကစားသူတွေက ရှုမြင်ကြပါတယ်။

Bitcon (BTC) တို့ Ethereum (ETH) ကတော့ BNB လိုတော့ မဟုတ်ပါဘူး။

ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ငွေကြေးတွေ ခိုးယူခံရတဲ့အခါ BNB ခိုးယူခံခဲ့ရသလိုသမျိုး လုပ်ငန်းရပ်ဆိုင်းပြီး နောက်ကြောင်းပြန်လိုက်လို့လည်း မရဘူးလို့ Myan Crypto က ထောက်ပြပါတယ်။

ဒါ့ကြောင့် ဟက်ကာတွေဟာ Binance ပလက်ဖောင်းက ခိုးယူခဲ့တဲ့ ခရစ်ပတိုတွေထဲ Bitcon နဲ့ Ethereum တို့က အများဆုံးဖြစ်တယ်လို့ ဒီဂျစ်တယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ TRM Labs က ထောက်ပြပါတယ်။

Binance ဟာ အမေရိကန်ဒေါ်လာ ၁၃၄ ဘီလျံနဲ့ လည်ပတ်နေတာဖြစ်ပြီး အခုခိုးယူခံရတဲ့ ပမာဏဟာ ၄၇ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆၃ ဘီလျံဖြစ်ပါတယ်။

ခရစ်တိုငွေကြေးတွေခိုးယူခံခဲ့ရတဲ့ သမိုင်းတလျှောက် အခုတခေါက် ခိုးယူခံရမှုက ပမာဏအများဆုံးဖြစ်ပါတယ်။

ဒါဟာ သုံးစွဲသူတွေရဲ့ ပိုက်ဆံတွေပါသွားတာမဟုတ်ဘဲ ငွေကြေးလည်ပတ်စီးဆင်းမယ့် Binance ရဲ့ ဘဏ္ဍာငွေထဲကသာ ပါသွားတာဖြစ်တယ်လို့ Myan Crypto က သုံးသပ်ပါတယ်။

အခုတော့ ခိုးထုတ်သွားခဲ့တဲ့ ခရစ်ပတိုငွေကြေး ၉၅ ရာခိုင်နှုန်းလောက် ကိုလည်း ပြန်လည် စိုက်ထုတ်ပေးထားပြီလို့ Binance က အောက်တိုဘာ ၁ ရက်နေ့က ကြေညာပါတယ်။

ဉရောပ ခရစ်တို ငွေကြွေးပြပွဲမှာ ဘစ်ကွိုင်ဂိမ်းဆော့နေသူတစ်ဦး

မြန်မာ နဲ့ Binance

မြန်မာမှာ ခရစ်တို ငွေကြေးကို တရား၀င် ရောင်း၀ယ် ခွင့်မပြုထားပေမဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို အသုံးပြုပြီး Binance လို ကမ္ဘာ့ခရစ်တိုစျေးကွက်မှာ ခရစ်တို ရောင်းချမယ့်သူကို P2P စနစ်နဲ့ ချိတ်ဆက်၀ယ်ယူကြ
ဓာတ်ပုံ ပုံစာ, မြန်မာမှာ ခရစ်တို ငွေကြေးကို တရား၀င် ရောင်း၀ယ် ခွင့်မပြုထားပေမဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို အသုံးပြုပြီး Binance လို ကမ္ဘာ့ခရစ်တိုစျေးကွက်မှာ ခရစ်တို ရောင်းချသူဆီကနေ P2P စနစ်နဲ့ ချိတ်ဆက်၀ယ်ယူကြ

Binance ပလက်ဖောင်းကနေ ငွေကြေးတွေ ခိုးယူခံရမှုအပြီး မြန်မာအပါအဝင် ကမ္ဘာတဝန်းက အသုံးပြုသူတွေဟာ ငွေထုတ်ယူတာတွေ လုပ်လို့ မရခဲ့ကြဘူးလို့ Myan Crypto က ပြောပါတယ်။

အခု ခိုးယူခံခဲ့ရတဲ့ Binance ပလက်ဖောင်းကို မြန်မာနိုင်ငံသားတွေလည်း အများအပြားအသုံးပြုကြပါတယ်။

Myan Crypto ရဲ့အပြောအရ မြန်မာ ခရစ်တို ငွေကြေး သုံးစွဲ ၀ယ်ယူ စုဆောင်းသူတွေဟာ Biance ကို အများဆုံးအသုံးပြုနေပါတယ်။ သုံးစွဲသူအချက်အလက် ပမာဏဟာ လျှို့၀ှက်ချက်ဖြစ်တာကြောင့် မြန်မာသုံးစွဲသူ ဘယ်လောက်ရှိလဲဆိုတာကို တိတိကျကျ သိနိုင်ဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ မြန်မာအပါအ၀င် အရှေ့တောင်အာရှ၊ အာဖရိကနဲ့ အမေရိကတိုက်တို့က Binance သုံးစွဲသူ အရေအတွက်ဟာ Binance ကို စုစုပေါင်း သုံးစွဲသူ သန်း ၃၂၀ ကျော်ရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

မြန်မာဗဟိုဘဏ်ဘက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ခရစ်ပတိုငွေကြေး ကစားတာတွေကို ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ပင်ထားတာပါ။

Binance ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ၀န်ဆောင်မှုယူထားတဲ့ Binance Thailand ကလည်း မြန်မာနိုင်ငံသားတွေကို ဒီနှစ် ဇူလိုင် ၃၁ ရက် ကစလို့ လက်မခံတော့ပါဘူး။

ဒီမတိုင်ခင်က မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဆက်ပြီး အသုံးပြုနိုင်တယ်လို့ Binance Thailand က ထုတ်ပြန်ထားပါတယ်။

Binance Global ပလက်ဖောင်းကိုတော့ မြန်မာနိုင်ငံသားတွေ အသုံးပြုလို့ ရပါတယ်။

ပြည်တွင်းက KBZ pay ၊ AYA pay တို့လို ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေအနေနဲ့ ခရစ်တို ရောင်းမယ့်သူကို P2P စနစ်က ချိတ်ဆက်နိုင်တာကြောင့်လို့ ခရစ်ပတိုငွေကြေးလုပ်ကိုင်တဲ့မြန်မာတစ်ဦးက ပြောပါတယ်။

အခုလို Binance ပလက်ဖောင်းကနေ ငွေကြေးတွေ ခိုးယူခံရမှုကြောင့် အကောင့်ထဲက ငွေကြေးတွေ ဆုံးရှုံးသွားတာတော့ မရှိဘူးလို့ Binance ပလက်ဖောင်းအသုံးပြုတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

"အခုက တစ်ကမ္ဘာလုံးဖြစ်တာဆိုတော့ တစ်ကမ္ဘာလုံးကို သက်ရောက်မှုက ရှိတယ်။ ငွေထုတ်လို့ မရတာတို့ ဘာတို့။ အကောင့်ထဲက ပိုက်ဆံတွေ ပါသွားတာတွေတော့ မရှိပါဘူး။ ငွေကလည်း ဒီနေ့ ပြန်ထုတ်လို့ ရပြီပြောတယ်" လို့ သူက ပြောပါတယ်။

Binance Thailand ကတော့ သူ့ရဲ့ ငွေကြေးလဲလှယ်မှုစနစ်ဟာ ကမ္ဘာ့ငွေကြေးလဲလှယ်မှု စနစ်နဲ့ ဆက်စပ်မှုမရှိတာကြောင့် သုံးစွဲသူတွေ အပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အခုလိုမျိုး Binance Global ပလက်ဖောင်းကနေ ငွေကြေးတွေ ခိုးယူခံရမှုအပြီးမှာ တခြားပလက်ဖောင်းတစ်ခုကို ပြောင်းသုံးရတော့မလား ဆိုတာ စပြီး စဉ်းစားနေရပြီလို့ မြန်မာသုံးစွဲသူတွေက ပြောပါတယ်။

ခရစ်ပတိုငွေကြေးတွေဟာ အွန်လိုင်းကနေ ငွေကြေးလွှဲတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူလုပ်လို့ရတာကြောင့် ခေတ်သစ်ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခုဖြစ်လာပါတယ်။

အစိုးရ ဒါမှမဟုတ် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာလည်းမရှိတာကြောင့် လွတ်လပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။

အခုဆိုကမ္ဘာတဝန်းမှာ ခရစ်ပတိုငွေကြေးကိုင်ဆောင်သူဟာ သန်း ၅၆၀ ကနေ ၇၄၁ အထိ ရှိနေပြီဖြစ်တယ်လို့ ခရစ်ပတိုငွေကြေးအဖွဲ့ Solcard ရဲ့ စာရင်းတွေအရသိရပါတယ်။

ဒါပေမဲ့လည်း ဒီလုပ်ငန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဆိုက်ဘာတိုက်ခိုက်မှု တွေ မကြာခဏကြုံခဲ့ရတာပါ။

အခု Binance ပလက်ဖောင်း တိုက်ခိုက်ခံရမှုဟာ ၂၀၂၅ ခုနှစ်တုန်းက Bybit ပလက်ဖောင်းက ဒေါ်လာ ၁.၅ ဘီလျံ ခိုးယူခံခဲ့ရတဲ့ စံချိန်တင် ဟက်ကာတိုက်ခိုက်ခံရမှုကိုတောင် ကျော်လွန်သွားတာပါ။

ယူကေအခြေစိုက် Pinsent Masons ဥပဒေအကြံပေးကုမ္ပဏီ မှာ နိုင်ငံတကာစီးပွားရေးလိမ်လည်မှုတွေအကြောင်း အထူးပြုလေ့လာနေသူ ဂျန်နီဖာ ကရေဗန်က တော့ ဒီဖြစ်စဉ်ကို အခုလို ထောက်ပြပါတယ်။

"ခြုံငုံကြည့်မယ်ဆိုရင် ဒီဖြစ်ရပ်က ခရစ်ပတိုငွေကြေးစနစ် (Crypto Ecosystem) ရဲ့ အချို့အစိတ်အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးလိုက်တာ ဖြစ်ပါတယ်"

Binance ကတော့ အဟတ်ခံလိုက်ရတဲ့ ဒေါ်လာ ဘီလျံချီထဲက ၉၀ ရာခိုင်နှုန်းအထိ ပြန်ရအောင် လုပ်နိုင်ပြီလို့ နောက်ဆုံးထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက Binance အသုံးပြုနေသူတွေတော့ ဒီဖြစ်စဉ်အပြီးမှာ Binance ပလက်ဖောင်း ရဲ့ ယုံကြည်စိတ်ချရမှုအပေါ်ကို ပြန်ပြီး မေးခွန်းထုတ်နေကြပါတယ်။