ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့ရဲ့ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်တဲ့ Pay
ကတဆင့် ငွေလွှဲ၊ ငွေလက်ခံတာတွေ မနေ့ကစလို့ သုံးလို့မရနေကြောင်း ထိုင်းနိုင်ငံမှာနေထိုင်တဲ့
မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
“မနေ့ (သြဂုတ် ၂၆) ရက်ကစပြီး CB Pay က သုံးမရဘူး၊ အခုထိလည်းမရဘူး။
KBZ Pay က ရသေးတယ်။ ၂၈ ရက်နေ့ကစပြီး ဒီ Pay တွေသုံးမရတော့ဘူးလို့ သတင်းထွက်နေတယ်” လို့ ဘန်ကောက်မြို့နေ
မြန်မာတစ်ဦးက ပြောပါတယ်။
နောက်ထပ်
မြန်မာတစ်ဦးက CB ဘဏ်ရဲ့ customer service ကို ဖုန်းဆက်မေးချိန်မှာတော့
“ပြည်ပကနေ Pay အကောင့် Log in ဝင်တာမှာ error ဖြစ်နေတာပါ၊ လိုင်းမကောင်းတာပါ။ ဒီ Pay
တွေကို ပြည်ပကနေ လုံးဝမသုံးရတော့ဘူးဆိုတာမျိုး လတ်တလော ကြေညာတာ မရှိပါဘူး။
အချိန်ခဏ စောင့်ပြီးရင် ပုံမှန်အတိုင်းသုံးလို့ရပါမယ်” လို့ တုံ့ပြန်ကြောင်း
သိရပါတယ်။
ပြည်ပက သုံးတဲ့သူတွေအတွက်
စည်းကမ်းအသစ်သတ်မှတ်တာမရှိသေးဘူးလို့ CB
ဘဏ်ဘက်က ပြောကြောင်း သိရပါတယ်။
ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေကို
ပြည်ပနိုင်ငံတွေကနေ ဝင်သုံးလို့ မရရှိနိုင်အောင် Geo-blocking၊ Location-based Restriction နဲ့ IP-based Restriction တွေအပါအဝင်
နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်ဖို့အတွက် ဗဟိုဘဏ်က ညွှန်ကြားထားတဲ့စာလည်း
ဆိုရှယ်မီဒီယာပေါ် ဒီနေ့မနက်ပိုင်း ပျံ့ နှံ့လာပါတယ်။
ဒါဟာ ၀န်ဆောင်မှုကို ကန့်သတ်တဲ့ Geo-blocking၊ တည်နေရာအခြေစိုက်ကန့်သတ်ခြင်း(Location-based Restriction) နဲ့ သုံးစွဲသူရဲ့အင်တာနက်လိပ်စာ (IP-based Restriction) တွေလို နည်းပညာတွေကို သုံးဖို့ပြင်ဆင်လာတာလို့ နားလည်ရပါတယ်။
အဲဒီစာအရ ပြည်ပကနေ ဝင်သုံးလို့ မရအောင်လုပ်နေတဲ့အစီအမံကို
ပြည်တွင်းဘဏ်တွေဘက်က မနက်ဖြန် သြဂုတ် ၂၈ ရက်ထက် နောက်မကျဘဲ ပြန်တင်ပြဖို့၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေမှာ
ပြည်ပကနေ အသုံးပြုတဲ့ပုံစံတွေမှာလည်း အရေးယူဆောင်ရွက်ထားတာရှိရင် တင်ပြဖို့ပါ ညွှန်ကြားထားပါတယ်။
ဘီဘီစီရဲ့ဘဏ်ရင်းမြစ်တစ်ဦးကတော့ Geo-blocking၊ Location-based Restriction နဲ့ IP-based Restriction အတွက် ဗဟိုဘဏ်က ညွှန်ကြားထားပေမဲ့ အသုံးပြုမှုကန့်သတ်မယ့်ပုံစံနဲ့ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။
“ထိုင်းဘက်ထွက်လာချိန် ကျွန်မ KBZ Pay အပိတ်ခံရတော့ အစ်မရဲ့အကောင့်ကို ယူသုံးနေတာ။ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက သင့်အကောင့်ကို အခြားတစ်ယောက်သုံးနေတာ
သင်မဟုတ်ရင် ပိတ်ချမလား ... ဆိုတာမျိုးစာတွေဝင်လာလို့ ဆက်မသုံးဖြစ်တော့ဘူး။ အစ်မက ပြည်တွင်းမှာ၊ သူက ဆက်သုံးတော့ ရတယ်” လို့ ချင်းမိုင်မြို့နေ မြန်မာတစ်ဦးကလည်း သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ပြည်တွင်းဘဏ်တွေရဲ့ဒီဂျစ်တယ် ငွေပေးချေမှုစနစ်တွေကို
ပြည်ပကနေ လုံးဝအသုံးပြုလို့မရတော့မှာကို စိုးရိမ်နေကြကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ရေးသားဖော်ပြနေကြပါတယ်။
ဒါနဲ့ပတ်သက်လို့
နေပြည်တော်အစိုးရရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုဘဏ်တာဝန်ရှိသူကို ဘီဘီစီက ဖုန်းဆက်
မေးမြန်းပေမဲ့ ချက်ချင်းပြန်ဖြေကြားလို့ မရကြောင်းတုံ့ပြန်ပြီး အီးမေးလ်နဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်း နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
အသွင်ပြောင်းအစိုးရတက်လာပြီးနောက်ပိုင်း
ပြည်တွင်းမှာ အသုံးပြုတဲ့ဖုန်းတွေရဲ့ တည်နေရာကိုသိနိုင်မယ့် ဖုန်းအမှတ်စဉ် IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းသလို ပြည်ပကနေ
ဝင်ရောက်လာသူတွေရဲ့ဖုန်းတွေကိုပါ မှတ်ပုံတင်ဖို့ စည်းကမ်းအသစ်တွေ ဆက်တိုက် ထုတ်ပြန်ထားပါတယ်။