
ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
ဓာတ်ပုံ ပုံစာ, အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ မေ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေ မရှိဖို့ နှစ်နိုင်ငံကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ဆွေးနွေးထားတယ်လို့ အိန္ဒိယရေတပ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ဆွေးနွေးထားတယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။
အိန္ဒိယရေတပ် ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ မနေ့ မေ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်က လက်နက်ကိုင်တပ်တွေအကြောင်း ထည့်သွင်းဖော်ပြထားတာမျိုး မရှိပေမဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မဟာဗျူဟာအဆင့်အထိ သက်ရောက်မှုရှိရေး ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာထားပါတယ်။
တရီပါသီရဲ့မြန်မာပြည်ခရီးစဉ်ဟာ မေ ၂ ရက်ကနေ ၅ ရက်အထိဖြစ်ပြီး အဲဒီအချိန်အတွင်း မြန်မာရေတပ် ဗဟိုကွပ်ကဲမှုဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ အိန္ဒိယရေတပ်ဘက်က ပြောထားပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသမှာ မြန်မာဘက်ခြမ်း စစ်ကိုင်းအနောက်ဘက်က တမူးအပါအဝင် ချင်းပြည်နယ်အနောက်ခြမ်းက တီးတိန်နဲ့ ဖလမ်းစတဲ့ဒေသတွေမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့၊ အာရက္ခတပ်တော်(အေအေ)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အလားတူ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တချို့လည်း မြန်မာ-အိန္ဒိယနယ်စပ်တကြောမှာ ပျံ့နှံ့အခြေစိုက်ထားကြတာဖြစ်ပါတယ်။
အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက နယ်စပ်က အဲဒီလက်နက်ကိုင်တပ်တွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးလုပ်တယ်လို့ဆိုပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ လူသိရှင်ကြားကြေညာပြီး အဲဒီစစ်ဆင်ရေးကို ဉီးဆောင်ခဲ့သူ အရာရှိကိုလည်း ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို နေပြည်တော် ဘက်က တိတ်ဆိတ်နေခဲ့ပြီး အိန္ဒိယရေချုပ်ရဲ့ အခုခရီးစဉ်ရောက်မှ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးလုပ်ဆောင်မယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောလာတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်တာတွေရှိနေတယ်လို့ အစောပိုင်းကတည်းက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယရေချုပ်နဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ နေပြည်တော် တွေ့ဆုံမှုကနေ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် နှစ်နိုင်ငံရေတပ်ကြား စစ်ရေးလေ့ကျင့်ရေးတွေကိုလည်း ပူးပေါင်းလုပ်သွားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အိန္ဒိယရေတပ်ချုပ်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယအစိုးရက ပံ့ပိုးပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးထားသလို အဲဒီထဲမှာ သင်္ဘောအသုံးအဆောင်ပစ္စည်းတွေ၊ ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ကိရိယာတွေ ပါဝင်တယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။
အိန္ဒိယရေတပ်ရဲ့ စစ်ရေယာဉ် ၂ စင်းဟာ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ဆိုပြီး မနေ့ ဧပြီ ၄ ရက် ညနေပိုင်းမှာပဲ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။