ဂျပန်ငလျင်သေဆုံးသူ ၁၃ ဦးရှိလာပြီး ရှာဖွေကယ်ဆယ်ရေးဆက်လုပ်နေ

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုထက်မြတ်အောင်အပါအဝင် ၈ ဦး နှစ် ၃၀ ကျော်စီ ထောင်ဒဏ်ချမှတ်ခံရ၊ ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိတဲ့သတင်းအပါအဝင် ဇူလိုင် ၂၉ ရက်နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • DEMU မီးရထားပေါ် စည်းကမ်းချိုးဖောက်မှုတွေကို အရေးယူမှုမတူညီတဲ့ အပေါ် ဝေဖန်မှုမြင့်တက်
  • ဖလူး - မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ KNU/PDF တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေ
  • နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံမှုပိုကောင်း အောင်ပြုပြင်ရေးလုပ်နေတယ်လို့ ဦးမင်းအောင်လှိုင် ပြော
  • ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စည်သူ ဦးသော်ကောင်း ကွယ်လွန်
  • ဂျပန် ငလျင် - ၁၃ ဦး သေဆုံး၊ ပျောက်ဆုံးသူတွေရှိနေ
  • ကိုထက်မြတ်အောင်အပါအဝင် ၈ ဦး မတရားပြစ်ဒဏ်ချမှတ်ခံရတာကို ရှုတ်ချကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင်လ ၂၉ ရက် နောက်ဆုံးရ သတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တရုတ်ထုတ် လူပုံစံစက်ရုပ်အသစ်တွေကို တင်သွင်းခွင့် ထရမ့်ပိတ်

    တရုတ်က ထုတ်လုပ်ရေး စက်ရုံတစ်ခုမှာ တန်းစီထားတဲ့ လူပုံစံ သက်ရုပ်တွေ တန်းစီနေတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်လုံခြုံရေးအတွက် လက်မခံနိုင်တဲ့အန္တရာယ်ရှိတယ်လို့ဆိုပြီး နိုင်ငံခြားထုတ် လူပုံစံစက်ရုပ်အသစ်တွေကို အမေရိကန်ထဲ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

    ဒီတားမြစ်ချက်မှာ လူပုံစံစက်ရုပ်တွေအပြင် ခြေလေးချောင်းသွား စက်ရုပ်တွေလို အဆင့်မြင့်စက်ရုပ်တွေလည်း ပါဝင်ပါတယ်။ ဒီစက်ရုပ်အများစုကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး တရုတ်နဲ့ အမေရိကန်တို့ဟာ စက်ရုပ်နည်းပညာနဲ့ ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးရေးမှာ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြပါတယ်။

    ဒါအပြင် အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC)ကလည်း ဒေတာစင်တာတွေနဲ့ ဆိုလာစွမ်းအင်စနစ်တွေမှာ အသုံးပြုတဲ့ power inverter တွေကို တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီး အဲဒီပစ္စည်းတွေကလည်း အမေရိကန်ရဲ့စီးပွားရေးနဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

    ဝါရှင်တန်မြို့က တရုတ်သံရုံးကတော့ ကုန်သွယ်ရေးကိစ္စတွေကို နိုင်ငံရေးအဖြစ် အသုံးချပြီး အခြေအမြစ်မရှိတဲ့အကြောင်းပြချက်တွေနဲ့ ပိတ်ဆို့အရေးယူတာကို တရုတ်နိုင်ငံက အမြဲကန့်ကွက်တယ်လို့ဆိုပြီး တုံ့ပြန်ပါတယ်။

    FCC ဥက္ကဋ္ဌ ဘရန်ဒန်ကားကတော့ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ အရေးကြီးတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို လုံခြုံအောင် ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ပြောပါတယ်။

    FCC က ဒီပစ္စည်းတွေကို အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ Covered List ထဲ ထည့်သွင်းလိုက်ပါတယ်။

    အခုထုတ်ပြန်တဲ့တားမြစ်ချက်က နိုင်ငံခြားထုတ် အဆင့်မြင့်စက်ရုပ်အသစ်တွေနဲ့ power inverter အသစ်တွေအပေါ်သာ သက်ရောက်မှာဖြစ်ပြီး FCC ရဲ့ ခွင့်ပြုချက်နဲ့ အရင်က တင်သွင်းထားတဲ့မော်ဒယ်တွေကိုတော့ ဆက်လက်ရောင်းချတာနဲ့ တင်သွင်းတာကို တားမြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    FCC က နိုင်ငံခြားထုတ် power inverter တွေကို အသုံးပြုရင် ပြည်ပကုမ္ပဏီတွေက အဲဒီစက်တွေကို အဝေးကနေ ပိတ်ပစ်နိုင်တာ၊ အချက်အလက်တွေ ခိုးယူနိုင်တာ၊ အဝေးကနေ ဝင်ရောက်ထိန်းချုပ်တာ ဒါမှမဟုတ် ပြည်ပအစိုးရတွေရဲ့စောင့်ကြည့်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အသုံးချခံရနိုင်တဲ့အန္တရာယ်တွေရှိတယ်လို့ စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

  3. ချင်းမိုင်ကနေ ပျောက်သွားတဲ့မြန်မာကလေးငယ်ကို ထိုင်းအလယ်ပိုင်းမှာပြန်လည်တွေ့ရှိ

    ဟိုတယ်တစ်ခုရဲ့ ရုပ်သံ တစ်ခုမှာ

    ဓာတ်ပုံ ရင်းမြစ်, Ko Htet

    ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ကနေ တစ်ရက်ကျော်ကြာ အဆက်အသွယ်ပြတ်‌ပျောက်သွားတဲ့ အသက် ၁၅ နှစ်အရွယ် မောင်စွမ်းပြည့်ပိုင်စိုးကို ဒီကနေ့ ဇူလိုင် နေ့လယ် ၃ နာရီကျော်က ထိုင်းနိုင်ငံအလယ်ပိုင်းရှိ လော့ပ်ဘူရီမြို့မှာ ပြန်တွေ့ပြီလို့ မိခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

    ဇူလိုင် ၂၈ ရက် မနက်ပိုင်း ၉ နာရီကျော်ကစလို့ အိမ်ကထွက်သွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ရှာဖွေမှုစတင်ချိန်မှာ ချင်းမိုင် ဘတ်စ်ကား၀င်းကနေ နောက်ထပ်မြို့တစ်မြို့ကို သွားတယ်လို့ သိရှိပြီးနောက် ဆက်လက်ရှာဖွေခဲ့ရတာဖြစ်ပါတယ်။

    ဘန်ကောက်နဲ့ ချင်းမိုင်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မိုဘိုင်းဖုန်းကနေ ခြေရာခံလိုက်ကာ ပိုက်စိပ်တိုက် ရှာဖွေခဲ့တာကြောင့် လော့ပ်ဘူရီမြို့က ဟိုတယ်တစ်ခုမှာ ကလေးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

    လော့ပ်ဘူရီမြို့က ဘန်ကောက်ရဲ့မြောက်ဘက် ၁၅၀ ကီလိုမီတာအကွာမှာရှိပြီး ကားနဲ့ဆိုရင် ၂ နာရီခွဲကနေ ၃ နာရီ ခန့် မောင်းရတဲ့ နေရာမှာရှိပါတယ်။ ''ကလေးနဲ့ ပြန်တွေ့ပါပြီ။ စကားလည်းပြောရပါပြီ။ အခုတော့ ဘန်ကောက်ကနေ ချင်းမိုင်ကို ပြန်လာနေပြီဖြစ်ပါတယ်။ ကလေးနဲ့ စကားပြောပြီးမှပဲ ကျွန်မတို့ သေချာအလုံးစုံ သိရပါမယ်''လို့ မိခင်ဖြစ်သူက ပြောပါတယ်။

    မောင်စွမ်းပြည့်ပိုင်စိုးရဲ့ရှာဖွေရေးကို အဓိကလုပ်ဆောင်ခဲ့တဲ့သူ့ရဲ့ဦးလေးဖြစ်သူကတော့ ''ကလေးက သူ အသုံးပြုနေတဲ့ Telegram Channel တစ်ခုကနေ ဖြားယောင်းသွေးဆောင်ပြီး ခေါ်ထုတ်ခံသွားရတဲ့အနေအထားပါ။ ကျားဖြန့်လို့ ယူဆရတာမို့ အားလုံးလည်းတော်တော်စိတ်ပူနေရပါတယ်'' လို့ အစောပိုင်းက ရေးထားပါတယ်။

    ဒါပေမဲ့လက်ရှိမှာတော့ မောင်စွမ်းပြည့်ပိုင်စိုး ‌ပျောက်ဆုံးမှု အသေးစိတ်နဲ့ ဖြစ်စဥ်အမှန်ကို သိရှိရတာ မရှိသေးပါဘူး။

  4. ရန်ကုန်မှာ မိုးကြီးလို့ ရုတ်တရက်ရေကြီးမှုဖြစ်

    ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက ရေကြီးရေလျှံမှုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက ရေကြီးရေလျှံမှုမြင်ကွင်း

    ရန်ကုန်မြို့မှာ ဇူလိုင် ၂၈ ရက်ညပိုင်းက တစ်ညလုံးနီးပါး မိုးသည်းထန်စွာရွာခဲ့လို့ မြို့တွင်းမြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံအချို့ဆီက သိရှိရပါတယ်။

    '' ဒီနေ့ညနေ အထိ ရေပြန်မကျသေးဘူး'' လို့ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    ရန်ကုန်မြို့က သမိုင်းလမ်းဆုံအနီးတစ်ဝိုက်မှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်သလို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဘက်မှာလည်း နေအိမ်တွေထဲအထိ ရေဝင်ရောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

    ဇူလိုင်နောက်ဆုံးပတ်ကနေ ဩဂုတ် ၃ ရက်အထိ ရန်ကုန်နဲ့ နေပြည်တော်အပါအဝင် နိုင်ငံအနှံ့ ဒေသအများစုမှာ မိုးကြီးနိုင်တယ်လို့ အသိပေးထားပြီး မြေပြိုမှုနဲ့ ရေကြီးရေလျှံအန္တရာယ်တွေကို ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

  5. BGF က ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းက ဖမ်းဝရမ်းထုတ်

    ဗိုလ်မှူးစောမုတ်သုန်

    ဓာတ်ပုံ ရင်းမြစ်, KIC

    ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးစောမုတ်သုန်

    ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ မြဝတီတပ်နယ် ၄ ရဲ့ တပ်နယ်မှူးလည်းဖြစ်၊ ၁၀၂၂ တပ်ရင်းရဲ့ တပ်ရင်းမှူး ဖြစ်တဲ့ ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းစုံစမ်းစစ်ဆေးရေးဌာန (DSI) က လူကုန်ကူးမှုစွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ကြောင်း DSI နဲ့ နီးစပ်တဲ့ ထိုင်းသတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။

    “ပြီးခဲ့တဲ့လတွေမှာ မြဝတီနယ်ထဲက ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း)တွေကနေ ပြန်ပို့လိုက်တဲ့နိုင်ငံခြားသားတွေကို သူတို့နိုင်ငံကို ပြန်ပို့ချိန်မှာ စစ်ဆေးတွေ့ရှိချက်တွေအရ ဗိုလ်မုတ်သုန်ရဲ့ နယ်ထဲကိုရောက်တဲ့ အများစုဟာ နှိပ်စက်ညှဉ်းပန်းမှုတွေပိုများလာတာကို တွေ့ရလို့ ဝရမ်းထုတ်လာတာလို့ ထိုင်းထောက်လှမ်းရေးဆီက သိထားရတယ်” လို့ ဗိုလ်မုတ်သုန် ဖမ်းဝရမ်းထွက်လာရတဲ့ အခြေအနေကိုသိရှိတဲ့ မဲဆောက်အခြေစိုက်နေထိုင်သူတစ်ဦးက ပြောပါတယ်။

    DSI ကဇူလိုင် ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်က မှန်ကန်ကြောင်းလည်း ထိုင်းမီဒီယာတချို့မှာ ဖော်ပြနေကြပါတယ်။ ထိုင်းဘာသာစကားနဲ့ထုတ်ပြန်ချက်မှာတော့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေသံသယနဲ့ဖမ်းဝရမ်းထုတ်ကြောင်း ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။

    KK Park မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေက နယ်ခြားစောင့်တပ် (BGF) နဲ့ချိတ်ဆက်ပြီး လုပ်ငန်းလည်ပတ်တဲ့လမ်းကြောင်းတွေနဲ့ပတ်သက်လို့ DW သတင်းဌာနကလည်း ဒီရက်ပိုင်းမှာပဲ စုံစမ်းဖော်ထုတ်လာပါတယ်။

    ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်နဲ့ အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI)ရဲ့ ညွှန်ကြားရေးမှူး ကက်ရှ် ပက်တယ်တို့ ဇူလိုင် ၂၁ ရက်မှာတွေ့ဆုံပြီးတဲ့နောက် BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းက ဖမ်းဝရမ်းထုတ်တဲ့ အခြေအနေလည်းဖြစ်လာတာပါ။

    ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းက ဖမ်းဝရမ်းထုတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ BGF ဘက်ကို ဘီဘီစီက ဆက်သွယ်မေးတဲ့အခါ သူတို့အနေနဲ့ သိရှိထားတာမရှိကြောင်း ‌ပြောပါတယ်။

    မနှစ်အစောပိုင်းကတည်းက ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ရဲ့ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) က ပြင်ဆင်နေတယ်လို့ သိခဲ့ရပေမဲ့ အခုကတော့ ဗိုလ်မှူးစောမုတ်သုန် တစ်ဦးတည်းအပေါ် တိကျတဲ့ ဖမ်းဝရမ်းအရင် ထွက်လာတာလို့ နားလည်ရပါတယ်။

    ထိုင်း- မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးအတွက် အမေရိကန်ကလည်းခြေလှမ်း သွက်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို မနှစ်ကဖွဲ့စည်းကာ ထိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

  6. ကမ္ဘာတလွှားမှာ ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာလား

    အမေရိကန် ဘူမိလေ့လာရေး USGS ငလျင်ပညာရှင် ပေါလ် စတန်တန် အာရဲ့ ပုံနဲ့ ကမ္ဘာ့မြေပုံကို လိမ္မော်ရောင်၊ အပြာရောင် အဝါရောင် ပေါင်းစပ် ထားတဲ့ဓာတ်ပုံ

    ကမ္ဘာမှာရော၊ မြန်မာနဲ့ အရှေ့တောင်အာရှဒေသတွေမှာပါ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏဖြစ်လာတာ၊ ငလျင်ကြီးတွေ လှုပ်ခတ်မှု စိပ်လာတာကြောင့် ငလျင်အပေါ် လူတွေရဲ့စိုးရိမ်စိတ်တွေလည်း တိုးလာနေပါတယ်။

    ကမ္ဘာမှာ ငလျင်တွေ ပိုလှုပ်လာလား၊ ငလျင်တွေ အလှုပ် စိပ်လာတာက ဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ။ ဘယ်လောက် စိုးရိမ်ရလဲ။

    အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS)က တစ်ကမ္ဘာလုံးဆိုင်ရာမြေငလျင်တွေ စောင့်ကြည့်ရေးလုပ်ငန်းကို ကြီးကြပ်တဲ့ ငလျင်ဗေဒ ပညာရှင် ပေါလ် စတန်တန် အာလ် ကို ဘီဘီစီ မြန်မာပိုင်းက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. အမေရိကန် - ဆော်ဒီ နျူစာချုပ်မှာ ပါတဲ့သန့်စင်ယူရေနီယံ ဆိုတာဘာလဲ

    အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် (ဝဲဘက်)နဲ့ ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန်တို့ ၂၀၂၅ ခုနှစ် ၊ နို၀င်ဘာလ ၁၉ ရက်တုန်းက ၀ါရှင်တန်မြို့မှာ ပြုလုပ်နေတဲ့ ကနေဒီ စင်တာမှာပြုလုပ်တဲ့ အမေရိကန် -ဆော်ဒီ ရင်းနှီးမြှုပ်နှံမှု အခမ်းအနားမှာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဆော်ဒီ အာရေးဗျအနေနဲ့ ယူရေနီယံကို သူ့ နိုင်ငံအတွင်းမှာပဲ သန့်စင်ထုတ်လုပ်ဖို့ အခွင့်အရေးရှိလာနိုင်တဲ့ နျူကလီးယား သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ ဆော်ဒီ အာရေးဗျတို့ ထူးထူးခြားခြား လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

    အမေရိကန်စွမ်းအင်ဝန်ကြီးဌာနကတော့ ဒီသဘောတူညီချက်ဟာ "နျူကလီးယားကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ ရည်ရွယ်တဲ့ပူးပေါင်းဆောင်ရွက်မှု" ပြောပြီး ဆော်ဒီရဲ့နျူကလီးယားစွမ်းအင်အစီအစဉ်ထဲမှာ အမေရိကန်ကုမ္ပဏီတွေ ပိုမိုပါဝင်လုပ်ကိုင်ခွင့်ရရှိစေလိမ့်မယ်လို့လည်း ဆိုပါတယ်။

    ဒီသဘောတူညီချက်အရ ဆော်ဒီ အာရေးဗျဟာ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်အစီအစဉ်တစ်ခုကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သဘောတူညီချက် အပြည့်အစုံကိုတော့ အများသိရှိနိုင်အောင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    တဖက်မှာလည်း သန့်စင် ယူရေနီယံကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ လောင်စာအဖြစ် အသုံးပြုနိုင်သလို နျူကလီးယား ဗုံး ထုတ်လုပ်ရာမှာလည်း သုံးနိုင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. DEMU မီးရထားပေါ် စည်းကမ်းချိုးဖောက်မှုတွေကို အရေးယူမှုမတူညီတဲ့ အပေါ် ဝေဖန်မှုမြင့်တက်

    ငွေဒဏ်ချမှတ်ခံခဲ့ရတဲ့ မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ငွေဒဏ်ချမှတ်ခံခဲ့ရတဲ့ မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့

    DEMU အမြန်ရထားပေါ်မှာ ကွမ်းတံတွေးထွေးတဲ့သူ ၄ ဦးကို ထောင် ၂ လ ချပေမဲ့ ရထားပေါ်မှာ ဆူဆူညံညံလုပ်ခဲ့တဲ့ မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့က လူအယောက် ၅၀ ကျော်ကို တရားရုံးက ငွေဒဏ်သာ ချမှတ်တဲ့ အပေါ် မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

    မော်လမြိုင်-ရန်ကုန်ပြေးဆွဲတဲ့ DEMU အမြန်ရထားခရီးစဉ်ကို လိုက်ပါခဲ့တဲ့ အဲဒီ အားကစားအဖွဲ့ ကို ဇူလိုင် ၂၇ ရက်မှာ မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ် ကျပ် ၁ သိန်းစီ ချမှတ်ပြီးတဲ့နောက်မှာ အခုလို ဝေဖန်မှုတွေ ထွက်လာတာပါ။

    ဒါဟာ ရထားပေါ်မှာ ကွမ်းတံတွေးထွေးတဲ့သူ အမျိုးသမီး ၄ ဦးကို ပျဉ်းမနားတရားရုံးက ထောင် ၂ လချတာ နဲ့ ယှဉ်ရင် မမျှတဘူးလို့ မော်လမြိုင် မြို့ခံတစ်ဦးကပြောပါတယ်။

    “တခြားသူကို ထောင် ၂ လ ချရင် သူတို့ကိုလည်း ထောင် ၂ လချသင့်တယ်။ အဲလို မဟုတ်ရင် မမျှတဘူးလို့မြင်တယ်“ လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီနှစ်ဖွဲ့လုံးဟာ ရထားပို့ဆောင်ရေး ဥပဒေ ပုဒ်မ ၈၈(က) နဲ့ တရားစွဲခံခဲ့ရပေမဲ့ အမိန့်ချမှတ်မှုမှာ ကွဲပြားမှုတွေ ရှိခဲ့တာပါ။

    သထုံဒေသခံတစ်ဦးကတော့ “ရထားက အရင်ကလို စုတ်ပြတ်သတ်နေတယ်ဆိုရင်တမျိုးပေါ့။ အခုက ရထားတွေကို ကောင်းကောင်းမွန်မွန်လုပ်ပေးထားတဲ့ အခါကြတော့ အဲဒီလို လမ်းတွေပိတ်ပြီးလုပ်တာကြတော့ လည်း အများအမြင်မှာ မသင့်လျော်ဘူး။ အခုက ငွေဒဏ်ရိုက်ပြီးပြီဆိုတော့ ဒါကို First Warning သဘောမျိုးလုပ်ပြီး နောက်ပိုင်းမှာဥပဒေအရ လုပ်သင့်တယ်လို့မြင်တယ်” လို့ ပြောပါတယ်။

    DEMU ရထားပေါ်မှာလိုက်ပါလာတဲ့ မော်လမြိုင်က ခရီးသွား ၅၀ ကျော်ကို တရားရုံးငွေဒဏ်ချလိုက်တယ်ဆိုတဲ့ ဘီဘီစီ ရဲ့ သတင်းအောက်မှာလည်း “ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတဘူး” ဆိုတဲ့ မှတ်ချက်တွေလည်း တွေ့ရပါတယ်။

    ဒီအမှုအပါအဝင် ကွမ်းတံထွေးထွေးလို့ ထောင် ၂ လ ချခံရတဲ့ အမျိုးသမီး ၄ ဦးတို့ကို စွဲဆိုခဲ့တဲ့ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) ဟာ ထောင်ဒဏ် သုံးလ ထက်မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်း ကနေ ကျပ်တစ်သိန်းဖြစ်စေ၊

    ပြစ်ဒဏ် နှစ်ရပ်လုံး လည်းချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

    ဇူလိုင် ၂၀ ရက်နေ့က ဆိုလည်း ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ အရက်သေစာသောက်စားခဲ့သူ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ (က) နဲ့ အရေးယူထားတယ်လို့ နေပြည်တော်က ဇူလိုင် ၂၇ ရက်မှာ ကြေညာထားပါတယ်။

  9. ထိုင်း - မြန်မာနယ်စပ် မင်းလက်ပံတိုက်ပွဲပြင်းထန်၊ ထိုင်းဘက်ခြမ်းအထိပေါက်ကွဲသံတွေကြားရ

    ကျောက်ခတ်ဒေသမှာ ကျားဖြန့်နှိမ်နင်းတယ်ဆိုတဲ့ဇူလိုင် ၂၇ ရက် စစ်တပ်ထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ကျောက်ခတ်ဒေသမှာ ကျားဖြန့်နှိမ်နင်းတယ်ဆိုတဲ့ဇူလိုင် ၂၇ ရက် စစ်တပ်ထုတ်ပြန်ချက်

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဖလူး - မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ KNU/PDF တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပေါက်ကွဲသံတွေကို တဖက်ကမ်း မဲဆောက်မြို့ကပါ ကြားနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ မဲဆောက်မှာနေတဲ့ မြန်မာတချို့ဆီက သိရှိရပါတယ်။

    ဖလူးဒေသကဖြစ်နေတဲ့စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သတ်မှုမရှိဖို့နဲ့ ပါဝင်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ဒီနေ့ရက်စွဲနဲ့ DKBA က ထုတ်ပြန်လာပါတယ်။

    “မနေ့ ည ၁၁ နာရီလောက်က လက်နက်ကြီးကျတာအတော်ပြင်းတယ်။ ပြတင်းပေါက်တွေပါ တုန်တယ်။ မဲဆောက်မှာက မင်းလက်ပံတိုက်ပွဲဘက်က လက်နက်ကြီးသံ နေ့တိုင်းလိုလို ကြားနေရတယ်” လို့ မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောပါတယ်။

    ဇူလိုင်လလယ်ကစလို့ မြန်မာစစ်တပ်က မင်းလက်ပံဒေသကိုထိုးစစ်မြှင့်နေပြီး ကရင်အမျိုးသားအစည်းအရုံး -KNU လက်အောက်ခံ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေကို ခုခံနေတယ်လို့ စစ်ရေးအရင်းအမြစ်ဆီကလည်း သိရပါတယ်။

    “မင်းလက်ပံရွာတောင်ဘက်မီတာ ၇,၀၀၀ လောက်အထိစစ်တပ်စစ်ကြောင်းတွေ ရောက်လာတဲ့ အနေအထားပဲ။ မင်းလက်ပံနဲ့အတော်လေးနီးကပ်လာပြီ။ တော်လှန်ရေးဘက်ကလည်း ခံစစ် အဟုန်ရပ်သွားတဲ့အခြေအနေမရှိဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့သိရှိထားရတဲ့ တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

    မင်းလက်ပံရွာရဲ့ တောင်ဘက်မှာရှိတဲ့ ကျောက်ခတ်ဒေသကို ဇူလိုင် ၉ ရက်ကစလို့ လေးကေ့ကော် ဒေသမှာအင်အားစုဖွဲ့ကာ ထိုးစစ်ဆင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့ ထိုးစစ်ဆင်တယ်လို့ စစ်တပ်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

    ဇူလိုင် ၂၇ ရက် စစ်တပ်ထုတ်ပြန်ချက်အရ ၂၅ ရက်နေ့မှာ ထိုင်း - မြန်မာနယ်စပ်အနီး မင်းလက်ပံရွာ တောင်ဘက် မီတာ ၇,၀၀၀ ခန့်အကွာကိုရောက်ပြီလို့ ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့ KNLA ၊ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ကျောက်ခတ်နဲ့ မင်းလက်ပံဒေသတွေဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ မနှစ် နိုဝင်ဘာလမှာ DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံက ကျားဖြန့်လုပ်ငန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) က စီးနင်းခဲ့ပါတယ်။

    DKBA ထိန်းချုပ်တဲ့ကျောက်ခတ်ဒေသက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေ ဇူလိုင် ၁၈ ရက်ကစလို့ ၁၀ ရက်အတွင်းနယ်မြေကနေထွက်ခွာသွားဖို့လည်း ကြေညာထားကြောင်း DKBA အရင်းအမြစ်တစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြောပါတယ်။

    အဲဒီကြေညာချက်အပြည့်အစုံနဲ့ပတ်သက်လို့ DKBA ရော စစ်တပ်ကပါ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။

  10. ပြင်ဦးလွင်၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ဆိုပြီး ဦးမင်းအောင်လှိုင်ခေါ်

    ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်မှာမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်မှာမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ ဖိတ်ခေါ်တယ်လို့ ရန်ကုန်မှာ မနေ့ကလုပ်ခဲ့တဲ့ ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်မှာ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်နာမည်နဲ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို ဂျပန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာဆိုင်ရာဂျပန်သံရုံးတာဝန်ရှိသူတွေ တက်ရောက်တာမတွေ့ရပါဘူး။

    အဲဒီဖိုရမ်ကို ဂျပန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ Ingo PEACE နဲ့ မြန်မာကုန်သည်/စီးပွားရေးလုပ်ငန်းရှင်များအသင်း( UMFCCI)၊ သီလဝါအထူးစီးပွားရေးဇုန် က တွဲဖက်စီစဥ်ခဲ့တာလို့နားလည်ရပါတယ်။

    Ingo PEACE ဟာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်မှုမရှိဘဲ ဂျပန်အခြေစိုက်လွတ်လပ်တဲ့ NGO ဖြစ်တယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ နားလည်ရပါတယ်။

    တဖက်မှာလည်း ဦးမင်းအောင်လှိုင်ကရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်တယ်ဆိုတဲ့ အဲဒီဆိုက်ဘာစီးတီးစီမံကိန်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိဖို့ ခက်ခဲနိုင်တယ်ဆိုပြီး နည်းပညာကျွမ်းကျင်သူတွေ ထောက်ပြထားကြတဲ့ စီမံကိန်းဖြစ်ပါတယ်။

    ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးက အဲဒီစီမံကိန်းကို ဦးမင်းအောင်လှိုင်က မကြာခဏသွားလေ့ရှိပြီး မြန်မာရဲ့ Silicon Village အဖြစ်ရည်ရွယ်ဆောင်ရွက်မယ်လို့ အစောပိုင်းက ပြောထားပါတယ်။

    မနေ့ကရန်ကုန်မြို့မှာလုပ်တဲ့ ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်မှာတော့ သူတို့အစိုးရအနေနဲ့ နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံမှုပိုကောင်း အောင်ပြုပြင်ရေးလုပ်နေတယ်ဆိုပြီးထည့်ပြောပါတယ်။

    လျှပ်စစ်သုံးမော်တော်ယာဉ်(EV) တွေတိုးတက်ရေးနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် အကောက်ခွန်နှုန်းထားတွေလျှော့ပေးထားတယ်လို့ဆိုကာ စီးပွားရေးပြောင်းလဲရေး လုပ်ပေးနေတဲ့ နမူနာအဖြစ် သူက ဆိုပြောပါတယ်။

    ပြည်တွင်းကား ဈေးကွက်ကျွမ်းကျင်သူတစ်ဦးကတော့ “ဂျပန်က EV ကားဈေးကွက်စိတ်မဝင်စားဘူးလေ၊ သူတို့နိုင်ငံမှာလည်းမသုံးကြဘူး။ သီလဝါမှာ တော့ တိုယိုတာနဲ့ ဆူဇူကီကားကုမ္ပဏီကရှိသေးတယ်။ ရင်းနှီးမြှုပ်နှံမှုက ရှိပေမဲ့ ကျွန်တော်တို့ ဘက်က ပို့ကုန်သွင်းကုန်လိုင်စင်ကြောင့် အရေအတွက်လျော့ကုန်တာ” လို့ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေအသုံးပြုမှုလျှော့ချရေးဆိုကာ ပြည်ပသွင်းကုန် ကန့်သတ်ရေးအတွက် ပို့ကုန်သွင်းကုန်လိုင်စင်ကို တင်းကျပ်ခဲ့ပြီး လက်ရှိ အသွင်ပြောင်းအစိုးရ လက်ထက်အထိ ဆက်ကျင့်သုံးနေဆဲပါ။

    ဒီမူဝါဒကို လျှော့ချပေးဖို့ ပြည်တွင်းပြည်ပက စီးပွားရေးကျွမ်းကျင်သူတွေက ဆက်တိုက် ထောက်ပြနေခဲ့ပေမဲ့ ဦးမင်းအောင်လှိုင်အစိုးရသစ် ရက် ၁၀၀ ပြည့်ခါနီးအထိ အပြောင်းအလဲ မတွေ့ရသေးပါဘူး။

    အခုဂျပန် - မြန်မာဖိုရမ်မှာပြောတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာလည်း ဒီလိုင်စင်ကိစ္စနဲ့ ပတ်သက်ပြီး ဦးမင်းအောင်လှိုင်က ထည့်မပြောခဲ့ပါဘူး။ ဂျပန်ဟာ မြန်မာမှာ ၉ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၆၉ ဒသမ ၀၅၆ သန်း တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခုလုပ်ကိုင်နေပါတယ်။

    ဦးမင်းအောင်လှိုင်တက်တဲ့ ဂျပန်-မြန်မာဖိုရမ်ပွဲကို Ingo Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki နဲ့ သီလဝါအထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီလုပ်ငန်းရှင်တွေ တက်ခဲ့တယ်လို့ ဒီနေ့ထုတ်သတင်းစာမှာဖော်ပြထားပါတယ်။

    မြန်မာမှာစစ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ ဂျပန်အစိုးရနဲ့ ဂျပန်လွှတ်တော်တို့ဟာ မြန်မာမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ မကြာခဏတောင်းဆိုနေတာဖြစ်ပါတယ်။

  11. မြန်မာရဲ့စာကြည့်တိုက်ပညာ ဦးဆောင်ပုဂ္ဂိုလ် စည်သူ ဦးသော်ကောင်း ကွယ်လွန်

    တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှာ ဖော်ပြထားတဲ့ ဦးသော်ကောင်း၊ ဒေါက်တာသော်ကောင်း အထုပ္ပတ္တိမှာမြင်ရတဲ့ ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, တက္ကသိုလ်များဗဟိုစာကြည့်တိုက်

    မြန်မာနိုင်ငံမှာ စာကြည့်တိုက်တွေ ဖြစ်ထွန်းရေးနဲ့ စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့သူ၊ ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စည်သူ ဦးသော်ကောင်း (ဒေါက်တာသော်ကောင်း)ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သားဖြစ်သူ ‌ဒေါက်တာသန့်သော်ကောင်းက ဘီဘီစီကို အတည်ပြုပါတယ်။

    ''မနက် ၅:၄၇ က ဆုံးပါတယ်။ ဒီနေ့ နေ့လယ် သင်္ဂြိုဟ် ပါမယ်'' လို့ ဒေါက်တာသန့်သော်ကောင်းက ပြောပါတယ်။

    သြစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ရ ဒေါက်တာသော်ကောင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ လွတ်လပ်ရေးခေတ်နဲ့ ပါလီမန်ဒီမိုကရေစီခေတ်တွေက စည်သူဘွဲ့ရ ပညာမင်းကြီးအဖြစ် ထင်ရှားတဲ့ဦးကောင်းရဲ့သားဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှာ စာကြည့်တိုက်ပညာကို သွားရောက်လေ့လာ ဆည်းပူးခဲ့သူဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာ ဂုဏ်ထူးတန်းအောင်တဲ့ ၁၉၅၉ ခုနှစ်မှာပဲ ကွယ်လွန်သူ ဖခင်ဆန္ဒနဲ့ သူ့ရဲ့ဝါသနာအလျောက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

    အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးက နိုင်ငံကျော်စာဆိုတော်ကြီး ဆရာဇော်ဂျီ ဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ လန်ဒန်တက္ကသိုလ်က စာကြည့်တိုက်ပညာ ဘွဲ့လွန် ဒီပလိုမာရရှိထားသူဖြစ်ပြီး အင်္ဂလန်ရှိ Associate of the Library Association (ALA) စာကြည့်တိုက်အသင်းကြီးရဲ့တော်ဝင်အသိအမှတ်ပြုစာကြည့်တိုက်မှူး(Chartered Librarian) အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

    အဲဒီနောက် AALIA (Associate of the Australian Library and Information Association)ဘွဲ့၊ အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၈၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင် အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသူဖြစ်သလို ၁၉၉၉ ခုနှစ်မှာ သြစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီ တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ [Doctor of Letters (Honori- scausa)] ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

    ဒေါက်တာသော်ကောင်းအဖြစ် မော်ကွန်းထိုး ခေါ်ဆိုခံရသလို ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ ဖုကုအိုကာ အာရှဓလေ့ဆုရွေးချယ်ရေးကော်မတီက ဖုကုအိုကာ ပညာရှင်ဆု [ Fukuoka Asian Culture Prize (Acad-emis Laureate)] ပေးအပ်ချီးမြှင့်ထားပါတယ်။

    မြန်မာနိုင်ငံမှာတော့ အမျိုးသားစာပေတစ်သက်တာဆုနဲ့ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု တို့ကို ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

    ဒါတင်မက ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု၊ သုတစွယ်စုံစာပေ တစ်သက်တာဆုနဲ့ ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆုတို့ကိုလည်း ရရှိထားပါတယ်။

    ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ ဆရာကြီးဟာ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယ အဆင့်)နဲ့ စည်သူဘွဲ့တို့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

    ဦးသော်ကောင်းတည်ထောင်ခဲ့တဲ့ မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA) ကတော့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေ၊ မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့တာတွေက အမွေအနှစ်အဖြစ်ဆက်ကျန်နေမယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

    ဆရာကြီးဟာ စာကြည့်တိုက်မှူးဘဝကတည်းက မြန်မာစာပေလောကတိုးတက်ရေးအတွက် အကျိုးပြုစာပေများစွာကို ရေးသားခဲ့သလို မြန်မာစာပေအတွက် အထူးကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့နာယကဖြစ်သလို သူ့ရဲ့ကျေးဇူးပြုမှုတွေနဲ့ ပညာအမွေအနှစ်တွေကို လေးစားစွာ အောက်မေ့ဂုဏ်ပြုရင်း ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း MLA ကကြေညာထားပါတယ်။

  12. ဂျပန် ငလျင် - ၁၃ ဦး သေဆုံး၊ ပျောက်ဆုံးသူတွေရှိနေ

    ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မနေ့ညနေပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ ''အချိန်လု ကယ်ဆယ်ရေးလုပ်နေရတယ်''လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောပါတယ်။

    လူတွေ ပိတ်မိနေခဲ့တဲ့ ကူမာမိုတိုမြို့က စျေး၀ယ်စင်တာထဲမှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေတုန်းဖြစ်ပြီး မျက်မြင်တစ်ဦးကလည်း စင်တာရဲ့ဒုတိယထပ် ပြိုကျခဲ့တာကိုမြင်ခဲ့ရကြောင်း ဘီဘီစီကို အစောပိုင်းမှာပြောထားပါတယ်။

    ကူမာမိုတိုမြို့က ငလျင်နဲ့ စျေး၀ယ်စင်တာနေရာပြတဲ့ ဂရပ်ဖစ်

    အဲဒီစင်တာနဲ့ မီးခိုးခေါင်းတိုင်ပြိုကျတဲ့ နောက်ထပ်စက်ရုံတစ်ခုမှာ ပျောက်ဆုံးနေသူတွေရှိနေတယ်လို့ ဂျပန်အရာရှိတစ်ဦးက အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ပြင်းအား ၆.၈ မဂ္ဂနီကျုရှိတယ်လို့ ခန့်မှန်းထားတဲ့ဒီငလျင်ဟာ ဂျပန်စံတော်ချိန် မနေ့ညနေ ၄ နာရီခွဲခန့်မှာ ခူရှုကျွန်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

    မြေကြီး ခိုင်ခိုင်ခန့်ခန့်ကြီးဟာ ငလျင်လှုပ်ချိန်မှာ ရုတ်တရက် အကြီးအကျယ်ရွေ့သွားတယ်လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

  13. ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုထက်မြတ်အောင် အပါ ၈ ဦး ထောင်ဒဏ် ၃၇ နှစ်ချမှတ်ခံရ

    ကိုထက်မြတ်အောင်

    ဓာတ်ပုံ ရင်းမြစ်, ရတကသ

    ဓာတ်ပုံ ပုံစာ, ကိုထက်မြတ်အောင်

    အာဏာသိမ်းစစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း မန္တလေးမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့နောက် ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်အဖွဲ့က ကိုထက်မြတ်အောင်အပါအဝင် ၈ ဦး၊ ထောင်ဒဏ် ၃၇ နှစ်စီချမှတ်ခံလိုက်ရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကိုထက်မြတ်အောင်ဟာ စစ်တပ်ရဲ့ရွေး‌ကောက်ပွဲကာလက မန္တလေးမြို့ပေါ်မှာ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ရန်ကုန်သပိတ်က ကိုနန်းလင်း၊ စစ်ကိုင်းသပိတ်က ကိုခန့်ဝေဖြိုးတို့နဲ့အတူ ဆန္ဒထုတ်ဖော်ပြီးနောက် မနှစ် ၂၀၂၅ ဒီဇင်ဘာ ၁၄ ရက်မှာ အဖမ်းခံခဲ့ရပြီး အဆက်အသွယ်ပြတ်‌တောက်ခဲ့ပါတယ်။

    ကိုထက်မြတ်အောင်ကို ၂၀၂၆ ဇန်နဝါရီလကစလို့ ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ ခ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ က အပါအဝင် ပုဒ်မတွေနဲ့ မြို့နယ်တွေခွဲ တရားစွဲဆိုခဲ့ပြီး မနေ့ကအမိန့်ချခံခဲ့ရတယ်လို့ သိရကြောင်း သမဂ္ဂဘက်က ထုတ်ပြန်ပါတယ်။

    မန္တလေးမြို့ အမှတ် ၃၊ ၆ နဲ့ ၇ ရဲစခန်းတို့မှာစွဲဆိုခဲ့တဲ့ ရွေးကောက်ပွဲဥပဒေအရ တစ်မှုကို ၁၀ နှစ်နဲ့ နှစ် ၃၀ အမိန့်ချခဲ့ပါတယ်။ အမှတ် ၆ ရဲစခန်းမှာစွဲခဲ့တဲ့ အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရတယ်လို့ ဆိုပါတယ်။

    ''သူတို့စွဲတဲ့ရဲစခန်းတွေက ချမ်းအေးသာစံမြို့နယ်ထဲက စခန်းတွေ။ ဒါပေမဲ့ ပုဒ်မအရ အဆင့်မြင့်တရားရုံးဆိုတော့မဟာအောင်မြေခရိုင် ထောင်တွင်း အထူးတရားရုံးက အမိန့်ချတာ'' လို့ ကိုထက်မြတ်အောင်အမှုနဲ့ပတ်သက်လို့ သိရှိသူတဦးက ပြောပါတယ်။

    အလားတူ တခြားသပိတ်အဖွဲ့ဝင်တွေကိုလည်း ထောင်ဒဏ် ၃၇ နှစ်ချမှတ်ထားတာကြောင့် မတရားပြစ်ဒဏ်ချမှတ်တာကို ရှုတ်ချကြောင်း သမဂ္ဂဘက်က ကြေညာထားပါတယ်။

    "ပုသိမ်ကြီး" ဆိုတဲ့ နာမည်နဲ့လည်းလူသိများတဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဝရမ်း ထုတ်ထားသလို ဖမ်းဆီးချိန်မှာလည်း ရိုက်နှက်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သပိတ်အဖွဲ့တွေက ဖမ်းဆီးခံချိန်ကတည်းက ထုတ်ပြောခဲ့ပါတယ်။

    စစ်ကော်မရှင်လက်ထက်ကရော အခုအသွင်ပြောင်းအစိုးရလက်ထက်မှာပါ ကိုထက်မြတ်အောင် အပါအဝင် သပိတ်အဖွဲ့တွေကို ဖမ်းဆီးထားတယ်ဆိုတာနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ တရားဝင်သတင်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကိုအကာအကွယ်ပေးဖို့ပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေအရ ဖမ်းဆီး တရားစွဲခံရသူဦးရေ ၂၀၀ ထက်မနည်းရှိခဲ့ပြီး မြို့နယ်တွေခွဲတရားစွဲခံရကာ အမြင့်ဆုံး ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။

  14. မင်္ဂလာပါ။ ဇူလိုင် ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။