ရက် ၁၀၀ အတွင်း ဦးမင်းအောင်လှိုင် ဘာလုပ်နိုင်ခဲ့လဲ

ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကတော့ အာဏာသိမ်းကာလ ငါးနှစ်နဲ့ ကွာခြားသွားပြီဆိုတဲ့ အပြောင်းအလဲကို မပေးနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကတော့ အာဏာသိမ်းကာလ ငါးနှစ်နဲ့ ကွာခြားသွားပြီဆိုတဲ့ အပြောင်းအလဲကို မပေးနိုင်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ဦးမင်းအောင်လှိုင်အစိုးရရဲ့ ပထမဆုံး ရက် ၁၀၀ ကို နိုင်ငံရေးအကဲခတ်တွေကတော့ အောင်မှတ်မပေးကြပါဘူး။

ဦးသိန်းစိန်အစိုးရ ရက် ၁၀၀ တုန်းကလည်း အပြောင်းအလဲကို အစပိုင်းမှာ မယုံကြည်ကြပေမဲ့ ရလဒ်ထွက်တာတွေ့ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် အစိုးရ ရက် ၁၀၀ တုန်းကလည်း လူထုက မျှော်လင့်ချက်အပြည့်ဖြစ်ခဲ့ကြပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကတော့ အာဏာသိမ်းကာလ ငါးနှစ်နဲ့ ကွာခြားသွားပြီဆိုတဲ့ အပြောင်းအလဲကို မပေးနိုင်ခဲ့ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်တဲ့ သမ္မတအဖြစ် ကတိသစ္စာပြုပွဲမှာပေးခဲ့တဲ့ အဓိကကတိတွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုဘဝမြှင့်တင်ရေးတွေမှာ ထိရောက်မြင်သာတဲ့ အပြောင်းအလဲတွေမလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရက် ၁၀၀ ကို ထိုးနှက်တဲ့ ကုန်စျေးနှုန်း

ကြက်ခြံတွေကိုသွားလေ့လာတဲ့ ဦးမင်းအောင်လှိုင်။ ကြက်တွေ၊ ကြက်ဥကတ်တွေနဲ့ ဝန်ထမ်းတွေကိုပါ မွေးမြူရေးခြံထဲမှာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ကြက်ဥတစ်လုံးကို ငွေကျပ် ၇၀၀ ပေးဝယ်လာရတာက ကုန်စျေးနှုန်းကြီးမြင့်မှုရဲ့ အထင်ရှားဆုံးသာဓက ဖြစ်လာပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ သမ္မတအဖြစ် ကတိသစ္စာပြုပွဲမှာပေးခဲ့တဲ့ ကတိတွေကို မူဝါဒအရ ကြည့်ရရင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးတွေကို ဦးတည်ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။

ကဏ္ဍအရကြည့်ရင်တော့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့ စီးပွားရေးစတဲ့ ကဏ္ဍတွေဖြစ်ပြီး သူက ယုံယုံကြည်ကြည်တက်တက်ကြွကြွနဲ့ ကတိပေးခဲ့တာပါ။

ဒါပေမဲ့ ရက်တစ်ရာပြည့်ကာနီး ဇူလိုင်ပထမပတ်အကုန်မှာလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်တာက အကြီးဆုံးစိန်ခေါ်မှုလို့ ဝန်ခံခဲ့ကြပါတယ်။

ကြက်ဥတစ်လုံးကို ငွေကျပ် ၇၀၀ ပေးဝယ်လာရတာက ကုန်စျေးနှုန်းကြီးမြင့်မှုရဲ့ အထင်ရှားဆုံးသာဓက ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လုပ်နေကျထုံးစံအတိုင်း ကုန်သည်တွေကို ဖမ်းဆီးတာနဲ့ ဈေးနှုန်း ကန့်သတ်မှုတွေဟာ ဆေးမြီးတိုတွေပဲ ဖြစ်လို့ ပြဿနာကို အမြစ်ပြတ်မဖြေရှင်းပေးနိုင်ဘူး လို့ NLD အစိုးရလက်ထက်က ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဦးဆက်အောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

စီးပွားရေးကျပ်တည်းမှုနဲ့ပတ်သက်လာရင် နိုင်ငံခြားငွေထိန်းချုပ်ရေးနဲ့ ပို့ကုန်သွင်းကုန်မူဝါဒတွေက ပြောစရာအဖြစ် မပါမဖြစ်ပါလာပါတယ်။

သဘောတရားရေးဆန်တဲ့ အဲဒီစကားလုံးတွေကပဲ မြန်မာ့စီးပွားရေးအနိမ့်အမြင့်အတက်အကျကို မောင်းနှင်နေတာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်အစိုးရက နိုင်ငံခြားငွေထိန်းချုပ်ဖို့ သွင်းကုန်မူဝါဒကို တင်းကျပ်ထားဆဲဖြစ်ပြီး ပို့ကုန်တွေမြှင့်ဖို့ ဆက်ပြီးတိုက်တွန်းနေပါတယ်။

ဒီအတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) တွေ ကို ချေးငွေထုတ်ပေးတာအပါအဝင် အားပေးနေပေမဲ့ သူ့အစိုးရတွန်းအားပေးနေတဲ့ သွင်းကုန်ကို ပြည်တွင်းထုတ်ကုန်နဲ့ အစားထိုးဖို့ဆိုတာ အဝေးကြီး လိုနေသေးပါတယ်။

ဦးဆက်အောင်ကတော့ ရောင်းလိုအား Supply ကို ကန့်သတ်လိုက်ရင် ဈေးတက်မယ်ဆိုတာ စီးပွားရေးအခြေခံသဘောတရားအရ လူတိုင်းနားလည်နိုင်တယ်လို့ ဆိုပါတယ်။

"Supply ကိုလည်း ကန့်သတ်ထားပြီး ဈေးလည်း မတက်ရဘူးဆိုတာကတော့ သဘာဝဈေးကွက်ယန္တရားကို အာဏာနဲ့ အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားတာပဲ ဖြစ်တယ်" လို့ သူက ဇူလိုင်တတိယပတ်ထဲမှာ ရေးပါတယ်။

ဒီလို အာဏာနဲ့ ထိန်းချုပ်တဲ့အခါ အကျိုးဆက်ကတော့ မှောင်ခိုဈေးကွက်ကို ပိုပြီး ကြီးထွား လာစေတာပါပဲ လို့ သူကဆိုပါတယ်။

ဒေါ်လာလိုအပ်ချက်ကြီးမား

အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဝင်ခဲ့တဲ့ နိုင်ငံခြားငွေက ၂၀၁၆ တစ်နှစ်တည်း ဝင်ခဲ့တဲ့ ပမာဏကိုတောင် မမီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဝင်ခဲ့တဲ့ နိုင်ငံခြားငွေက ၂၀၁၆ တစ်နှစ်တည်း ဝင်ခဲ့တဲ့ ပမာဏကိုတောင် မမီ

မြန်မာဟာ လူသုံးကုန်တွေကစလို့ ဓာတ်မြေသြဇာနဲ့ ကုန်ကြမ်းအထိ ပြည်ပကနေ တင်သွင်းနေတဲ့ နိုင်ငံဖြစ်လို့ နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားပါတယ်။

ဒါတောင် လက်နက်ဝယ်ယူရေးအတွက် ကုန်ကျတဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကို ထည့်မတွက်ရသေးပါဘူး။

နေ့စဥ်လိုအပ်နေတဲ့ စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းတာတင် နှစ်စဥ် အမေရိကန်ဒေါ်လာဘီလျံချီ ကုန်ကျနေတာပါ။

သုတေသနနဲ့ မူဝါဒအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ မကြာသေးခင်က ဖော်ပြချက်တစ်ခုအရ အာဏာသိမ်းကာလ ၂ဝ၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော်ပဲ ဝင်ခဲ့တာ တွေ့ရပါတယ်။

NLD အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပါတယ်။

အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဝင်ခဲ့တဲ့ နိုင်ငံခြားငွေက ၂၀၁၆ တစ်နှစ်တည်း ဝင်ခဲ့တဲ့ ပမာဏကိုတောင် မမီတာတွေ့ရပါတယ်။

ဒေါ်လာအပူတပြင်းလိုအပ်နေတဲ့ ဦးမင်းအောင်လှိုင်အစိုးရဟာ ပြဿနာကိုဖြေရှင်းဖို့အတွက် ကန့်သတ်ထိန်းချုပ်ရေးနဲ့ ချွေတာရေးဆိုတဲ့ မူဝါဒကိုပဲ ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံခြားငွေကို ကန့်သတ်ထိန်းချုပ်၊ သွင်းကုန်ကိုတင်းကျပ်ထားပြီး ပြည်တွင်းကလည်း အစားထိုးမထုတ်နိုင်တဲ့အခါမှာ လူထုကြားမှာ ရှားပါးပြတ်လပ်မှုကို ဖြစ်စေပါတယ်။

ဒါကြောင့် အကဲခတ်တချို့က မြန်မာပြည်က ဆိုရှယ်လစ်ခေတ်ကိုပြန်ရောက်နေပြီလို့ တောင် ဝေဖန်ကြပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို တကယ်ပြန်သွားပြီလား

တပ်မတော်သားလွှတ်တော်အမတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်သားလွှတ်တော်အမတ်တွေ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ခြေချပြီလို့ ကတိသစ္စာမိန့်ခွန်းမှာ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတုန်းကလည်း ဒီလိုကတိအပေါ် သံသယရှိခဲ့ကြပေမဲ့ ပြည်တွင်းပြည်ပက အသိအမှတ်ပြုတဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

သူရဦးရွှေမန်းဦးဆောင်တဲ့လွှတ်တော်ရဲ့ ထိန်းကျောင်းမှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအတိုက်အခံဖြစ်ခဲ့သူတွေကို နိုင်ငံရေးထဲပြန်ပါလာနိုင်အောင် လမ်းဖွင့်ပေးနိုင်မှုတွေက အပြောင်းအလဲကို ပေါ်လွင်စေခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ မှာ မှာတော့ အဲဒီလို နိုင်ငံရေးလမ်းဖွင့်ပေးမှုမျိုးကို မတွေ့ရပါဘူး။

ဦးခင်ရီနဲ့ ဦးအောင်လင်းဒွေးတို့ ဦးဆောင်တဲ့ လွှတ်တော်တွေက သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် ဦးဆောင်တဲ့လွှတ်တော်တွေလိုဖြစ်လာဖို့ မမြင်ရပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီတွေနဲ့အမတ်တွေအပေါ် တင်းကျပ်မှုတွေ ဆက်ရှိနေပါတယ်။ ပါတီတွေရဲ့ ဖွဲ့စည်းပုံစည်းမျဥ်းတွေနဲ့ နိုင်ငံခြားတွေ့ဆုံမှုတွေအထိ ကော်မရှင်က ထိန်းချုပ်ထားပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးလို့ ကြွေးကြော်ထားပေမဲ့ လက်တွေ့မှာတော့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တစ်ပါတီတည်းအားကောင်းတဲ့ ပုံစံကို ပြန်သွားနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်တယ် လို့လည်း ဦးမင်းအောင်လှိုင်ကပြောပါတယ်။

ရက် ၁၀၀ စွမ်းဆောင်ချက်တွေက လူငယ်တွေအများစု အပါအဝင် နိုင်ငံထဲကနေ နည်းအမျိုးအမျိုးနဲ့ထွက်ခွာနေမှုတွေကို မရပ်တန့်နိုင်သေးပါဘူး။

စစ်မှုထမ်းဆင့်ခေါ်မှုတွေနဲ့ ပြည်တွင်းဒေသအတော်များများမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် လူငယ်တွေက တိုင်းပြည်ကနေ ထွက်ခွာနေကြဆဲဖြစ်ပါတယ်။

ရက် ၁၀၀ ငြိမ်းချမ်းရေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် တွေ့ဆုံဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နေပြည်တော်ကို ရောက်လာ

ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကတိမှာ ငြိမ်းချမ်းရေးလည်း ပါဝင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်မှုတွေလည်း လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကလို ယုံကြည်မှုတည်ဆောက်နိုင်တဲ့ အခြေအနေမရှိပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ နေပြည်တော်မှာ လာဆွေးနွေးနေပေမဲ့ အဓိကတိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေကိုတော့ နေပြည်တော်ကိုရောက်အောင်မခေါ်နိုင်သေးပါဘူး။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့တွေသိမ်းနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နေပြည်တော်ကို ရောက်လာတာကတော့ ထူးခြားမှုဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ဝ ပြည် သွေးစည်းညွတ်ရေးတပ်မတော် UWSA နဲ့ ကိုးကန့်တပ် MNDAA တို့လည်း မကြာခင် နေပြည်တော်မှာ လာဆွေးနွေးမယ်လို့ သတင်းတွေထွက်နေပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ဆန်းစစ်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ ဦးစားပေးခေါ်တာတွေ့ရပြီး ၂၀၂၁ အာဏာသိမ်းမှုအပြီးပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတော့ စစ်တိုင်းဌာနချုပ်တွေမှာပဲ လက်နက်စွန့်စေတဲ့ အခင်းကျင်းမျိုးတွေ့ရပါတယ်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပေမဲ့ တစ်ဖက်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရက် ၁၀၀ ကာလအတွင်း မလျော့သွားပါဘူး။

ISP Myanmar ကတော့ မြန်မာစစ်တပ်ဟာ ပဋိပက္ခစီမံခန့်ခွဲရေး၊ အတိုက်အခံအုပ်စုတွေ အကွဲကွဲအပြားပြား ဖြစ်နေစေရေးနဲ့ စစ်အုပ်ချုပ်မှုခိုင်မာစေရေး စတာတွေအတွက် တစ်ဖွဲ့ချင်းနဲ့အပစ်ရပ်ရေးကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ဟာ အားလုံးပါဝင်နိုင်မှုကို ရှေးရှုတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကနေ ပဋိပက္ခအခြေခံအကြောင်းရင်းတွေကို ဖြေရှင်းရမယ့်အစား တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်စီမံနိုင်ဖို့ ရည်မှန်းထားတဲ့ အာဏာရှင်စနစ် ပဋိပက္ခစီမံခန့်ခွဲမှု (authoritarian conflict management) အဖြစ်ပဲ ပြောင်းလဲဖော်ဆောင်လာတယ်လို့ ဆိုထားပါတယ်။

ဦးမင်းအောင်လှိုင် ခရီးသွားနေတယ်

ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်

ဦးမင်းအောင်လှိုင်အတွက် ရက် ၁၀၀ အတွင်း ပျားရည်ဆမ်းကာလလိုဖြစ်နေတာကတော့ အိမ်နီးချင်းနိုင်ငံတွေကို ခရီးထွက်နေတာပါပဲ။

အိန္ဒိယ၊ တရုတ်နဲ့ လာအိုခရီးစဥ်တွေ ဆက်တိုက်ထွက်ခွာခဲ့ပြီး သြဂုတ်လထဲမှာလည်း ထိုင်းကို လာဖို့ရှိပါတယ်။

ဦးမင်းအောင်လှိုင်အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့သလို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုလည်း နေပြည်တော်ကို ရောက်လာပါတယ်။

ရုတ်တရက်ကြည့်ရင် သံတမန်ရေးမှာ အောင်မြင်မှုတွေရနေတယ်လို့ ထင်စရာပါ။

ဒါပေမဲ့ ဒီနိုင်ငံတွေက အာဏာသိမ်းကာလကတည်းက နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ နိုင်ငံတွေဆိုတာ သတိပြုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်လုံး နိုင်ငံရေးရာထူးယူထားသူတွေ တက်ရောက်ခွင့်မရခဲ့တဲ့ အာဆီယံအစည်းအဝေးတွေထဲ ပြန်ဝင်နိုင်မှပဲ နေပြည်တော်က သံတမန်ရေးရာ အောင်မှတ်ရမှာပါ။

အာဆီယံရဲ့ မြန်မာ့ပြဿနာ အဖြေရှာရေးချဥ်းကပ်မှုမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းထားဆဲဖြစ်ပါတယ်။

သံတမန်ရေးရာအောင်မြင်မှုနဲ့ ပြည်တွင်းပဋိပက္ခပြေလည်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကကြီးမားပေမဲ့ ဦးမင်းအောင်လှိုင်အစိုးရက ဒါကို လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

အာဏာသိမ်းကာလပုံရိပ်ကို မပြောင်းနိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ရက် ၁၀၀ အတွင်း စွမ်းဆောင်နိုင်မှုကို အကဲဖြတ်ရရင်တော့ နိုင်ငံတဝန်းလုံးအပေါ် သက်ရောက်မှုရှိတဲ့ ထင်သာမြင်သာရှိတဲ့ ဖြေလျှော့မှုတွေနဲ့ အပြောင်းအလဲတွေတော့မရှိခဲ့ဘူး လို့ပြောရမှာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဖုန်းဆင်းမ်ကတ်နဲ့ ကားမူဝါဒအပြောင်းအလဲတွေကြောင့် တစ်နိုင်ငံလုံးက သိသိသာသာခံစားရတဲ့ ရလဒ်တွေ ရရှိခဲ့ကြပါတယ်။

ဦးမင်းအောင်လှိုင်လက်ထဲမှာလည်း အလားတူအခွင့်အရေးတွေရှိခဲ့ပေမဲ့ အသုံးချနိုင်ခဲ့တာ မတွေ့ရပါဘူး။

သွင်းကုန်ကဏ္ဍမှာ လူသုံးကုန်ပစ္စည်းတွေကိုလွတ်လွတ်လပ်လပ်တင်သွင်းဖို့ ဖြေလျှော့ပေးတာ၊ စားသုံးဆီခွဲတမ်းနဲ့ စက်သုံးဆီ စုံ/မ စနစ်တွေကို အပြောင်းအလဲလုပ်ပေးလို့ ရတဲ့အခြေအနေမျိုးတွေ ရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။

နိုင်ငံရေးအရဆိုရင်လည်း စစ်မှုထမ်းဥပဒေကို ဆိုင်းငံ့တာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့မှာ ဇခင်ဗိုလ်ချုပ်အောင်ဆန်းကို လာဂါရဝပြုခွင့်ပေးတာမျိုးလို တစ်နိုင်ငံလုံးက မြင်တွေ့ခွင့်ရမယ့် အပြောင်းအလဲတွေကို ရက် ၁၀၀ အတွင်းမှာ ကြုံကြိုက်ခဲ့ပေမဲ့ လက်လွှတ်ခဲ့ပြန်ပါတယ်။

အကဲခတ်တွေနဲ့ အဝေးအမြင်ရော သမ္မတအိမ်တော်နဲ့နီးစပ်တဲ့ အနီးအမြင်တွေအရပါ ရက် ၁၀၀ မှာ သိသိသာသာ အပြောင်းအလဲမလုပ်နိုင်တာက ဦးမင်းအောင်လှိုင်ရဲ့ အာဏာအချုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမှုကြောင့်ပဲလို့ သုံးသပ်ကြပါတယ်။

"ဦးသိန်းစိန်အစိုးရတုန်းက ဦးသန်းရွှေကနေ လွှဲပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း ဦးသိန်းစိန်က လွှဲပေးတာ၊ အခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ ဦးမင်းအောင်လှိုင်ကို လွှဲပေးတာဆိုတော့ အာဏာသိမ်းကာလပုံရိပ်ကို မပြောင်းနိုင်ဖြစ်နေတယ်" လို့ နေပြည်တော်က ဘီဘီစီအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒီအားနည်းချက်ကပဲ ဦးမင်းအောင်လှိုင်အတွက် အားသာချက်ပြန်ဖြစ်နိုင်တယ်လို့ သူက ဆက်သုံးသပ်ပါတယ်။

"ဦးသိန်းစိန်တုန်းက တပ်နဲ့ပြေလည်တယ်၊ လွှတ်တော်နဲ့မပြေလည်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကျတော့ အစိုးရနဲ့လွှတ်တော်ပြေလည်တယ်၊ တပ်နဲ့မပြေလည်ဘူး၊ ဒီဆရာကျတော့ အစိုးရ၊ တပ်၊ လွှတ်တော် အားလုံးကိုစုစည်းထားနိုင်တယ်" လို့ သူကပြောပါတယ်။

ဒီလိုပေးထားချက်ရှိခဲ့ပေမဲ့လည်း ရက် ၁၀၀ အတွင်းမှာ အသုံးချနိုင်တာမတွေ့ရဘူးလို့ သူက သုံးသပ်ပါတယ်။

"ဘေးမှာလည်း ပြောရဲတဲ့သူမရှိကြဘူး" လို့ သူက ပြောပါတယ်။