ခန္တီးမှာ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေအပါ လူ ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, ခန္တီးမြို့နယ် ပကဖ
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက မှန်ပင်ရွာမှာ နေထိုင်တဲ့ဒေသခံအယောက် ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က မနေ့ ဇူလိုင် ၂၉ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။
‘‘မနေ့ ည ၉ နာရီလောက်မှာ ဖမ်းသွားတာ။ အမျိုးသမီး ၄ ယောက်ပါ သွားတယ် တစ်ယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမျိုးသမီး ၄ ဦးကလွဲရင် ကျန်တဲ့လူတွေက သက်ငယ်နဲ့ သက်လတ်ပိုင်း အမျိုးသားတွေဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာတော့ ဖမ်းသွားတဲ့အယောက် ၃၀ ကျော်ထဲက ရောဂါရှိတဲ့ အမျိုးသမီး ၁ ဦးနဲ့ ကိုယ်ဝန်ဆောင် တစ်ဦး စုစုပေါင်း ၂ ဦး တို့ကို ဖမ်းတဲ့အဖွဲ့ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မျက်စိပိတ်ပြီး ဖမ်းခေါ်သွားတာမို့လို့ သူတို့လည်း ဘယ်နေရာကို ခေါ်သွားတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတွေ မသိရဘူး။ စစ်မေးတဲ့အချိန် ကိုယ်ဝန်ဆောင်နဲ့ ရောဂါ သည်ဖြစ်နေလို့ လွှတ်ပေးတယ်လို့ပဲ သိရတယ်” လို့ သူက ပြန်လွတ်လာသူ ၂ ဦး ဆီကနေ သိထားရတဲ့အချက်ကို ရှင်းပြပါတယ်။
အဖမ်းခံလိုက်ရတဲ့သူအများစုဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျောလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေလို့ သူက ဆိုပါတယ်။
ဖမ်းဆီးမှုကို Eastern Naga Defence Army (ENDA)က လုပ်ဆောင်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီအဖွဲ့ဟာ သီးခြားရပ်တည်နေတဲ့ဒေသတွင်း နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဖမ်းဆီးတဲ့အဖွဲ့ ဟုတ် မဟုတ်ဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက ENDA အဖွဲ့ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ခန္တီးမြို့နယ်ထဲက ဒေသခံတစ်ဦးကတော့ မြို့နယ်ထဲက ရွာတချို့မှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ ဖမ်းဆီးခံရတာဟာ မကြာခဏဖြစ်လာတယ်လို့ ထုတ်ပြောပါတယ်။
“ဘယ်အဖွဲ့ကဖမ်းမှန်း မသိရဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အများကြီးပဲ” လို့ သူကဆိုပါတယ်။
ခန္တီးမြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ ကချင်လွတ်လပ် ရေးတပ်(KIA)၊ ရှမ်းနီတပ်(SNA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့တော်လှန်ရေးတပ်တွေအပြင် ဒေသတွင်းတပ်တချို့ ဖြန့်ကြက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ကတော့ ခန္တီးမြို့နယ်ထဲက ဒေသခံတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။


