ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အလုပ်သမား ၃,၀၀၀ နီးပါးရှိတဲ့လှိုင်သာယာက တရုတ်အထည်ချုပ်စက်ရုံ ပိတ်သိမ်း

H&M အော်ဒါ အမှာကျလို့ အလုပ်သမား ၃,၀၀၀ နီးပါးရှိတဲ့လှိုင်သာယာက တရုတ်အထည်ချုပ်စက်ရုံပိတ်သိမ်းတဲ့သတင်းအပါအဝင် စက်တင်ဘာ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မန္တလေးမြို့ပေါ် မှာ ကျားဖြန့်လုပ်ငန်းသံသယနဲ့ နေအိမ်တစ်အိမ်ကို စစ်တပ်နဲ့ရဲ ဝင်စီးနင်းပြီး လူ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီး
  • ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိသူတွေ အားလုံးက မြန်မာဘက်က ထွက်ပြေးသူတွေမဟုတ်ဘူးလို့ နေပြည်တော်စာထုတ်
  • ပဲခူးမြစ်ရေကြီးလို့ ပဲခူးမြို့ မြေနိမ့်ပိုင်းက ကျောင်းသားထောင်ချီ တက်နေတဲ့မူလတန်း စာသင်ကျောင်း ၁၄ ကျောင်းပိတ်ထားရပြီး ရေကြီးမှုအခြေအနေကို ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်စောင့်ကြည့်နေ၊ ပဲခူးမှာနှစ်စဉ်ဘာကြောင့်ရေကြီးတာလဲ
  • အလုပ်သမား ၃,၀၀၀ နီးပါးရှိတဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံပိတ်သိမ်းမှု
  • ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာ ယာဉ်တစ်စီး အရှိန်လွန်‌မောင်းပြီး တိမ်းမှောက်လို့ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရ
  • KIA က ရွှေကူနဲ့ ဗန်းမော်ကြား ဧရာ၀တီမြစ်ကြောင်းအတွင်း စစ်တပ်သင်္ဘောတွေကိုတိုက်ခိုက်မှု စစ်သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိတယ်လို့ပြော
  • ဗန်းမော်တိုက်ပွဲအပြင် မြောက်ပိုင်းစစ်မျက်နှာကို ထောက်ပံ့မယ့် ရွှေကူမြို့ကနေတက်လာတဲ့ စစ်တပ်သင်္ဘောတချို့ ဗန်းမော်ဆိပ်ကမ်းရောက်ရှိလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာ ၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တောင်ကိုရီးယားရဲ့ သမ္မတရုံးကို ဆယ်ဂျုံးမြို့ကို ပြောင်းမယ်

    တောင်ကိုရီးယားရဲ့ သမ္မတရုံးကို ဆယ်ဂျုံးမြို့မှာ ပြောင်းပြီး အသစ် ဆောက်မယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာပါတယ်။

    အစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာတွေကို လက်ရှိ မြို့တော် ဆိုးလ် ကနေ အဝေးကို ဖယ်ခွာ ထုတ်နေတာရဲ့ အစိတ်အပိုင်း အနေနဲ့ အခုလို သမ္မတရုံးကိုပါ နေရာ ရွှေ့တာ ဖြစ်ပါတယ်။

    သမ္မတရုံးသစ်ဟာ ၂၀၂၉ ခုနှစ် အမီ ပြီးစီးမယ်လို့ နားလည်ရပြီး၊ နောက်ထပ် ဝန်ကြီးဌာန ၂ ခု ထက်မနည်းလည်း ဆေးဂျောင် မှာပဲ ပြောင်းရွှေ့ အခြေစိုက်သွားမှာ ဖြစ်ပါတယ်။

    အဲဒီ ဆယ်ဂျုံးမြို့ မှာ အစိုးရရုံးတွေကို ၂၀၁၂ ကနေ စပြီး၊ ဖြည်းဖြည်းချင်း နေရာ ရွှေ့နေတာ ဖြစ်ပါတယ်။

    ဆိုးလ်မြို့တော်နဲ့ ဝေးရာမှာလည်း တပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆိုတဲ့ အခြေခံ ရည်ရွယ်ချက်နဲ့ အခုလို ရေရှည် စီမံကိန်းနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ရှိသမျှ လူဦးရေရဲ့ ထက်ဝက် ဝန်းကျင်ဟာ ဆိုးလ်နဲ့ ဆိုးလ်တဝိုက်မှာပဲ နေထိုင်နေကြပါတယ်။

    ဆယ်ဂျုံးဟာ ဆိုးလ်ရဲ့ တောင်ဘက် ကီလိုမီတာ ၁၀၀၊ မိုင်အားနဲ့ဆို ၆၂ မိုင် စွန်းစွန်း ကွာဝေးပါတယ်။ အခုလို တောင်ကိုရီးယားရဲ့ အစိုးရ အခြေစိုက် မြို့တော် အသစ် အဖြစ် ဖြည်းဖြည်းချင်း ရွှေ့နေကြတဲ့ လုပ်ငန်းစဥ်ကို ၂၀၃၃ မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး၊ အဲဒီ အချိန်ကြရင်၊ ပါလီမန်အဆောက်အအုံ အသစ်လည်း အဲဒီမှာ ရှိနေမှာ ဖြစ်ပါတယ်။

  3. စျေးချိုချိုနဲ့ ပေါပေါများများထုတ်တဲ့ အဝတ်အထည်လုပ်ငန်းတွေကို ပြင်သစ်က အခွန်ကြီးကြီးကောက်မယ်

    ပြင်သစ်နိုင်ငံမှာတော့ ခေတ်စားနေတဲ့အဝတ်အစား ဒီဇိုင်းတွေအတိုင်း နောက်ကနေ အများအပြားအစုလိုက်အပုံလိုက်လိုက်ထုတ်ပြီး၊ စျေးချိုချိုနဲ့ ရောင်းချနေတဲ့ အဝတ်အထည်လုပ်ငန်းတွေအပေါ် ပြင်သစ်က အခွန်အတုပ်ကြီးကြီးမားမား ကောက်ခံမယ့် ဥပဒေ အပေါ် တရုတ်နိုင်ငံ က ဝေဖန်လိုက်ပါတယ်။

    ပြင်သစ်ရဲ့ အခွန်ဥပဒေအသစ်ရ "fast fashion" လို့ ရည်ညွှန်းခေါ်ကြတဲ့ စျေးချိုချိုနဲ့ အဝတ်အစား အစုလိုက် အပုံလိုက် ထုတ်ထားတာမျိုးတွေ အပေါ်၊ ဥပမာ ကုတ်အင်္ကျီ အနွေးထည်လိုမျိုးဆိုရင် တစ်ထည်ကို ၁၄ ဒေါ်လာထိအောင် အခွန် ပေးလာရဖို့ ရှိနေပါတယ်။

    စျေးပေါပေါနဲ့ ဝယ်၊ အလွယ်တကူ စွန့်ပစ် ဆိုတဲ့ အမူအကျင့်တွေဟာ ပတ်ဝန်ကျင်ကို ပျက်စီးနိုင်တဲ့ အတွက်၊ အဲဒီ အပေါ် ထိန်းချုပ်ဖို့ လိုတယ်လို့ ပြင်သစ်က ယူဆ ထားပါတယ်။ ပြင်သစ်ရဲ့ လုပ်ရပ်ဟာ Shein ရှီအင်းနဲ့ Temu တီမူး(တယ်မူး) တို့လို တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ထိခိုက်မှာ ဖြစ်ပါတယ်။

    တရုတ်စီးပွားရေး ဝန်ကြီးဌာနကတော့ တရုတ် အပေါ် ပစ်မှတ်ထားတဲ့ ခွဲခြားဆက်ဆံရေးစီးပွားရေးမူဖြစ်တယ်ဆိုပြီး ပြင်သစ်အပေါ် ဝေဖန်ပါတယ်။ အဲဒီ အခွန် ဥပဒေကို မရုပ်သိမ်းဖူး ဆိုရင်၊ တန်ပြန် အရေးယူမှုတွေ ချမှတ်ရလိမ့်မယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။

  4. အင်ဒိုနီးရှားတောမီးကလာတဲ့ အဆိပ်သင့်မြူခိုးတွေ ဒေသတလွှားပျံ့နှံ့နေ

    အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရဲ့ အလယ်ပိုင်း ကာလီမန်တန်ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကနေ ထွက်လာတဲ့ အဆိပ်သင့်မြူခိုးတွေဟာ အရှေ့တောင်အာရှ ဒေသတွင်း တခွင်ပျံ့နှံ့ ရောက်ရှိနေပါတယ်။

    မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအဝင်ဒေသတွင်းအိမ်နီးချင်း နိုင်ငံတွေက သန်းပေါင်းများစွာသော လူတွေအတွက် ရှူရှိုက်ကြရတဲ့ လေထု အရည်အသွေး ကျဆင်း နေရတဲ့ ပြဿနာ အပေါ် ပိုပြီး ဆိုးရွား လာစေတယ်လို့ ရာသီဥတုပညာရှင်တွေကပြောထားပါတယ်။

    အင်ဒိုနီးရှားမှာ တောမီးကြောင့် ကျောင်းတွေ ပိတ်ထားရပြီး၊ လူ ထောင်ပေါင်းများစွာဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆေးရုံတင်ထားရပါတယ်။

    အခုဆိုရင် တောမီးလောင်နေတာ သီတင်းပတ်တချို့ရှိနေပြီ ဖြစ်ပါတယ်။ ဂျာကာတာ အခြေစိုက် ဘီဘီစီ သတင်းထောက် လီဇာ တမ်ဘူနန် ပြောတာက “ကျွန်းပေါ်က ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်နေရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အသက်ရှူလမ်းကြောင်း ပြဿနာ ခံစားနေရသူ အရေအတွက် အတော်လေး တိုးလာနေပါတယ်။ဇူလိုင်နဲ့ ဩဂုတ်လ နှစ်လ အတွင်း လူနာ ၅ သောင်း ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တစ်သောင်းနှစ်ထောင်ကျော်ဟာ အသက် ၅ နှစ်အောက် ကလေးသူငယ်တွေ ဖြစ်ကြပါတယ်” လို့ ဆိုပါတယ်။

    အရေးပေါ် တုံ့ပြန်ရေး အဖွဲ့တွေဟာ မိုးတိမ်တိုက် အတုဖန်တီးပြီး မိုးရွာချစေတာမျိုး နည်းလမ်းတွေ အသုံးပြုလို့ မီးညွန့်ကျိူးအောင် ကြိုးစားနေကြပါတယ်။

    အင်ဒိုနီးရှားမှာ မိုးခေါင်နေတဲ့ ကာလတွေအတွင်းမိုးရွာချဖို့ အတွက် ဂျာကာတာမြို့ပေါ်မှာလူတွေ ရာပေါင်းများစွာစုဝေးလို့ ဝတ်ပြုဆုတောင်းတာတွေပြုလုပ်နေကြပါတယ်။

  5. ကချင်စစ်မျက်နှာအတွက် ထောက်ပို့မယ့် စစ်တပ်သင်္ဘောတချို့ ဗန်းမော်ဆိပ်ကမ်းရောက်ရှိလာ

    ကချင်ပြည်နယ်ထဲက ဗန်းမော်တိုက်ပွဲအပြင် မြောက်ပိုင်းစစ်မျက်နှာအတွက် ထောက်ပို့မယ့် စစ်တပ် သင်္ဘော ၆ စင်း ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ကပ်ရောက်ရှိလာတယ်လို့ မြေပြင်မှာရှိတဲ့ စစ်‌ရေးသတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

    “တိုက်ခိုက်ရေးသင်္ဘော ၂ စင်း၊ တွဲသင်္ဘော ၄ စင်းဆိုက်လာတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဒီသင်္ဘောတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရွှေကူနဲ့ ဗန်းမော်ကြားက ဧရာဝတီမြစ်ကြောင်းထဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ပူးပေါင်းတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်တပ်သင်္ဘောတွေနဲ့အတူ တစ်အုပ်စုတည်း ‌ရွှေကူကနေ ဆန်တက်လာတဲ့ သင်္ဘောတွေလို့ သူက ဆက်ပြောပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့‌ ရွှေကူဆိပ်ကမ်းကနေ တက်လာတဲ့ စစ်တပ်သင်္ဘောတွေဟာ ဗန်းမော်စစ်မျက်နှာအတွက် ဦးတည်ပြီးလာတာဖြစ်တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။ ဗန်းမော်ကို ‌ရောက်ရှိလာတဲ့ စစ်တပ်သင်္ဘောတွေပေါ်ကနေ လက်နက်ခဲယမ်း၊ စစ်အင်အားနဲ့ စားနပ်ရိက္ခာတွေ အများအပြားတင်ဆောင်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာလည်း စစ်တပ်ရဲ့ သင်္ဘောတွေ ဒီနေ့မှာပဲ ဗန်းမော်ဆိပ်ကမ်းကို‌ရောက်လာပြီလို့ ဓာတ်ပုံတွေနဲ့အတူ သတင်းဖော်ပြထားကြပါတယ်။

    ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်က ဗန်းမော်ဘက်ကို လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ဖြည့်တင်းနိုင်ပြီဆိုရင် ဗန်းမော်မှာ တိုက်ပွဲတွေထပ်ပြီး ပြန်ပြင်းထန်လာနိုင်တယ်လို့ ဘီဘီစီကို ဒီကနေ့မှာ ဖြေကြားပါတယ်။

    “မြို့တွင်းတိုက်ပွဲ ပြန်ပြင်းထန်လာနိုင်တယ်။ သင်္ဘောဘယ်နှစ်စင်းရောက်လဲ၊ ရောက်လာတဲ့ သင်္ဘောတွေမှာ ခဲယမ်းအင်အားဘယ်လောက်ပါလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး” လို့ သူက ထပ်ပြီးပြောပါတယ်။

    မြန်မာစစ်တပ်ကတော့ ဗန်းမော်ဘက်ကို စစ်တပ်သင်္ဘောတွေ ဆိုက်ကပ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  6. နေပြည်တော်လုံးပမ်းနေတဲ့မြန်မာအာကာသအေဂျင်စီမှာ စစ်အရာရှိ ဒါဇင်ကျော်ခန့်

    အာကာသထဲ ဂြိုဟ်တုလွှတ်တင်ဖို့ ရုရှားနဲ့ပူးပေါင်းလုပ်နေတဲ့ နေပြည်တော်ဟာ သူတို့ရဲ့မြန်မာအာကာသအေဂျင်စီ(Myanmar Space Agency)မှာ လစ်လပ်နေတဲ့ရာထူးတွေနဲ့ ဌာနတွေမှာ စစ်တပ်အရာရှိ ဒါဇင်ကျော်ကို ခန့်အပ်ထားကြောင်း မြန်မာနိုင်ငံပြန်တမ်းပါ ကြေညာချက်အရ တွေ့ရပါတယ်။

    မြန်မာအာကာသအေဂျင်စီမှာ တာဝန်ထမ်းဆောင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အရာရှိ ၁၉ ဦးကို ၂၀၂၆ ဇွန်လ ၁ ရက်မှာ ခန့်အပ်လိုက်ကြောင်း ပြန်တမ်းမှာ ထုတ်ပြန်ထားပါတယ်။

    အာကာသသိပ္ပံနဲ့ နည်းပညာဗျူရိုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းလှိုင်နဲ့ အုပ်ချုပ်ရေး၊ စီမံရေးနဲ့ မဟာဗျူဟာရေးဆွဲရေးဗျူရိုဌာနအတွက် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဒုတိယဗိုလ်မှူးကြီး ဘဝင်အေးတို့ကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နောက်ထပ်ဒုတိယဗိုလ်မှူးကြီး လေးဦးကို အေဂျင်စီရဲ့ဌာနအသီးသီးမှာ ညွှန်ကြားရေးမှူး(ဌာနမှူး)ရာထူးတွေအတွက် ခန့်အပ်သလို ဗိုလ်မှူး ကိုးဦးကို ဒုတိယညွှန်ကြားရေးမှူး(ဌာနခွဲမှူး)နဲ့ ဗိုလ်ကြီး လေးဦးကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတွေအတွက် ခန့်အပ်ထားတာ တွေ့ရပါတယ်။

    မြန်မာအာကာသအေဂျင်စီကို စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့ပါတယ်။

    အဲဒီနောက် ၂၀၂၆ ခုနှစ် ဇူလိုင်လမှာတော့ မြန်မာအာကာသအေဂျင်စီ (MSA) က ဆောင်ရွက်ပြီးစီးခဲ့တဲ့ နည်းပညာလုပ်ငန်းတွေ လွှဲပြောင်းအပ်နှံတာကို နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သူ့အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နိုင်ခဲ့တဲ့လုပ်ငန်းတစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

    မြန်မာအာကာသအေဂျင်စီ (MSA)‌ ‌အောက်ကနေ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း(Ground Station )ကို ဖွင့်လှစ်တယ်လို့ဆိုပါတယ်။

    မကြာသေးခင်က ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာလည်း ဦးမင်းအောင်လှိုင်ဟာ မြန်မာအာကာသယာဉ်မှူးတွေကို သင်တန်းပေးရေး၊ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဂြိုဟ်တုလွှတ်တင်ရေးကိစ္စတွေကို ရုရှားဘက်နဲ့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ဘက်က ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း အာကာသဆိုင်ရာမြန်မာပညာရှင်တချို့ကတော့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ အာကာသစွမ်းရည်နဲ့ ယှဉ်ရင် နေပြည်တော်က ခြေလှမ်းနေတဲ့ MAH-1 Ground Station တစ်ခုက ထူးခြားအောင်မြင်တဲ့အဆင့်ရောက်သွားတယ်လို့ မပြောနိုင်ဘူးလို့ ‌သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

  7. ရွှေကူကိုဖြတ်တဲ့ စစ်တပ်သင်္ဘောတွေကိုတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိ- ဗိုလ်မှူးကြီးနော်ဘူ

    ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်တွေအပါ စစ်သုံ့ပန်းဦးရေ ၁၀၀ ကျော် ဖမ်းမိတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာ အတည်ပြုပြောပါတယ်။

    “အခုက စစ်ဆေးနေတုန်းပဲ၊ အ‌ရေအတွက် အတိအကျ မသိရသေးပေမယ့် ၁၀၀ တော့ ကျော်ပါတယ်” လို့ သူက ဆိုပါတယ်။

    လက်ရှိမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို KIA ရဲ့ စစ်ရုံးချုပ်ကနေ တိုက်ရိုက်ကွပ်ကဲနေပြီး လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သူက ထပ်ပြောပါတယ်။

    စစ်သုံ့ပန်းတွေထဲ “အရပ်သားတွေ ပါဝင်မှုရှိမရှိနဲ့ စစ်တပ် တပ်ဖွဲ့ဝင်လား တပ်ဖွဲ့ဝင်မိသားစုလား ဒါတွေအကုန်စစ်ဆေးဖို့လုပ်နေပါတယ်”လို့ သူက ဖြည့်ပြောပါတယ်။

    စစ်ဆေးမှုတွေပြီးတဲ့နောက်မှာလည်း စစ်သုံ့ပန်းတွေကို အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းဥပဒေအရ သက်ဆိုင်ရာတပ်မဟာဘက်က ဆက်ပြီးကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားပါတယ်။

    ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တချို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA နဲ့ပူးပေါင်းတပ်တွေက စစ်တပ် သင်္ဘော ၅ စင်းကို တိုက်ခိုက်ခဲ့ပြီး ၁ စင်းကိုတော့ KIA က သိမ်းနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

    ရွှေကူနယ်ထဲက မနေ့ စက်တင်ဘာ ၂ ရက်ကဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ သင်္ဘောတွေပစ်ခတ်ခံရမှုမှာ တစ်စင်းကိုတော့ နှစ်မြုပ်နိုင်ခဲ့ပြီး တစ်စင်းကတော့ ရေပြင်ထဲမှာ မီးလောင်ကျွမ်းနေတာတွေ့ရတယ်လို့ KPDF သတင်းရင်းမြစ်က ပြောပါတယ်။

    ဒေသတွင်း မီဒီယာတချို့ကတင်ထားတဲ့ ရုပ်သံဖိုင်တချို့ မှာလည်း စစ်တပ်သ‌င်္ဘောနစ်မြုပ်ပြီး စစ်တပ်တပ်ဖွဲ့ဝင်တချို့ဟာ ကမ်းဘက်ကို ကပ်ဖို့ ရေကူးခတ်နေတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

    ဒီနေ့ စက်တင်ဘာ ၃ ရက်မှာတော့ ရွှေကူမြို့၊ စင်းခန်းတံတားအနီးက ဇင်းဘုံရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇင်းဘုံရွာဟာ ‌ရွှေကူမြို့အထက်ဘက်မှာရှိပြီး မြို့နဲ့ မိုင် ၂၀ ဝန်းကျင်သာ ကွာဝေးပါတယ်။

    ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်က တိုက်ပွဲဖြစ်နေတဲ့ ဇင်းဘုံရွာအပါအဝင် မြစ်ကမ်းနှစ်ဘက်က ရွာတွေအနီးတဝိုက်ကို မနေ့ကနေ ဒီနေ့ စက်တင်ဘာ ၃ ရက်အထိ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    စစ်တပ်ကတော့ ရွှေကူမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၃ ရက် ညနေအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

    စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ KIA ပူးပေါင်းတပ်တွေဖမ်းမိတယ်ဆိုသူတွေဟာ စစ်တပ် တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ရွှေမျောလုပ်ငန်းတွေက အရပ်သားတွေဆိုပြီး ပြောဆိုနေကြပါတယ်။

  8. အမြန်လမ်းပေါ် အရှိန်လွန်မောင်းတဲ့ခရီးသည်ယာဥ် တိမ်းမှောက်မှု လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရ -

    ရန်ကုန်- မန္တလေးအမြန်လမ်း (မန္တလေး မှ နေပြည်‌တော်အသွားလမ်းပိုင်း) မှာ သတ်မှတ်မြန်နှုန်းကို‌ကျော်ပြီး အရှိန်လွန်မောင်းတဲ့ ခရီးသည်တင် အ၀ေးပြေးကားမှောက်လို့ ၁ ဦး သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပါတယ်။

    ထုတ်ပြန်ချက်ထဲမှာ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက မိဘဂုဏ်ယာဉ်လိုင်းက ခရီးသည်တင်ယာဥ်ဟာ သတ်မှတ်ကီလိုထက်ကျော်လွန်​မောင်းနှင်နေတာကြောင့် အမြန်လမ်းတယ်လီမက်တစ်ထိန်းချုပ်စင်တာက ဖုန်းဆက်သတိ‌ပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ တစ်နာရီကို ၁၀၂ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ခဲ့တာကြောင့် တိမ်း‌မှောက်ခဲ့တယ်လို့‌ ဆိုပါတယ်။

    တယ်လီမက်တစ်ထိန်းချုပ်စင်တာ (Telematics Control Centre)က ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ GPS၊ အမြန်နှုန်းတိုင်းတာစနစ်နဲ့ အခြားယာဉ်စောင့်ကြည့်ရေးစနစ်တွေက ပေးပို့တဲ့ အချက်အလက်တွေကို အဝေးကနေ စောင့်ကြည့်ထိန်းချုပ်တဲ့ ဗဟိုစင်တာဖြစ်ပါတယ်။

    အဲဒီယာဉ်ဟာ အမြန်လမ်းမှာသတ်မှတ်အမြန်နှုန်းထက် ကျော်မောင်းနေတာကြောင့် ထိန်းချုပ်ရေးစင်တာက သတိပေးအပြီး ၃ မိုင်ခန့်အကွာအမြန်လမ်းမိုင်တိုင် မိုင်တိုင် ၁၃ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြား လမ်းကွေ့မှာ တိမ်းမှောက်ခဲ့တာလို့ သိရှိရပါတယ်။

    ကားတိမ်းမှောက်ချိန် ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ အိမ်စီးကား ယာဉ်မောင်း ဦးခိုင်ဇော်၀င်းကတော့ ‘’ကားက ဘယ်ဘက် အခြမ်း အပေါ်ကြောက မောင်းသွားတာ။ လမ်းအကွေ့မှာဖြစ်သွားတာ။ ရှေ့မှာ ကားမှောက်တော့ နောက်က ကားတွေက ရပ်လိုက်လို့ ကားတွေ ထိခိုက်တာမျိုးတော့ မဟုတ်ဘူး။ မိုးရွာနေတာရယ်၊ လမ်းအကွေ့ဖြစ်တာရယ်ကြောင့် ဖြစ်ခဲ့တာလို့ ထင်တယ်’’လို့ ပြောပြပါတယ်။

    တိမ်းမှောက်ခဲ့တဲ့ကားဟာ လမ်းလယ်ခေါင်မှာ ကန့်လန့်တိမ်းမှောက်ခဲ့တာကြောင့် နာရီနဲ့ချီကြာ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပြီး ကားတွေဟာ တစ်ဖက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းခဲ့ရတယ်လို့ သိရပါတယ်။

    အမြန်လမ်းယာဉ်ကြောထိန်းချုပ်ရေးစင်တာကတော့ ယာဉ်မောင်းတွေအနေနဲ့ ကားမောင်းနေချိန်မှာ ဖုန်းမသုံးဖို့၊ အရှိန်မြှင့်မမောင်းဖို့ ရာသီဥတုအခြေအနေကိုကြည့်ပြီး မောင်းနှင်ဖို့ တိုက်တွန်းထားပါတယ်။

  9. နိုင်ငံခြားငွေလိုနေတဲ့ နေပြည်တော်က ပြည်ပလုပ်သားတွေရဲ့ငွေလွှဲကို ဖိအားပေးလာ

    ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မြန်မာက မိသားစုတွေဆီ တရားဝင်ငွေလမ်းကြောင်းကနေ ငွေလွှဲပို့ဖို့ နေပြည်တော်က ပိုတင်းကျပ်လာနေပါတယ်။ ဒီအတွက် အလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပရောက်လုပ်သားတွေကို ဖိအားပေးနေတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ပြောပါတယ်။

    ပြည်ပရောက်လုပ်သားတွေ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလမ်းကြောင်းကနေလွှဲဖို့နဲ့ လွှဲတာ ပျက်ကွက်ရင် အရေးယူတာတွေ လုပ်မယ်လို့ စစ်ကောင်စီလက်ထက် ၂၀၂၄ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာနကနေ အမိန့်ထုတ်ခဲ့ပါတယ်။

    ၂၀၂၆ နှစ်ဝက်အထိ ၂ နှစ်အတွင်း နေပြည်တော်က တင်းကျပ်မှုတွေကို တစ်ရစ်ချင်း ပိုတိုးပြီး လုပ်လာနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းက ပြောဆိုလာကြပါတယ်။

    အဓိက နိုင်ငံခြားငွေရလမ်းကြောင်း တစ်ခုဖြစ်တဲ့ ပြည်ပလုပ်သားတွေရဲ့လုပ်ခလစာ ပြည်တွင်းထဲပြန်စီးဝင်ဖို့ အေဂျင်စီနဲ့ လုပ်သားတွေကို နေပြည်တော်က ဘယ်လိုထိန်းချုပ်တင်းကျပ်နေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား

    လိင်တူချစ်သူတွေရဲ့ အချစ်ဇာတ်လမ်းတွေကို စာအုပ်တွေအဖြစ် ဖန်တီးဖော်ပြခွင့်ကို နေပြည်တော်အစိုးရအာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်လာပါတယ်။

    လိင်တူအချစ်ဇာတ်လမ်းတွေ ပါဝင်တဲ့ စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ၊ထုတ်ဝေခွင့် မှတ်ပုံတင်မရှိတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲဒီစာအုပ်တွေကို ရောင်းချနေတဲ့ Facebook စာမျက်နှာ ကိုးခုကို တရားမဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

    ဒါဟာ စာအုပ်တွေ၊ ထုတ်ဝေသူတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာထက် လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့ လိင်စိတ်တိမ်းညွတ်မှုကို ထိန်းချုပ်လာတာဆိုတဲ့ ဝေဖန်ချက်တွေရှိလာပါတယ်။

    LGBTQ+ လူငယ်အသိုင်းအဝိုင်းကတော့ စာအုပ်တွေကို ဖျောက်ဖျက်တာ၊ ဖြန့်ချိခွင့်ကန့်သတ်လိုက်ရုံနဲ့ လူတွေရဲ့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  11. အလုပ်သမား ၃,၀၀၀ နီးပါးရှိတဲ့ လှိုင်သာယာက တရုတ်အထည်ချုပ်စက်ရုံ အထည်အော်ဒါအမှာကျဆင်းလာလို့ ပိတ်သိမ်းတော့မယ်

    အထည်အော်ဒါတွေနဲ့ အမှာစာတွေ လျော့နည်းကျဆင်းလာတာကြောင့် ၁၃ နှစ်ကျော် အထည်ချုပ်လုပ်ငန်းသက်တမ်းရှိတဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်က တရုတ်နိုင်ငံသားပိုင် Teng Hui အထည်ချုပ်စက်ရုံ လုံးဝပိတ်သိမ်းတော့မယ်လို့ အလုပ်သမား သတင်းရင်းမြစ်တချို့ က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

    Teng Hui အထည်ချုပ်စက်ရုံဟာ ကမ္ဘာကျော်ဆွီဒင်အဝတ်အထည်ကုမ္ပဏီ H&M အမှတ်တံဆိပ်တွေကို အများဆုံးချုပ်လေ့ရှိတဲ့ အထည်ချုပ်စက်ရုံဖြစ်ပါတယ်။

    အခုနောက်ပိုင်းမှာ H&M ဘက်က အထည်အော်ဒါတွေ ကျဆင်းလာတာကြောင့် လုပ်ငန်းရပ်နားရဖို့အထိဖြစ်လာတာလို့ စက်ရုံ တာဝန်ရှိသူတစ်ဦးက အလုပ်သမားတွေကို ရှင်းပြနေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း TikTok မှာပျံ့နှံ့နေသလို စက်ရုံက အလုပ်သမားတချို့ကလည်း သူတို့ရဲ့ TikTok စာမျက်နှာတွေမှာ အဲဒီဖိုင်ကို မျှဝေထားကြပါတယ်။

    '' စက်ရုံဘက်ကတော့ ဝန်ထမ်းတွေကိုလအလိုက် နှစ်အလိုက် နစ်နာကြေးပေးမယ်ပြောပါတယ်။ နောက်ပြီး စက်တင်ဘာလထဲမှာ အလုပ်သစ်ထပ်ရှာကြဖို့လည်း ပြောပါတယ်'' လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

    Teng Hui သိုးမွေးအထည်ချုပ်စက်ရုံရဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာမှာလည်း စက်ရုံပိတ်သိမ်းမယ်ဆိုတာမှန်ကန်ကြောင်း ဘီဘီစီကို အတည်ပြုပြောပါတယ်။

    လက်ရှိ အဲဒီစက်ရုံမှာ အလုပ်သမားပေါင်း ၃,၀၀၀ ဝန်းကျင်ရှိပြီး ရုံကြီး ၅ တွဲလုံးပိတ်မှာဖြစ်တဲ့အကြောင်း စက်ရုံပိုင်ရှင်ဘက်ကနေ အလုပ်သမားဝန်ကြီးဌာန အာဏာပိုင်တွေဘက်ကို တင်ပြထားတယ်လို့ သိထားရကြောင်းလည်း သတင်းရင်းမြစ်ကပြောပါတယ်။

    “စက်ရုံဝန်ထမ်းတွေကို မနေ့ (စက်တင်ဘာ ၂ ရက်)က ကြေညာလိုက်တာ၊ လကုန်ရင် အပြီးပိတ်မယ်လို့ပြောတယ်” လို့ သူက ဆက်ပြောပါတယ်။

    အထည်ချုပ်အသိုင်းအဝိုင်းကတော့ နေပြည်တော်အစိုးရ က သွင်းကုန်လိုင်စင်တွေကို တင်းကျပ်ထားတာကြောင့် ပြည်ပကနေ အထည်ချုပ်လုပ်ငန်းတွေအတွက်လိုအပ်တဲ့ ကုန်ကြမ်းဝယ်ရခက်လာတာ၊ လျှပ်စစ်မီးမမှန်တာနဲ့ ပို့ကုန်လမ်းကြောင်းမှာလည်း ကြန့်ကြာမှုတွေရှိလို့ အထည်တွေ အချိန်မီ မအပ်နိုင်ဖြစ်လာပြီး စက်ရုံပိတ်ရတဲ့အထိဖြစ်လာတယ်လို့ ပြောဆိုနေကြပါတယ်။

    Teng Hui အထည်ချုပ်စက်ရုံဟာ မြန်မာမှာ အရပ်သားအစိုးရကိုပြောင်းလဲခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တရှိန်ထိုးဝင်ရောက်ခဲ့တဲ့ကာလဖြစ်တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဖွင့်လှစ်လည်ပတ်ခဲ့တဲ့ လုပ်သားအများအပြားခန့်ထားနိုင်တဲ့ အထည်ချုပ်စက်ရုံကြီးတစ်ခုဖြစ်ပါတယ်။

    ဝန်ထမ်းတွေကို လျော်ကြေးပေးမယ့်ကိစ္စနဲ့ အလုပ်သမား အရေအတွက်နဲ့ ပတ်သက်ပြီး ဘီဘီစီက အထည်ချုပ်စက်ရုံရဲ့ တာဝန်ရှိသူတစ်ဦးကို စာပို့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခွင့်မရှိပါဘူးလို့သာ တုံ့ပြန်ထားပါတယ်။

  12. ပဲခူးမှာ နှစ်တိုင်းရေကြီးနေတာ ဘာကြောင့်လဲ

    ပဲခူးမှာ ရေကြီးတာ နှစ်တိုင်းဖြစ်တယ်လို့ လွန်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီလက်ထက် သတင်းစာဆောင်းပါးတစ်ခုမှာ စာရေးဆရာ မှူးသမိန်က ရေးသားခဲ့ဖူးပါတယ်။

    ပဲခူးမြို့ကို ပဲခူးမြစ်က ဖြတ်ပြီးစီးဆင်းနေပြီး ပဲခူးရေကြီးတကြောင့် မြစ်အ‌ရှေ့ခြမ်း၊ အနောက်ခြမ်းတွေ မှာရှိတဲ့ ပဲခူးမြို့ပေါ်ရပ်ကွက်တွေကို ရေလွှမ်းတာခံရတာ ဖြစ်ပါတယ်။

    ပဲခူးမြစ်ဟာ ပဲခူးရိုးမကို မြစ်ဖျားခံစီးလာတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ပဲခူးမြို့ကို ဖြတ်သန်းပြီး ရန်ကုန်မြစ်နဲ့ သန်လျင်မြို့အနီးမှာဆုံတွေ့ပြီး ပင်လယ်ထဲကို စီးဝင်တာ ဖြစ်ပါတယ်။

    ၂၀၂၃ က ‌ဖော်ပြခဲ့တဲ့ ‌ဒီဆောင်းပါးလင်ခ့် မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  13. ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်နေ၊ ပဲခူးက ရပ်ကွက်နဲ့ ကျေးရွာအချို့ ရေကြီးလာ

    နှစ်တိုင်းနီးပါး ရေကြီးမှုကြုံလာရတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်‌ရေ စိုးရိမ်ရေမှတ်ထက်မြင့်တက်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ ပဲခူးမြို့ က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေဆက်ကြီးနေတယ်လို့ ပဲခူးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့နဲ့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

    “မြို့ပေါ်က ရပ်ကွက် ၉ နဲ့ ၇ ၊ မုန်တိုင်း၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း...နောက်ပြီး မြစ်ကမ်းဘေးကရွာတွေ ရေကြီးနေပြီ ” လို့ပဲခူးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

    လက်ရှိမှာ မြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်တာနဲ့ ပုံမှန်ရေကြီးနေကျ ရွာတချို့မှာတော့ နေအိမ်တွေ ‌ရေမြုပ်လာသလို တချို့ရပ်ကွက်တွေမှာလည်း ရင်ဘတ်လောက်အထိ ရေကြီးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပဲခူးဒေသထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပဲခူးရိုးမကနေ စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် စက်တင်ဘာ ၂ ရက် မနေ့ မနက်အစောပိုင်းကစပြီး ရပ်ကွက်တွေနဲ့ ရွာတွေထဲ ရေစဝင်ခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းအထိ ရေဆက်ပြီး တက်လာတာလို့ သူကဆက်ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တချို့ကလည်း ရေတက်လာတဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ရပ်ကွက်နဲ့ကျေးရွာအလိုက် ကယ်ဆယ်ရေးလှေတွေကို အဆင်သင့်ပြင်ဆင်ထားရှိထားတယ်လို့ သူက ဆိုပါတယ်။

    ဒါအပြင် ပဲခူးမြို့ထဲ မြစ်ရေတိုးလို့ ရေကြီးမှုစတင်လာပြီဖြစ်လို့ မနေ့ စက်တင်ဘာ ၂ ရက်ကစပြီး စာသင်ကျောင်း ၁၄ ကျောင်းကို ယာယီပိတ်ထားတယ်လို့ အာဏာပိုင်တွေက နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဒီနေ့ မနက်ပိုင်းမှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၁ ပေ ၅ လက်မခန့် ကျော်မြင့်နေပြီး နောက်၁ ရက်အတွင်းမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်သေးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

  14. ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိသူတွေ အားလုံးက မြန်မာဘက်က ထွက်ပြေးသူတွေမဟုတ်ဘူးလို့ နေပြည်တော် ငြင်းဆို

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူအားလုံးကို မြန်မာဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေအဖြစ် ပြောဆိုနေမှုတွေအပေါ် စိုးရိမ်တယ်ဆိုပြီး စက်တင်ဘာ ၃ ရက် မှာ နေပြည်တော် က ငြင်းဆိုထုတ်ပြန်ပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံအချို့ရဲ့ ကြေညာချက်တွေနဲ့ ပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ဆိုတဲ့နာမည်နဲ့ ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားတာပါ။

    ဒါ့အပြင် နေပြည်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်ကို လွဲမှားစွာ သုံးစွဲဖော်ပြနေမှုကို ပြတ်သားစွာ ကန့်ကွက်ကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်တွေအပေါ် နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကျိုးအမြတ်ရစေဖို့ ထုတ်ပြန်ပြောဆိုနေမှုတွေကို လက်မခံဘဲပယ်ချတယ်ဆိုပြီး ဖော်ပြထားပါတယ်။

    အဲဒီလို ပြောဆိုမှုတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား သဘောတူညီထားတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့မဖြစ်ဘူးလို့ ထည့်ပြောထားပါတယ်။

    လူမျိုးအမည်ကို လွဲမှားစွာ သုံးစွဲဖော်ပြနေတယ်လို့ ဆိုထားပေမဲ့ ဘယ်လူမျိုးအမည်ကို ရည်ညွှန်းပြောဆိုတာလဲဆိုတာကို တိတိကျကျ ထည့်ပြောထားတာ မရှိပါဘူး။

    ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းခန့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ထားပါတယ်။

    UNHCR ရဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအချက်အလက်အရ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို အသစ်ရောက်ရှိလာသူ ၆၂၁,၀၀၀ ခန့်ရှိပြီး အဲဒီမတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေသူ ၃၀၇,၅၀၀ ခန့် ရှိတယ်လို့ ပြောထားပါတယ်။

    ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာအရပ်သားတွေ သတ်ဖြတ်ခံရတာ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ လူဦးရေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရတာတွေကို မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

    ဒါအပြင် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်းကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ပြထားပါတယ်။ တဖက်မှာလည်း ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားပါတယ်။

    မြန်မာဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    နေပြည်တော်ရဲ့ ၂၀၁၆ စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဒါအပြင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်ဟာ ARSA - အာဆာအဖွဲ့ရဲ့ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် တိုက်ခိုက်မှုကနေ စတင်ခဲ့တာဆိုပြီးလည်း နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာ ထပ်မံပြောဆိုထားပါတယ်။

    နေပြည်တော်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့တွေကတော့ တုံ့ပြန်ချက်တွေမရှိသေးသလို ဘီဘီစီက ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့အဖွဲ့တချို့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာလူဦးရေနဲ့ ပတ်သက်လို့ နေပြည်တော်ရဲ့ အချက်အလက်က မှားယွင်းနေပြီး ကုလသမဂ္ဂမှာ မှတ်တမ်းတင်ထားတာကသာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။

    နေပြည်တော်ရဲ့ ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့သြဂုတ်နှောင်းပိုင်း က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် တိုဖစ်-အူရ်-ရာဟ်မန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးကိုခေါ် ယူတွေ့ဆုံခဲ့မှုနဲ့ ဆက်စပ်တယ်လို့ နားလည်ရပါတယ်။

    ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အပေါ် ဦးကျော်စိုးမိုးကိုခေါ် ယူတွေ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ချက်တွေကို ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာထုတ်ပြန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဘက်က ဦးကျော်စိုးမိုးကို ခေါ်ယူတုံ့ပြန်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ရိုဟင်ဂျာတွေရဲ့ အထောက်အထား စိစစ်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။

    စာရင်းကောက်ယူထားတာမှာလည်း ၂၀၁၇ နောက်ပိုင်းမှာ ရခိုင်ကနေ နေရပ်စွန့်ခွာလာတဲ့ဦးရေ၊ ဒုက္ခသည်စခန်းမှာမွေးဖွားတဲ့ကလေးသူငယ် ဦးရေကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုကြောင်းပါ ထည့်ပြောထားပါတယ်။

    ဒါအပြင် ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ ခေါ်ဆိုထားတာကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ပြီး ရိုဟင်ဂျာတွေဟာ ကိုယ်ပိုင်လူမျိုးရေးအမှတ်သညာရှိသူတွေဖြစ်ပြီး မြန်မာအာဏာပိုင်တွေကလည်း မကြာသေးခင်အချိန်အထိ အဲဒီအချက်ကို လက်ခံထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပြဿနာရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဟာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို လုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေး ဖြစ်တယ်လို့ ထပ်မံပြောခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာသံအမတ် ဦးကျော်စိုးမိုးကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားတဲ့ အချက်တွေကို မြန်မာအစိုးရ ဘက်ကို ပြန်လည်တင်ပြပေးမယ်လို့ ‌ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ထဲထည့်ပြောထား‌ပါတယ်။

    အဲဒီနောက် စက်တင်ဘာ ၃ ရက်မှာ နေပြည်တော်ရဲ့ ဒီထုတ်ပြန်ချက်ထွက်လာတာလို့ နားလည်ရပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

  15. မန္တလေးမြို့ပေါ် မှာ ကျားဖြန့်လုပ်ငန်းသံသယနဲ့ နေအိမ်တစ်အိမ်ကို စစ်တပ်နဲ့ရဲ ဝင်စီးနင်း၊ လူ ၁၀ ဦးဝန်းကျင် ဖမ်းဆီး

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် လမ်း ၈၀၊ ၃၉ လမ်းနဲ့ ၄၀ လမ်းကြားမှာရှိတဲ့ နေအိမ်တစ်အိမ်ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းဝင်စီးပြီး အိမ်ထဲမှာရှိနေတဲ့ လူ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွားတယ်လို့ အဲဒီအခြေအနေကို သိရှိထားတဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စက်တင်ဘာ ၂ ရက်က အဲဒီနေအိမ်ကို အာဏာပိုင်တွေက ရဲကားနဲ့ အချုပ်ကားတွေအပါအဝင် အင်အား အသင့်အတင့်သုံးပြီး ဝင်စီးခဲ့တာလို့ မြေပြင်အခြေအနေသိသူက ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတချို့ ပါဝင်ပြီး အမျိုးသမီးတွေလည်း ပါတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အဖမ်းခံရတဲ့သူတွေက သန့်သန့်ပြန့်ပြန့်လေးတွေ၊ ခန့်မှန်း ၁၀ ယောက်လောက်ရှိတယ်” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

    ဒါ့အပြင် နေအိမ်အတွင်းက ကွန်ပျူတာ၊ လက်ပ်တော့နဲ့ မိုဘိုင်းဖုန်းတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းပြီး အဝတ်ထည့်တဲ့ပုံးတွေအတွင်း ထည့်ကာ ကားပေါ်တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။

    အဲဒီနေအိမ်ကို ဘာကြောင့် ဝင်ရောက်စီးနင်းခဲ့တာလဲ၊ ဖမ်းဆီးခံရသူတွေကို ဘာအမှုနဲ့ အရေးယူထားသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်ဘက်က ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    အာဏာပိုင်တွေ ဝင်ရောက်စီးနင်းတာနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကို အတည်ပြုနိုင်ဖို့ ဘီဘီစီက မဟာအောင်မြေ အမှတ် ၉ ရဲစခန်းကို ဖုန်းနှစ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

  16. မင်္ဂလာပါ။ စက်တင်ဘာ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။