ဇွန်လ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အသွင်ပြောင်းအစိုးရ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားဖို့ရှိတဲ့ သတင်းအပါအဝင် ဇွန် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇွန်လ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လျှို့ဝှက်သတင်းရယူတယ်လို့ သံသယရှိတာကြောင့် ဦးမင်းဇင်ကို အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောပါတယ်။
ဦးမင်းဇင်အတွက် ဥပဒေအရ အပြည့်အဝအကာအကွယ်ရအောင် ကွမ်ကျိုးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကိုလည်း အကြောင်းကြားထားပြီးလို့ ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ဦးဆောင်သူ ဦးမင်းဇင် ဟာ ကူမင်းမြို့မှာ ဇွန် ၃ ရက်က ပျောက်ဆုံးသွားခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံသားဖြစ်တဲ့ မြန်မာ့နိုင်ငံရေးသုတေသနပညာရှင် ဦးမင်းဇင်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်ကို လေ့လာဖို့အတွက် တရုတ်နိုင်ငံကို ရောက်နေခဲ့တာလို့ The New York Times သတင်းဌာနကလည်း ဖော်ပြပါတယ်။
“အမေရိကန်နိုင်ငံသားတဦး တရုတ်မှာအဖမ်းခံထားရကြောင်း သိထားပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး The New York Times က ဖော်ပြပါတယ်။
ဦးမင်းဇင်ဟာ မြန်မာပြည်ဖွား သုတေသနပညာရှင်တဦးဖြစ်ပြီး သတင်းစာဆရာအဖြစ် အသက်မွေးခဲ့ဖူးပြီး ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်ပါတယ်။
သူတည်ထောင်တဲ့ ISP Myanmar မှာ တရုတ်အရေးအထူးပြုလေ့လာတဲ့ China Studies ကဏ္ဍလည်း ပါဝင်ပါတယ်။
ဘီဘီစီအနေနဲ့လည်း ဦးမင်းဇင်ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကို မေးမြန်းနိုင်ဖို့ကြိုးစားနေပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်တုန်းက မြန်မာ-တရုတ်နယ်စပ်မှာ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာမှုတွေပူးတွဲလုပ်ဆောင်ခဲ့တဲ့ ဖြစ်စဥ်များစွာရှိခဲ့ပါတယ်။
မိုင်ပေါင်း ၁,၃၀၀ ကျော်ရှည်လျားပြီး မကြာခဏ အငြင်းပွားလေ့ရှိတဲ့ တရုတ်-မြန်မာနယ်စပ်မှာ နယ်မြေကျူးကျော်မှုတွေ လုပ်နေတယ်ဆိုတဲ့ ပြောဆိုသံတွေ ဒီနှစ်ထဲမှာ ဒေသခံတွေကြား တကျော့ပြန်လာပါတယ်။
တရုတ်နယ်စပ်အခြေစိုက် ကိုးကန့်တပ် MNDAA နဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ ပိုင်နက်ကျူးကျော်ခံနေရတယ်ဆိုတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ပေါ်ထွက်လာပါတယ်။
အရင်က နယ်စပ်ပြဿနာတွေတက်ရင် တရုတ်သံအမတ်ကို နေပြည်တော်က ဆင့်ခေါ်ပြီးသံတမန်နည်းအရဖြေရှင်းခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာတော့ အခြေအနေတွေပြောင်းလဲသွားပါပြီ။ အပြည့်အစုံကို ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ဒီသတင်းမှာ စိတ်မချမ်းမြေ့စရာအသုံးအနှုန်းတွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မက်ကဆန်တဝိုက်မှာရှိတဲ့ တိုက်ခန်းတခန်းရဲ့ ပလက်စတစ်ဗုံးထဲမှာ မြန်မာအမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို ထိုင်းရဲတွေက ဒီနေ့ မနက်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသားဖြစ်သူလည်း ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီနေ့ မနက် ၁ နာရီခွဲခန့်မှာ အခင်းဖြစ်ပွားရာနေရာကို ဒမ်းဒေါင်းရဲစခန်းက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီး အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
သုံးထပ်တိုက်အဆောက်အဦရဲ့ ဒုတိယထပ်မှာ ခိုက်ရန်ဖြစ်ပွားထားတဲ့အခင်းအကျင်းကို တာဝန်ရှိသူတွေ တွေ့ခဲ့ရပြီး ပစ္စည်းတွေလည်း ပြန့်ကျဲနေခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဝရံတာလျှောက်လမ်းမှာတော့ ကြီးမားတဲ့အနက်ရောင်ပလပ်စတစ်ဗုံးကို တွေ့ခဲ့ရပြီး အဲဒီကနေ အနံ့ဆိုးတွေလည်း ဆိုးဆိုးရွားရွားထွက်နေခဲ့ပါတယ်။
ဗုံးကိုဖွင့်လိုက်ချိန်မှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရကာ သေဆုံးခဲ့တာရက်အနည်းငယ်ကြာမြင့်ပြီလို့ ထိုင်းရဲ တွေက ခန့်မှန်းထားပါတယ်။
အဲဒီတိုက်ခန်းမှာနေထိုင်တဲ့ သေဆုံးသူအမျိုးသမီးဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး ခလောင်တွိုင်တဝိုက်က စားသောက်ဆိုင်တဆိုင်မှာလုပ်ကိုင်တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတဦးက လူပျောက်တိုင်ကြားတာကြောင့် စုံစမ်းစစ်ဆေးရာကနေ သူ့ရဲ့ တိုက်ခန်းမှာအခုလိုတွေ့ရှိခဲ့ရတာပါ။
အနီးပတ်ဝန်းကျင်က ကင်မရာရုပ်သံမှတ်တမ်းတွေအရ သေဆုံးသူရဲ့ အမျိုးသားဟာ ကြီးမားတဲ့ ခရီးစဉ်အိတ်ကို တိုက်ခန်းထဲကနေ ထုတ်လာခဲ့တာကို တွေ့မြင်ရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ပတ်ချဘူရီလမ်းက ဘားဆိုင်တဆိုင်မှာ စားဖိုမှူးလုပ်နေတယ်လို့ အမျိုးသားဖြစ်သူကို သံသယရှိသူအဖြစ်သတ်မှတ်ပြီး ထိုင်းရဲတွေကသူ့ကို ရှာဖွေနေပါတယ်။
ဒါဟာ အမျိုးသမီးက တခြားအမျိုးသားတဦးနဲ့ လူမှုရေးအရှုပ်အရှင်းရှိနေတယ်လို့ သံသယဝင်တဲ့ သဝန်တိုစိတ်နဲ့ သတ်ဖြတ်ခဲ့တယ်လို့ ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦးယူဆထားကြောင်း ထိုင်းသတင်းက ဖော်ပြထားပါတယ်။
အသွင်ပြောင်းအစိုးရ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားဖို့ရှိတယ်လို့ တရုတ်ဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ ဒီခရီးစဉ်ကို သမ္မတရှီကျင့်ဖျင်က ဖိတ်ကြားတာလို့ ဖော်ပြပါတယ်။
လာမယ့် ဇွန် ၁၅ ရက်ကနေ ၁၉ ရက်အထိ ဦးမင်းအောင်လှိုင်တရုတ်ကိုသွားဖို့ရှိနေပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ရှိတယ် လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။
သူသမ္မတအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်ကိုသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဇွန်လအစပိုင်းမှာပဲ အိန္ဒိယနိုင်ငံကိုသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု မြင့်တက်လာနေချိန် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယကို သွားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ခရီးဟာ တရုတ်နဲ့ အိန္ဒိယကြား ဟန်ချက်ထိန်းဖို့ဖြစ်တယ်လို့ အိန္ဒိယ- မြန်မာ နယ်စပ်အရေး ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ရာဂျိဗ် ဘတ်တာချာရီယာက သုံးသပ်ခဲ့ပါတယ်။
အိန္ဒိယခရီးစဉ်မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးကိစ္စ၊ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းစဖို့အပါအဝင် နယ်စပ်လုံခြုံရေးကိုပါ ဆွေးနွေးခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ပြီးပြီးချင်းမှာပဲ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဘေကျင်းကိုသွားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) မှာ မြန်မာအရေးကို အထူးအစည်းအဝေးတရပ် ပြုလုပ်ခဲ့ပြီး နေပြည်တော်ရဲ အလုပ်သမားအရေးချိုးဖောက်မှုတွေအပေါ် အနီးကပ်စောင့်ကြည့်အရေးယူမယ့်ဆုံးဖြတ်ချက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
ဇွန် ၁ ရက်ကနေ ၁၂ ရက်အထိကျင်းပတဲ့ အဲဒီညီလာခံကို NUG ရဲ့ အလုပ်သမားရေးရာဦးစီးဌာနက ကိုယ်စားလှယ်တက်ရောက်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။
အဲဒီမှာ မြန်မာက လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်တွေကို အကာအကွယ်ပေးဖို့ ကွန်ဗင်းရှင်း အမှတ် ၈၇ နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေအတွက် ကွန်ဗင်းရှင်း အမှတ် ၂၉ တို့အပေါ်ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ထုတ်ပြန်ထားပါတယ်။
အဲဒီအချက်တွေကို နေပြည်တော်က လိုက်နာတာမရှိဘဲ ပြင်းပြင်းထန်ထန်ချိုးဖောက်နေတယ်လို့ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပြီး အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ ကလေးသူငယ်တွေပါ စစ်မှုထမ်းရပြီး အလုပ်ခိုင်းစေခံနေရတဲ့အခြေအနေတွေကိုပါ ထည့်သွင်း ပြောခဲ့ကြတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအခြေအနေတွေကို နေပြည်တော်အစိုးရဘက်က အကောင်အထည်ဖော်မှုတွေနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ILO ညွှန်ကြားရေးမှူးချုပ်ဆီ တင်ပြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာမှာကျင်းပမယ့် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့ရှိပြီး အခုအထူးအစည်းအဝေးကနေရတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ညီလာခံအစီရင်ခံစာအဖြစ် ထွက်ရှိဖို့ရှိတယ်လို့လည်း NUG က ဖော်ပြပါတယ်။
မြန်မာစစ်တပ်ကို ILO ရဲ့ ပြဋ္ဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်မယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို မနှစ်တုန်းက ချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကိုသက်နှင်းအောင် အပါအဝင် ဖမ်းဆီးခံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့ကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇွန် ၆ ရက်နေ့မှာ မြန်မာ့အရေးဆွေးနွေးမှုလုပ်ခဲ့ပြီး မနေ့မှာတော့ သက်ဆိုင်ရာ ညီလာခံကနေ အခုဆုံးဖြတ်ချက်ကိုချခဲ့တာပါ။
ဒီနေ့ မျက်နှာစုံညီအစည်းအဝေးမှာတော့ ဒါကို အတည်ပြုဖို့ ရှိနေပြီး ဆုံးဖြတ်ချက်အပြည့်အစုံကိုလည်း တက်ရောက်တဲ့ကိုယ်စားလှယ်တွေက ဒီနေ့ ညပိုင်းမှာ သတင်းစာရှင်းလင်းပွဲကတဆင့် ထုတ်ပြောဖို့လည်းရှိနေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ နေပြည်တော်အစိုးရကို မေးမြန်းနိုင်ဖို့အတွက်လည်း ဘီဘီစီက ကြိုးပမ်းနေပါတယ်။
ခွေးတွေကိုနှိပ်စက်ပြီး အွန်လိုင်းမှာ ဖြန့်ချိရောင်းချဖို့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ အမျိုးသားတဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။
အမျိုးသားဟာသူ့ကိုယ်သူ တိရစ္ဆာန်မွေးမြူရတာကိုနှစ်သက်သူတစ်ဦးလို့အသွင်ယူထားပေမဲ့ သူမွေးထားတဲ့ ကြောင်နဲ့ခွေးတွေကို နှိပ်စက်သူလို့ စွပ်စွဲခံထားရပါတယ်။
ခွေးပေါက်ကလေးတွေကို မွေးစားဖို့ပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့မိတ်ဆွေကအွန်လိုင်း မှာတက်ရေးခဲ့လို့ လူသိရှင်ကြားဖြစ်ခဲ့တာပါ။
တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံချင်းက အဲဒီအမျိုးသားရဲ့နေအိမ်ရှေ့မှာအခုအပတ်အတွင်း လူတစ်ရာကျော်ခန့်စုဝေးဆန္ဒပြခဲ့ပါတယ်။
လီနေထိုင်တဲ့အိမ်ရာရဲ့လှေကားတစ်ခုမှာခြေတစ်ဖက်ကျိုး၊ အမြီးပြတ်နေပြီး ဦးခေါင်းရောင်ကိုင်းနေတဲ့ ခွေးပေါက်လေးတစ်ကောင်ကို တိရစ္ဆာန်အခွင့်အရေးအဖွဲ့ဝင်တွေကတနင်္ဂနွေနေ့မှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီအမျိုးသားကိုပြစ်ဒဏ်ကြီးကြီးမားမားချမှတ်သင့်တယ်လို့လူတွေက တောင်းဆိုခဲ့ကြပါတယ်။
ခွေးတွေကို မွေးစားချင်တယ်လို့ မျိုးရိုးအမည်လီလို့သိရတဲ့ အဲဒီအမျိုးသားကတရုတ်လူမှုမီဒီယာ ဒိုယင်မှာ အခုလအစောပိုင်းက ရေးသားခဲ့ပါတယ်။
အီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ်ပယ်ဖျက်ကြောင်း လူမှုကွန်ရက်ကတဆင့်ကြေညာပြီးတဲ့နောက် စစ်ပွဲအဆုံးသတ်ဖို့အတွက် ကနဦးသဘောတူညီချက်ရဖို့ နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အီရန်နဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ သိပ်ကောင်းတဲ့ သဘောတူညီမှုတခု ရထားပြီ” လို့ ထရမ့်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို မနေ့က ပြောပါတယ်။
ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Esmail Baghaei ကတော့ “ဒီသဘောတူညီချက်ရပြီလို့ သိထားရပေမဲ့ လုံးဝအပြီးသတ်အဆင့်မဟုတ်သေးပါဘူး” လို့ ပြည်တွင်းရုပ်သံအစီအစဉ်ကို ဖြေကြားပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့အတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေပြီးခါနီးပြီလို့ ထရမ့်ကိုယ်တိုင်လည်းထုတ်ပြောခဲ့ပါသေးတယ်။
အခုကြေညာချက်မထွက်လာခင် နာရီပိုင်းအလိုမှာတော့ အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ အကြီးဆုံးသမီးတော် တော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာ နရိန္ဒြာဒေဝရဝတီ ဟာ သက်တော် ၄၇ နှစ်အရွယ်မှာ နတ်ရွာစံကံတော်ကုန် သွားကြောင်း ထိုင်းတော်ဝင်နန်းတော်က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ မင်းသမီးဟာ ဇွန်လ ၁၁ ရက် ည ၇ နာရီ ၄၈ မိနစ်မှာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံမှာ ငြိမ်းချမ်းစွာနတ်ရွာစံခဲ့တယ်လို့ဆိုပါတယ်။
မင်းသမီးဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က နှလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအခြေအနေကြောင့် သတိလစ်မေ့မြောခဲ့ပြီးနောက် ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။
တော်ဝင်နန်းတော်ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်ကစတင်ပြီး အူအတက်ရောင်ရမ်းမှုကြောင့် ဖြစ်ပွားတဲ့ ဝမ်းဗိုက်အတွင်း ပိုးဝင်ရောက်မှု၊ သွေးပေါင်ချိန်ကျဆင်းမှု၊ နှလုံးခုန်နှုန်းမမှန်မှုနဲ့ သွေးခဲမှုဆိုင်ရာ ချို့ယွင်းမှုများကြောင့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့်မှုနဲ့ အထူးကြပ်မတ်ကုသမှုများ ပေးခဲ့ပေမဲ့ မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေမှာ ဆက်လက်ကျဆင်းလာခဲ့ပြီး နောက်ဆုံးမှာ နတ်ရွာစံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မင်းသမီး ဘချရာခစ်တီရာဘာ ဟာ ထိုင်းတော်ဝင်မိသားစုအတွင်း ထင်ရှားတဲ့ တော်ဝင်မင်းသမီးတစ်ပါးဖြစ်ပြီး ဥပဒေရေးရာ၊ သံတမန်ရေးရာကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
သူဟာ အရင်က သြစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသမီးများနဲ့ အကျဉ်းသားအခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။တော်ဝင်ဈာပနအခမ်းအနားကို တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးဂုဏ်ပြုမှုနဲ့ ကျင်းပဖို့ တော်ဝင်နန်းတော်ကိုထိုင်းဘုရင်က ညွှန်ကြားထားကြောင်း သိရပါတယ်။
လူတွေရဲ့ မသမာမှုတွေကြောင့် လျှပ်စစ်ဆုံးရှုံးတာတွေကိုဖော်ထုတ်ပြီး ဥပဒေအရရော စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ပါ ထိထိရောက်ရောက်အရေးယူမယ်လို့ အသွင်ပြောင်းအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေနဲ့ ကိုယ်တိုင်လုပ်နေရင် ရပ်ဖို့၊ တခြားသူတွေလုပ်နေတာတွေ့ရင်လည်း တားဆီးပြီး သတင်းပေးပို့ပါဆိုပြီး အဲဒီထုတ်ပြန်ချက်ကို ဒီနေ့ထုတ်ကြေညာလာပါတယ်။
ထုတ်လုပ်ထားတဲ့ လျှပ်စစ်ရဲ့ ၁၈.၃၈ ရာခိုင်နှုန်းခန့် (ယူနစ် ၃,၅၅၉ သန်းခန့်) ဟာ ဓာတ်အား ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးရင်း နှစ်စဉ်ဆုံးရှုံးနေတာကြောင့် ဒါတွေကို လျော့နည်းအောင် ဆောင်ရွက်တာလို့ ဖော်ပြပါတယ်။
ဒီလိုဆုံးရှုံးရတာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ လူတွေရဲ့လုပ်ဆောင်ချက်ကြောင့်ဆိုပြီး တွေ့ရတယ်လို့ ဝန်ကြီးဌာနဘက်က ပြောပါတယ်။ နည်းပညာပိုင်းအဆင့်မြှင့်တာ၊ ဓာတ်အားလိုင်းနဲ့ ထရန်စဖော်မာ တွေကို ပုံမှန်ထိန်းသိမ်းတာ၊ Smart မီတာတပ်ဆင်တာနဲ့ လျှပ်စစ်သုံးစွဲမှုကိုစောင့်ကြည့်တဲ့ စနစ် တွေကို လုပ်နေပါတယ်။
ဒါအပြင် နေပြည်တော်မှာ လျှပ်စစ်ဓာတ်အားလိုင်းပြောင်းရွှေ့သွယ်တန်းတာတွေရှိလို့ မနက်ဖြန် ဇွန် ၁၃ ရက်မှာ အေလာနဲ့သာဝတ္ထိမြို့တို့က အစိုးရရုံးဌာနတွေ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေမှာ မီးပျက်မယ်လို့ ဒီနေ့သတင်းစာမှာဖော်ပြပါတယ်။
တောင်ကြီး - ဟိုပုံး၊ ဟိုပုံးနဲ့ မိုင်းပွန် ဓာတ်အားလိုင်းတွေကိုလည်း စစ်ဆေးမှာတွေရှိလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေရာတွေ၊ ဟိုပုံး၊ ကျောက်တန်းနဲ့ မိုင်းပွန်မြို့တွေ အပါအဝင် ကျေးရွာပေါင်း ၁၀၆ ရွာမှာ ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်မှာ လျှပ်စစ်မီးပျက်မယ်လို့သိရပါတယ်။
မင်္ဂလာပါ။ ဇွန်လ ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။