ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ကနေ ပြန်လွတ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘန်ကောက်မြို့က ဗဟိုအကျဥ်းထောင်ကနေ ပြန်လွတ်လာတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီနေ့မနက်ပိုင်းမှာပဲ ဘန်ကောက်မြို့ အကျဥ်းထောင်ကနေ လွတ်မြောက်လာ
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်က သိုလှောင်ရုံတစ်ခုမှာ မြန်မာနိုင်ငံသားပိုင် ဘတ် သန်း ၅၀ တန်ဖိုးရှိတဲ့ တရားမဝင်တင်သွင်းထားတဲ့လျှပ်စစ်ပစ္စည်းတွေကို တွေ့ပြီး ထိုင်းဝန်ကြီး အနုတင် အံအားသင့်ခဲ့ရ
  • အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ကိုယ်စားပြုမှုအတွက်ချန်လှပ်ထားတာတွေ လုပ်နေပြီး အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်နေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. 'ဝ' နဲ့ မိုင်းလားတပ်က ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်း

    ရှမ်းအရှေ့၊ အထူးဒေသ ၄ (မိုင်းလား)မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းဆီးပြီး တရုတ်အစိုးရထံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မေလ ၉ ရက် ရက်စွဲနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ထုတ်ပြန်ပါတယ်။

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)နဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်(NDAA) တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။

    အခန်း ၁၉ ခန်းလောက်ရှိတဲ့ အဲဒီကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာကို စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၁၀ ဦးနဲ့အတူ ကွန်ပျူတာ ၆၁၁ လုံး၊ လက်ကိုင်ဖုန်း ၅၃၅ လုံးကို မိုင်းလားနဲ့ တရုတ်နယ်စပ်ကနေတဆင့် တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

    မေလ ၃ ရက်နေ့အထိ စာရင်းတွေအရ အဲဒီနေရာမှာ တရုတ်နိုင်ငံသား ၁၀ ဦးအပါအဝင် စုစုပေါင်း လူ ၇၈ ဦးလုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    UWSA ဟာ တရုတ်နိုင်ငံကနေ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၂၉ ဦးကိုလည်း မေလ ၄ ရက်နေ့က တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပါသေးတယ်။

    မြန်မာအာဏာသိမ်းအစိုးရကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ တောင်ပိုင်းမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

    ဧပြီ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း မှာ တရုတ်နိုင်ငံသား ၁၀၀ ကျော် နဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ လောက်ကိုင်နေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းဝင်ရောက် ဖမ်းဆီးခဲ့ပြီး Starlink စက်တွေ၊ ကွန်ပျူတာတွေ အပါအဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

    မေလ ၈ ရက်နေ့ကဆိုလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ မှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅ ဦးတို့ကို ဆက်စပ်ပစ္စည်းတွေ နဲ့ အတူ ဖမ်းဆီးခဲ့ပါသေးတယ်။

  2. ဒေါ်နယ် ထရမ့် တရုတ်သွားမယ်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘေကျင်းကို အခုသီတင်းပတ်အတွင်း လာဖို့ရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ရှိတယ်လို့ ဘေကျင်းဘက်က အတည်ပြုလိုက်ပါတယ်။

    သမ္မတ ထရမ့်ဟာ မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်မှာ ရှိနေမှာဖြစ်ပြီး ဒါဟာ ၁၀ နှစ်နီးပါးအတွင်း အမေရိကန်သမ္မတ တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာမှာပါ။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ဖိတ်ကြားချက်ကြောင့် သမ္မတ ထရမ့် တရုတ်ကို လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်တာဖြစ်ပါတယ်။

    ထရမ့်ဟာ ဘေကျင်းကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရောက်မှာဖြစ်ပါတယ်။ တကယ်တော့ ဒီခရီးစဉ်ဟာ မတ်လကတည်းက ထွက်ပေါ်ဖို့ ရှိခဲ့ပေမဲ့ အီရန်စစ်ပွဲကြောင့် နောက်ရွှေ့ခဲ့တာဖြစ်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ဘိုရင်း၊ စီတီဂရုနဲ့ ကွယ်လ်ကွန်းတို့လို အမေရိကန်ကုမ္ပဏီကြီးတွေက သူဌေးတွေလည်း လိုက်လာနိုင်ခြေရှိသလို တရုတ်ကုမ္ပဏီနဲ့သဘောတူညီချက်တွေ ပြုလုပ်နိုင်ခြေရှိပါတယ်။

    တဖက်မှာလည်း ထရမ့်ရဲ့ အခုခရီးစဉ်ဟာ ဘေကျင်းနဲ့ ဝါရှင်တန်ကြား ထိရှလွယ် ကုန်သွယ်အရေးကို ပြေငြိမ်းဖို့ရာ အားထုတ်မှုတစ်ခုအဖြစ်လည်း မြင်နိုင်ပါတယ်။

    ထရမ့်ဟာ မိတ်ဆွေ ရန်သူ မခွဲခြားဘဲ ကမ္ဘာ့နိုင်ငံတွေအပေါ် ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ အခွန်တွေ တိုးကောက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီကနေ တရုတ်နဲ့ အမေရိကန်ကြား အပြန်အလှန် အခွန်တိုးကောက်လို့ အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီတို့ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာကြောင့် အခွန်တိုးကောက်မယ့်အစီအစဉ်တွေ ယာယီဆိုင်းငံ့ခဲ့ပါတယ်။

  3. လူသူအရောက်နည်းတဲ့ကျွန်းက လူနာကို ကုဖို့ ဗြိတိသျှဆေးအဖွဲ့ လေထီးနဲ့သွားရောက်

    ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူလို့ ယူဆရတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကို အကူအညီပေးဖို့ လူသူအရောက်နည်းတဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ထရစ်စတန် ဒါကူညား ကျွန်းကို ဗြိတိသျှ စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းတွေ လေထီးနဲ့ သွားရောက်ခဲ့ကြပါတယ်။

    အဲဒီလူနာဟာ သူနေထိုင်ရာ လူသူအရောက်နည်းတဲ့ အဲဒီကျွန်းကို ဟန်တာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ရာ MV Hondius အပျော်စီးသင်္ဘော ဧပြီလလယ်လောက်တုန်းက ဆိုက်ရောက်ခဲ့စဉ် သင်္ဘောပေါ်ကနေ ဆင်းနေခဲ့တာ ဖြစ်ပါတယ်။

    သင်္ဘောပေါ်က ဆင်းအပြီး သီတင်းနှစ်ပတ်အကြာမှာ ရောဂါလက္ခဏာတွေ စဖြစ်ခဲ့ပြီး ကွာရန်တင်း ဝင်ထားချိန်မှာတော့ သက်သာလာနေပြီလို့ ဆိုပါတယ်။ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၆ ဦး ရှိတယ်လို့ အခုအခါ အတည်ပြုထားပြီး အဲဒီထဲမှာ သင်္ဘောပေါ်ကနေ ဆင်းလာပြီး လောလောဆယ် ဆေးကုသခံနေရတဲ့ နောက်ထပ် ဗြိတိန်နိုင်ငံသား နှစ်ဦးလည်း ပါဝင်ပါတယ်။

    စနေနေ့တုန်းက ကျွန်းပေါ်မှာ ခက်ခဲတဲ့ အခြေအနေအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့အတူ အောက်ဆီဂျင်ဗူးတွေကိုလည်း RAF A400M လေယာဉ်ပေါ်ကနေ ချပေးခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါပြီ။

  4. အာဆီယံအဖွဲ့နိုင်ငံတချို့က မြန်မာကို ခွဲခြားဆက်ဆံနေတယ်လို့ နေပြည်တော်ပြော

    အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ကိုယ်စားပြုမှုအတွက်ချန်လှပ်ထားတာတွေ လုပ်နေပြီး ဒါဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်း တာဝန်ယူမှုရှိတဲ့အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ ယန္တရားတွေ၊ လှုပ်ရှားမှုတွေအတွက် နှစ်စဉ်ထည့်ဝင်ငွေတွေ ပေးဆောင်တာ နောက်ပြီး အဖွဲ့ဝင်နိုင်ငံရဲ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံကို ခွဲခြားဆက်မှုတွေ ရှိခဲ့ပေမဲ့ စိတ်ရှည်သည်းခံခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဒီလိုအပြုသဘော မဆောင်တဲ့ကြိုးပမ်းမှုတွေဟာ မဲပေးခဲ့တဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားတွေကိုလည်း လစ်လျူရှုရာရောက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    နေပြည်တော်က ရွေးကောက်ပွဲလုပ်၊ လွှတ်တော်ခေါ်ပြီး အစိုးရအသစ်ဖွဲ့လိုက်ပေမဲ့ အာဆီယံကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်ဖော်ဆောင်မှု တိုးတက်မှုမရှိဘူးဆိုတဲ့အချက်နဲ့ နေပြည်တော်က ခေါင်းဆောင်တွေကို ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် မပေးသေးပါဘူး။

    တဖက်မှာလည်း အာဆီယံခေါင်းဆောင်တွေက မြန်မာ့ရွေးကောက်ပွဲကို အသိအမတ်ပြု မပြု ဆိုတာမျိုး ကြေညာချက် မထုတ်နိုင်သေးသလို မြန်မာက ဖြစ်ပေါ်တိုးတက်မှုတွေကို သိမှတ်နားလည်ထားတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ကြေညာချက်မှာ ထည့်ပြောထားပါတယ်။

    မေလ ၆ ရက်ကနေ ၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံဟာ မြန်မာရွေးကောက်ပွဲကို အသိမှတ်ပြုရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက်မထွက်ခဲ့ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ကြေညာထားပါတယ်။

    အဖွဲ့ဝင်နိုင်ငံတွေအကြား ထိတွေ့ဆက်ဆံမှုတွေကတော့ ဆက်ပြီးရှိနေတယ်လို့ ဖိလစ်ပိုင်က ပြောထားပါတယ်။

    တဖက်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံအတွင်း ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေက တရားစွဲဆိုထားပါတယ်။

    နေပြည်တော်ကတော့ တီမောနိုင်ငံဟာ ဒီအမှုလက်ခံလိုက်တာဟာ ပြည်တွင်းရေး စွက်ဖက်တာဆိုပြီး ရန်ကုန်မြို့က တီမောသံရုံးရဲ့အကြီးအကဲကို နိုင်ငံကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

  5. ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်

    မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန် တစ်ယောက် UFC Flyweight ဝိတ်တန်းမှာ အကောင်းဆုံး ဖိုက်တာဖြစ်တယ်ဆိုတာ ထပ်ပြီး သက်သေထူလိုက်ပါပြီ။

    အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲ မတိုင်ခင် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာ အနိုင်ရခြေရှိတယ်လို့ UFC ဖိုက်တာတွေ၊ ပွဲကြိုသုံးသပ်သူတွေက ထင်ကြေးထုတ်ခဲ့တာတွေကို သူက ကြိုးဝိုင်းထဲကနေ သက်သေပြသွားတာပါ။

    သတင်းစာရှင်းလင်းပွဲမှာ ဗန်ကတော့ "အနိုင်ကတော့ အနိုင်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ပွဲက ပိုပြီး ချိုမြိန်တယ်" လို့ ပြောပါတယ်။

    ဗန်ကတော့ သူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ခြင်းရဲ့နောက်ကွယ်က အဓိကသော့ချက်ဟာ စိတ်ရှည်မှုဖြစ်ပါတယ်လို့ ပြောထားပါတယ်။

    အာရှကနေ ပေါ်ထွက်လာတဲ့ ပထမဆုံး UFC ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ သူ့ရဲ့အာဆီယံခရီးစဉ်ကို အနိုင်ရလဒ်တွေနဲ့ အရောက်လာတော့မှာပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  6. ရနောင်းခရိုင်က ကုန်လှောင်ရုံမှာ ဘတ်သန်း ၅၀ ဖိုး တရားမဝင်ကုန်တွေ တွေ့ပြီး ထိုင်းဝန်ကြီးချုပ် အံ့အားသင့်

    ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်က သိုလှောင်ရုံတစ်ခုမှာ မြန်မာနိုင်ငံသားပိုင် ဘတ် သန်း ၅၀ တန်ဖိုးရှိတဲ့ တရားမဝင်တင်သွင်းထားတဲ့လျှပ်စစ်ပစ္စည်းတွေကို တွေ့ခဲ့ရပြီး အံအားသင့်ခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က ပြောပါတယ်။

    ဖူးခက်ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်နေတဲ့ ဝန်ကြီးချုပ် အနုတင်က ရနောင်းခရိုင်ထဲက မှတ်ပုံမတင်ထားတဲ့ သိုလှောင်ရုံတစ်ခုမှာ တရားမဝင် ကုန်စည်တွေ ဖမ်းမိတဲ့သတင်းကြောင့် ရနောင်းခရိုင်ကို မေလ ၁၀ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့တာလို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

    ထိုင်းအစိုးရကတော့ ဒါကို “လုံခြုံရေးခြိမ်းခြောက်မှု ပုံစံအသစ်တစ်ခု” လို့ ရှုမြင်ပါတယ်။

    သိုလှောင်ရုံထဲမှာ လျှပ်စစ်ပစ္စည်းတွေ၊ လုပ်ငန်းသုံး မီးစက်တွေ၊ လေအေးပေးစက်တွေနဲ့ တခြားပစ္စည်းတွေ တွေ့ခဲ့တာပါ။ စုစုပေါင်း တန်ဖိုးက ဘတ် သန်း ၅၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

    “ဒီသိုလှောင်ထားတဲ့ပစ္စည်းတွေကို တွေ့ရတာ အတော်အံ့အားသင့်ရပါတယ်။ ရနောင်းအကောက်အခွန်ကတော့ ဒီပစ္စည်းတွေက တရားမဝင်တင်သွင်းတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံကတဆင့် ရက် ၃၀ အတွင်း တခြားနိုင်ငံကို ပို့ဆောင်ရမယ့်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ရက်ကို ကျော်လွန်သွားပါပြီ” လို့ အနုတင်က ပြောပါတယ်။

    ထိုင်းနိုင်ငံကနေ ရက် ၃၀ အတွင်း မပို့ဆောင်ဘူးဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်တယ်လို့ သူကပြောပါတယ်။

    ဒီကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ထိုင်းအာဏာပိုင်တွေက ဒီပစ္စည်းပိုင်ရှင် မြန်မာနိုင်ငံသားဆိုသူနဲ့ သိုလှောင်ရုံပိုင်ရှင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို တရားဝင်မထုတ်ပြန်သေးပါဘူး။

  7. ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ကနေပြန်လွတ်လာ

    ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဘီလျံနာ သူဌေးကြီးလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ဟာ ဒီနေ့ မနက်ပိုင်းမှာပဲ ဘန်ကောက်မြို့က အကျဥ်းထောင်နေ ပြန်လွတ်လာပြီဖြစ်ပါတယ်။

    ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း သူ ဝန်ကြီးချုပ်တာဝန် ယူချိန်တုန်းက အာဏာအလွဲသုံးမှု၊ အဂတိမှုတွေအတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ် ၁ နှစ်အတွက် အကျဥ်းထောင်မှာ ၈ လကြာနေခဲ့ရအပြီးမှာပဲ ပြန်လွတ်လာတာဖြစ်ပါတယ်။

    ဒါကြောင့် အသက် ၇၆ နှစ်အရွယ် မစ္စတာ သက်ဆင်ဟာ ထောင်ပြင်ပကို ရောက်ပေမဲ့ ခြေထောက်မှာ စောင့်ကြည့်စက် ခြေချုပ် ဝတ်ဆင်ထားရဦးမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း သူဟာ ထောင်ကနေ ထွက်လာအပြီးမှာ ခြေချုပ်ဌာနကို သွားရဖို့ရှိတယ်လို့ ဘီဘီစီထိုင်းသတင်းဌာန သတင်းထောက်က ပြောပါတယ်။

    အဖြူရောင် ရှပ်အင်္ကျီ ဝတ်ထားတဲ့ မစ္စတာသက်ဆင်တစ်ယောက် ဒီနေ့မနက်မှာ အကျဥ်းထောင်ကနေ ထွက်လာတဲ့အခါ ထောင်အပြင်မှာ မိသားစုဝင်တွေကရော ရှပ်အင်္ကျီ အနီရောင်တွေ ဝတ်ဆင်ထားတဲ့ လူ တစ်ထောင်ကျော်ကပါ သူ့ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

    ဒီလူတွေဟာ ဆန်နဲ့ စိုက်ပျိုးရေးအဓိက လုပ်ကိုင်ကြတဲ့ နခုံ ပထုံနဲ့ အူဘွန် ရက်ချာသာနီတို့လို ခရိုင်တွေကနေ ရောက်လာပြီး မစ္စတာ သက်ဆင်ကို နှုတ်ဆက်ကြတာဖြစ်ပါတယ်။

    သက်ဆင်တစ်ယောက် အခုလိုအကျဥ်းထောင်ကနေ ပြန်လွတ်လာချိန်ဟာ သူဦးဆောင်ခဲ့တဲ့ ဖုအာထိုင်းပါတီကြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အစိုးရမဖွဲ့နိုင်လောက်တဲ့အထိ ရှံးနိမ့်မှုကြုံရပြီးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။​

    သူဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ချိန်တုန်းက စွပ်စွဲခံရတဲ့ပြစ်မှုတွေအတွက် ပြည်ပမှာ နှစ် ၂၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးတဲ့နောက် သမီးဖြစ်သူ ပေထုန်တန် ရှင်နာဝပ် ၂၀၂၃ ခုနှစ်မှာ ဝန်ကြီးချုပ် ရာထူးယူတဲ့အခါ ပြည်တွင်းကို ပြန်လာခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ သမီးဖြစ်သူ ပေထုန်တန်ဟာ ကမ္ဘောဒီးယားနဲ့ဖြစ်တဲ့ နယ်စပ်ပဋိပက္ခမှာ ဝန်ကြီးချုပ်တစ်ယောက်ရှိသင့်တဲ့ ကျင့်ဝတ် ယိုယွင်းတယ်လို့ ဖွဲ့စည်းပုံခုံရုံးရဲ့ဆုံးဖြတ်ခံရပြီး ၂၀၂၄ ခုနှစ်မှာ ရာထူးကနေ ဖယ်ရှားခံရပါတယ်။

    အဲဒီအချိန်မှာ ပြည်တွင်းကို ပြန်ရောက်နေပြီဖြစ်တဲ့ မစ္စတာ သက်ဆင်ဟာ သူ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန် တုန်းက ရှိခဲ့တဲ့ အာဏာအလွဲသုံးမှုနဲ့ အဂတိမှုတွေအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာတော့ ဒီထောင်ဒဏ်ကို ထိုင်းဘုရင်မင်းမြတ်က ၁ နှစ်အဖြစ် လျှော့ချပေးခဲ့ပါတယ်။

    ပြည်တွင်းကို ပြန်ရောက်ရောက်ချင်းမှာ မစ္စတာသက်ဆင်ဟာ အကျဥ်းထောင်ထဲမှာ နာရီပိုင်းနေပြီးတဲ့နောက် ရင်ဘတ်အောင့်တာလို ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီး ဘန်ကောက်မြို့က ရဲဆေးရုံမှာ ၆ လကြာ ဆေးတက်ရောက်ကုသခဲ့ပါတယ်။ အဲဒီနောက်မှာ ဆေးရုံကနေ ခြေချုပ်နဲ့ ပြန်ဆင်းပါတယ်။

    ဒါပေမဲ့ တရားရုံးချုပ်က သက်ဆင်နဲ့ သူ့ရှေ့နေတွေဟာ သက်ဆင်တစ်ယောက် ဆေးရုံမှာ ကြာကြာနေရအောင် မလိုအပ်ဘဲ အသေးစားခွဲစိတ်မှုတွေ လုပ်ခဲ့တယ်လို့ ကောက်ချက်ချပြီး သက်ဆင့်ကို ကျန်နေသေးတဲ့ထောင်ဒဏ်ကို အကျဥ်းထောင်မှာ ဆက်ပြီး ကျခံဖို့ စက်တင်ဘာလမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

  8. မင်္ဂလာပါ ...

    မေလ ၁၁ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက် စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။