မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ အင်ဒိုမှာ ပြုလုပ်ဖို့ရှိ - သံတမန်သတင်းရင်းမြစ်
အင်ဒိုနီးရှားအစိုးရ ကမကထလုပ်မယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို လာမယ့် ဇွန်လအတွင်း ပြုလုပ်ဖို့ရှိတယ်လို့ ဘီဘီစီရဲ့ သံတမန်ရင်းမြစ်တချို့ဆီက သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ဇွန်လ ၄ ရက်ကနေ ၈ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ ယော့ဂျာကာတာမြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အလားတူဆွေးနွေးပွဲမျိုးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း အင်ဒိုနီးရှားမှာ ပြုလုပ်ခဲ့ဖူးပြီး အဲဒီအချိန်က တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်တွေကို သီးခြားစီ ဖိတ်ကြားကာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အခုနှစ် ဇွန်လဆွေးနွေးပွဲမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့သာ ယော့ဂျာကာတာမြို့မှာ သီးခြားတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ကိုယ်စားလှယ်တွေနဲ့တော့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ဘက်က ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ (NSPC) က တက်ရောက်နိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဖိတ်ကြားခံထားရတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ Arakan Heritage Foundation၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ Euro-Burma Office (EBO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ ပါဝင်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ အာဆီယံရဲ့တရားဝင်ယန္တရားအောက်က လုပ်ဆောင်မှုမဟုတ်ဘဲ အင်ဒိုနီးရှားအစိုးရရဲ့သီးခြားစီစဉ်မှုဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်ဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့စစ်တပ်က အုပ်ချုပ်ရေးကနေ နောက်ဆုတ်ပြီး အရပ်သားအုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းခဲ့တဲ့ အတွေ့အကြုံနဲ့ အာချေးဒေသ အုပ်ချုပ်မှုပုံစံအပေါ် အခြေခံတဲ့ ဖက်ဒရယ်အာဏာခွဲဝေမှုဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေခဲ့တယ်လို့ အင်ဒိုနီးရှားဘက်က ထုတ်ပြန်ထားပါတယ်။
အခုကျင်းပမယ့် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဘီဘီစီက NUG၊ NUCC အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။