ပိုးဟပ်ပါတီဆန္ဒပြမှု - ဝန်ကြီးချုပ် မိုဒီ မမျှော်လင့်ထားတဲ့ အိန္ဒိယလူငယ်ထုရဲ့ လှုပ်ရှားမှု

    • ရေးသားသူ, ဆူတစ် ဘစ္စဝါ့စ်
    • ရာထူးတာဝန်, အိန္ဒိယသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

ကိုယ့်အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် စာမေးပွဲတွေကို ယုံကြည်လို့မရတော့ဘူးဆိုရင် ဘာကို ယုံကြည်ရမလဲဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုကနေ ဒီလှုပ်ရှားမှု စတင်ခဲ့တာပါ။ အဲဒီခံစားချက်ဟာ အိန္ဒိယနိုင်ငံက လူငယ်သန်းပေါင်းများစွာနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာ ဇူလိုင် ၂၀ ရက်မှာတော့ လူငယ်အမျိုးသား၊ အမျိုးသမီး သောင်းနဲ့ချီက အိန္ဒိယလွှတ်တော်ဆီ ချီတက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ မျက်ရည်ယိုဗုံးသုံးပြီး တုတ်နဲ့ရိုက်နှက်ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရက်တွေမှာလည်း နောက်ထပ်ထောင်ပေါင်းများစွာသော လူငယ်တွေဟာ လမ်းပေါ်ကို ထပ်ပြီးထွက်လာခဲ့ကြပါတယ်။

စာမေးပွဲမေးခွန်း ပေါက်ကြားမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တာအပေါ် ဒေါသထွက်မှုကနေ ပေါ်ပေါက်လာတဲ့ လူငယ်တွေဦးဆောင်တဲ့ လှုပ်ရှားမှုဖြစ်တဲ့ ပိုးဟပ်ပါတီ- Cockroach Janta Party (CJP) ဟာ နှစ်ပေါင်းများစွာအတွင်း အိန္ဒိယနိုင်ငံမှာ အကြီးမားဆုံး ကျောင်းသားလှုပ်ရှားမှုတစ်ခုအဖြစ် လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ်။

CJP လှုပ်ရှားမှုက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အိန္ဒိယပညာရေးဝန်ကြီး ဒြာမန်ဒရာ ပရာဒန် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။

ဒီလှုပ်ရှားမှုရဲ့ အဓိကပုဂ္ဂိုလ်တစ်ဦးကတော့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ် ဖြစ်ပါတယ်။ သူက ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုအတွင်း ကိုယ်အလေးချိန် ၁၁ ကီလိုဂရမ် (၂၄ ပေါင်) ကျသွားခဲ့တယ်လို့ ပြောပါတယ်။

ဆိုနမ် ဝမ်ချွတ် ဟာ ဇူလိုင် ၂၃ ကြာသပတေးနေ့နှောင်းပိုင်းမှာ အစာငတ်ခံဆန္ဒပြမှုကို ရပ်နားခဲ့ပေမယ့် ကျောင်းသားခေါင်းဆောင်တွေကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

အခု အဓိကမေးခွန်းကတော့ ဒီဖြစ်ရပ်ဟာ သာမန်ကျောင်းသားဆန္ဒပြပွဲတစ်ခုပဲလား၊ ဒါမှမဟုတ် ပိုကြီးမားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုရဲ့ အစလားဆိုတာ ဖြစ်ပါတယ်။ သမိုင်းကြောင်းကတော့ ဒီအပေါ်မှာ သတိထားဖို့ရော မျှော်လင့်ချက်ရှိစရာပါ နှစ်မျိုးလုံးအတွက် အကြောင်းပြချက်တွေရှိနေပါတယ်။

အိန္ဒိယနိုင်ငံရေးကို ပြောင်းလဲစေခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေဟာ အတိတ်မှာ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း စီးပွားရေး အကျပ်အတည်းနဲ့ အကျင့်ပျက်ချစားမှုတွေကို ကျောင်းသားတွေနဲ့ လူလတ်တန်းစားတွေ ဦးဆောင်ပြီး ဆန့်ကျင်ခဲ့တဲ့ ဂူဂျာရတ်ပြည်နယ်က Nav Nirman လှုပ်ရှားမှုဟာ ဝါရင့်ဆိုရှယ်လစ်ခေါင်းဆောင် ဂျာယာပရာကတ်ရှ် နာရာယန် က ဝန်ကြီးချုပ်အင်ဒီရာဂန္ဒီ ကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု ပေါ်ပေါက်လာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တချို့ကျောင်းသားလှုပ်ရှားမှုတွေကတော့ ကနဦးမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း အားလျော့ပျောက်ကွယ်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ CJP လှုပ်ရှားမှုကို ထူးခြားစေတဲ့အချက်က လူအင်အားများတာတင် မဟုတ်ဘဲ၊ သူတို့ရဲ့ မကျေနပ်ချက်တွေရဲ့ ကြီးမားမှုဖြစ်ပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ဆန္ဒပြလှုပ်ရှားမှုတွေဖြစ်တဲ့ နိုင်ငံသားဥပဒေ၊ လယ်ယာဥပဒေတွေနဲ့ တခြား အငြင်းပွားဖွယ်ရာ မူဝါဒတွေကို ဆန့်ကျင်မှုတွေနဲ့ မတူတာက ဒီလှုပ်ရှားမှုဟာ အခြေခံအားဖြင့် အယူဝါဒရေးရာနဲ့ ပတ်သက်တာ မဟုတ်ပါဘူး။

ဒါ့အပြင် လူမျိုး ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းတစ်ခုတည်းရဲ့ အကျိုးစီးပွားပေါ်မှာလည်း အခြေခံပြီး ပေါ်ပေါက်လာတာမျိုး မဟုတ်ပါဘူး။

ဒီလှုပ်ရှားမှုကတော့ အိန္ဒိယလူငယ်သန်းပေါင်းများစွာအတွက် လူမှုဘဝတိုးတက်ရေးအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ စာမေးပွဲစနစ်မှာ နိုင်ငံတော်က တရားမျှတမှုကို အာမခံပေးနိုင်သေးရဲ့လားဆိုတဲ့ မေးခွန်းကို ထုတ်ဖော်နေတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက Brown University မှာ အကြီးတန်း ဧည့်ပညာရှင်ဖြစ်တဲ့ ယာမီနီ အိုင်ယာက "စာမေးပွဲနဲ့ ပညာရေးစနစ်ဟာ ဇာတ်နိမ့်ဇာတ်မြင့်၊ လူတန်းစားနဲ့ ကျားမကွာခြားမှုတွေကို ကျော်လွန်သက်ရောက်မှုရှိပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ ပါဝင်လာတဲ့ အဓိကလူထုဟာ သီးခြားအကျိုးစီးပွားရှိတဲ့ အုပ်စုတစ်ခုတည်းကို ကိုယ်စားပြုတာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

ဒီလို ကျယ်ပြန့်တဲ့ ထောက်ခံမှုအခြေခံရှိနေတာကပဲ ဒီလှုပ်ရှားမှုကို နိုင်ငံရေးအရ ထူးခြားစေခဲ့တာပါ။

ဒေလီအခြေစိုက် သုတေသနအဖွဲ့ Centre for Policy Research က သုတေသီ ရာဟူးလ် ဗာမာ ကလည်း အရင်နိုင်ငံရေးစိန်ခေါ် မှုတွေနဲ့ ကွာခြားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ဒီလှုပ်ရှားမှုရဲ့ အဓိကအချက်က အုပ်ချုပ်ရေးပိုင်းရဲ့ စီမံခန့်ခွဲမှုအပိုင်း ပျက်ကွက်မှုဖြစ်ပါတယ်။ စာမေးပွဲတွေကို တရားမျှမျှတတ မကျင်းပနိုင်တာနဲ့ မေးခွန်းစာရွက်ပေါက်ကြားမှုတွေကို မတားဆီးနိုင်တာဟာ BJP အတွက် အရင်က ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေနဲ့ သိပ်ကွာခြားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေပါတယ်" လို့ ပြောပါတယ်။

ရာဟူးလ် ဗာမာ ကတော့ ဒီကွာခြားချက်ဟာ နိုင်ငံရေးအခြေအနေကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ အယူဝါဒ ဒါမှမဟုတ် မူဝါဒဆိုင်ရာ အကြောင်းအရာတွေကို အခြေခံထားတဲ့ အရင်ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ မတူဘဲ၊ ဒီလှုပ်ရှားမှုက BJP ပါတီရဲ့ အုပ်ချုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာ လို့ သူကပြောပါတယ်။

"သူတို့အနေနဲ့ မဟာဗျူဟာကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုအပ်ပါတယ်" လို့ ရာဟူးလ် ဗာမာ က ပြောပါတယ်။

အခု ဆန္ဒပြနေသူအများစုဟာ ပုံမှန်အခြေအနေမှာ BJP ကို ဆန့်ကျင်သူတွေ မဟုတ်ကြဘူးလို့လည်း ဗာမာက ဆိုပါတယ်။

သူတို့ဟာ "ပိုကောင်းတဲ့ အနာဂတ်ကို မျှော်မှန်းထားတဲ့ အိန္ဒိယလူငယ်တွေနဲ့ သူတို့ရဲ့ မိဘတွေဖြစ်ပြီး၊ ဒီစာမေးပွဲတွေကို လူမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားဖို့အတွက် သွားရမယ့် ဖွင့်ပေးမယ့် လမ်းကြောင်းတစ်ခုအဖြစ် မြင်နေသူတွေ" ဖြစ်ပါတယ်။

မကျေနပ်ချက်ဟာ အယူဝါဒတွေ မူဝါဒရေးရာတွေနဲ့ ပတ်သက်တာမဟုတ်ဘဲ အုပ်ချုပ်ရေးနဲ့ ပတ်သက်နေတာကြောင့် BJP အနေနဲ့ သူတို့ရဲ့ ထောက်ခံသူတွေကို လွယ်လွယ်ကူကူ စုစည်းနိုင်မှာ မဟုတ်သလို၊ အရင်က ဆန္ဒပြလှုပ်ရှားမှုတွေကို ရင်ဆိုင်ရာမှာ အသုံးပြုခဲ့တဲ့ နိုင်ငံရေးတန်ပြန်ဇာတ်ကြောင်းတွေကိုလည်း အသုံးချဖို့ ခက်ခဲနိုင်တယ်လို့ ရာဟူးလ် ဗာမာက သုံးသပ်ပါတယ်။

ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကတော့ အဲဒီသုံးသပ်ချက်ကို ပိုမိုခိုင်မာစေခဲ့ပုံရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း CJP လှုပ်ရှားမှုကို ၂၀၁၁ ခုနှစ် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်။ အဲဒါက အဓိကအားဖြင့် CJP ရဲ့ အွန်လိုင်းပေါ်က နေ လူအများကြီးရောက်အောင် ချိတ်ဆက်စည်းရုံးနိုင်မှုကြောင့်ပါ။

ဒါပေမယ့် အွန်လိုင်းပေါ်မှာစည်းရုံးလှုပ်ရှားနိုင်တာနဲ့ လမ်းတွေပေါ်ထွက်ဆန္ဒပြတဲ့အထိ ဖြစ်လာနိုင်ပါ့မလားလို့ သံသယရှိခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေထူမှုကို ဇူလိုင် ၂၀ ရက်နေ့မှာ တွေ့ခဲ့ရပါတယ်။

နည်းပညာနဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ လေ့လာသူဖြစ်တဲ့ မီချီဂန်တက္ကသိုလ်က ပါမောက္ခ ဂျိုယိုဂျစ် ပေါလ် ကတော့ လူမှုမီဒီယာဟာ "နောက်ထပ်ဖြစ်ရပ်တစ်ခုနဲ့ ပေါက်ကွဲလာဖို့ စောင့်ဆိုင်းနေတဲ့ မီးစာပုံတစ်ခုလို" ဖြစ်လာနေပြီလို့ ပြောပါတယ်။ လူမှုမီဒီယာရဲ့ အရှိန်နဲ့ ပျံ့နှံ့နိုင်စွမ်းကို စိတ်ခံစားချက်တွေက တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အနေနဲ့ တာဝန်ခံမှုမရှိဘူး ဆိုတဲ့ အချိန်ကြာမြင့်စွာ စုစည်းလာတဲ့ မကျေနပ်မှုတွေဟာ ဒီလို "အတွင်းကလှိုက်ပြီး ပေါက်ကွဲပြိုကျမှု" ဖြစ်လာဖို့ အခြေအနေတွေ ဖန်တီးပေးခဲ့တယ်လို့ ဂျိုယိုဂျစ်ပေါလ်က ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် လူမှုမီဒီယာရဲ့ သဘာဝကိုယ်တိုင်ကလည်း ဒီလို ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတဲ့ လှုပ်ရှားမှုမျိုးတွေ ထပ်ဖြစ်ပေါ်လာနိုင်ခြေကို မြင့်တက်စေတယ်လို့ သူက ပြောပါတယ်။

အခု မေးခွန်းကတော့ အွန်လိုင်းပေါ်က အရှိန်အဟုန်ဟာ ရေရှည်တည်တံ့နိုင်တဲ့ လှုပ်ရှားမှုတစ်ခုအဖြစ်ဖြစ်လာပြီလားဆိုတာ ဖြစ်ပါတယ်။

ရာဟူးလ် ဗာမာ ကတော့ " ဇူလိုင်၂၀ ရက်က စုဝေးမှုဟာ ဒီလှုပ်ရှားမှုက အရေးကြီးတဲ့ အပြောင်းအလဲအဆင့် တစ်ခုကို ကျော်လွန်သွားနိုင်ပြီဆိုတာ ပြသနေတယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ ဆက်လက်ကြီးထွားလာမလားဆိုတာကတော့ အစိုးရက ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ် အဓိကမူတည်လိမ့်မယ်လို့ ဗာမာက ထပ်ပြောပါတယ်။

ယာမီနီ အိုင်ယာ အတွက်တော့ ဆန္ဒပြပွဲက နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကို ဖော်ပြခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေ၊ လက်ဝဲဝါဒီအဖွဲ့တွေ၊ အောက်ခြေလူတန်းစား အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Bhim Army (ဘင်း အာမီ) လို အဖွဲ့အစည်းတွေ ပါဝင်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ သူတို့ထက် "နိုင်ငံတစ်ဝန်းက ကျောင်းသားတွေကိုယ်တိုင် သဘာဝအတိုင်း စုစည်းထွက်ပေါ်လာတဲ့ အင်အား" က ပိုများခဲ့တယ်လို့ အိုင်ယာက ဆိုပါတယ်။

"ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပြီးခဲ့တဲ့ သမိုင်းတစ်လျှောက် အရေးပါတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် ထူးခြားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်" လို့ ယာမီနီ အိုင်ယာ က ပြောပါတယ်။

ထူးခြားအရေးကြီးတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ဒီလှုပ်ရှားမှုဟာ စတင်ဖြစ်ပေါ်စေခဲ့တဲ့ အဖွဲ့အစည်းနဲ့ ဆိုနမ် ဝမ်ချွတ်ရဲ့ အစာငတ်ခံဆန္ဒပြမှုထက်တောင် ကျော်လွန်ကြီးထွားလာပြီလို့ ယာမီနီ အိုင်ယာက ယုံကြည်ပါတယ်။

"ဒီလှုပ်ရှားမှုဟာ CJP ကြောင့် စပေါ်ပေါက်ခဲ့တာဖြစ်ပါလိမ့်မယ်၊ အခုတော့ အဲဒီအဖွဲ့အစည်းထက်ကို အများကြီး ပိုကြီးမားသွားပါပြီ" လို့ ယာမီနီ အိုင်ယာက ပြောပါတယ်။

သူ့ရဲ့ အဆိုအရ ကျောင်းသားတွေဟာ အစိုးရက ဆန္ဒပြမှုတွေကို ကိုင်တွယ်ပုံကြောင့်သာ လမ်းပေါ်ထွက်လာတာ မဟုတ်ဘဲ၊ သူတို့ဆီမှာ ကာလကြာရှည် စုပုံလာခဲ့တဲ့ "နက်ရှိုင်းတဲ့ မကျေနပ်မှုတွေကို ဖော်ပြနိုင်မယ့် နေရာတစ်ခုနဲ့ အခွင့်အရေးတစ်ခု" ကို လိုချင်ခဲ့တာလို့ ဆိုပါတယ်။

"Meme ရုပ်ပြောင်တွေ၊ ပိုစတာတွေနဲ့ ကြွေးကြော်သံတွေကိုကြည့်ရင် မကျေနပ်ချက်တွေဟာ စာမေးပွဲမေးခွန်းစာရွက် ပေါက်ကြားမှုတစ်ခုတည်းထက် အများကြီးကျော်လွန်နေတယ်ဆိုတာ ပြသနေပါတယ်" လို့ ယာမီနီ အိုင်ယာ က ဆိုပါတယ်။

အစပိုင်းမှာ အစိုးရဝန်ကြီးတွေနဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကသာ တုံ့ပြန်ခဲ့ပေမယ့်၊ ဗုဒ္ဓဟူးနေ့မှာတော့ အာဏာရ BJP ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေက တိုက်ရိုက်တုံ့ပြန်လာခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရာဂျ်နတ်ဆင်းက အတိုက်အခံပါတီတွေဟာ ကျောင်းသားတွေကို "နိုင်ငံရေးကိရိယာတစ်ခုအဖြစ် အသုံးချနေကြတယ်" လို့ စွပ်စွဲခဲ့ပြီး၊ အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ စိုးရိမ်ချက်တွေကို လွှတ်တော်ကနေတစ်ဆင့် ဖြေရှင်းပေးဖို့ ဆက်လက်ကတိပြုထားတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာ မိုဒီကလည်း ဇူလိုင် ၂၃ ရက်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် သူ့ရဲ့ X အကောင့်ကနေ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ လူငယ်တွေရဲ့ ကောင်းကျိုးနဲ့ အနာဂတ်ထက် ပိုအရေးကြီးတာ မရှိပါဘူး" လို့ ရေးသားခဲ့ပြီး၊ စာမေးပွဲမေးခွန်း ပေါက်ကြားမှုတွေနဲ့ ပတ်သက်သူတွေကို "မြန်ဆန်ပြီး ပြင်းထန်တဲ့ အပြစ်ပေးမှု" ပြုလုပ်နိုင်ဖို့ အထူးမြန်ဆန်တဲ့ တရားရုံးတွေ ဖွင့်လှစ်သွားမယ်'' လို့ ကြေညာခဲ့ပါတယ်။

"လူငယ်တွေရဲ့ အနာဂတ်ကို ထိခိုက်စေဖို့ ကြိုးစားသူတွေကို ခွင့်လွှတ်မှာ မဟုတ်ပါဘူး" လို့ မိုဒီက ဆိုပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ဒီအာမခံချက်တွေက ဆန္ဒပြမှုတွေကို အရှိန်လျော့ရပ်တန့်စေနိုင်မလားဆိုတာတော့ မသေချာသေးပါဘူး။

ယာမီနီ အိုင်ယာ ကတော့ ဒီလှုပ်ရှားမှုဟာ နိုင်ငံမှာ စီးပွားရေးတိုးတက်မှု နှေးကွေးလာတာ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာနဲ့ အနာဂတ်မှာ အခွင့်အလမ်းတွေ လျော့နည်းလာနေတယ်ဆိုတဲ့ လူငယ်တွေရဲ့ နက်ရှိုင်းလာတဲ့ စိုးရိမ်မှုတွေကို ဖော်ထုတ်အသုံးချနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

"စီးပွားရေးအခြေအနေအပေါ် မကျေနပ်မှုတွေ ရှိနေပြီး၊ အဲဒါက အနာဂတ်အပေါ် မျှော်လင့်ချက် ပျောက်ဆုံးလာမှုအဖြစ် ပြောင်းလဲသွားပါတယ်" လို့ ယာမီနီ အိုင်ယာက ပြောပါတယ်။

"ဒါဟာ အချိန်အကြာကြီး အာဏာယူထားတဲ့ အစိုးရအပေါ် လူထုရဲ့ စိတ်ပျက်ငြီးငွေ့မှုတွေ တိုးလာနေတာကို ထင်ဟပ်စေနိုင်ပါတယ်။ အစိုးရက သူ့ရဲ့ နိုင်ငံရေးဂုဏ်သတင်းကို တည်ဆောက်ခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိတာဟာ အရေးကြီးတဲ့ အပြောင်းအလဲအဆင့် တစ်ခုကို ရောက်လာနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

ယာမီနီ အိုင်ယာ အတွက်တော့ ဒီဆန္ဒပြပွဲတွေဟာ မူဝါဒတစ်ခု ပျက်ကွက်မှုတစ်ခုတည်းနဲ့ ပတ်သက်တာ မဟုတ်ပါဘူး။

"ဆန္ဒပြသူတွေရဲ့ သတင်းစကားက ရှင်းပါတယ်။ ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်နေပါပြီ။ အတွေးအခေါ်အသစ်တွေပေါ် အခြေခံပြီး အုပ်ချုပ်မှုနဲ့ အကောင်အထည်ဖော်နိုင်စွမ်းကို အာရုံစိုက်တဲ့ နိုင်ငံရေးပုံစံအသစ်၊ နိုင်ငံရေးစကားလုံးအသုံးအနှုန်းအသစ်တစ်ခု လိုအပ်နေပြီလို့ ပြောချင်တာပါ" လို့ ယာမီနီ အိုင်ယာက ပြောပါတယ်။

ဒါပေမယ့် ဒီမကျေနပ်မှုတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအဖြစ် ရေရှည်တည်တံ့နိုင်မလားဆိုတာကတော့ နောက်ထပ် မေးခွန်းတစ်ခု ဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် ဆူဟတ်စ် ပါလ်ရှီကာ ကတော့ ပိုးဟပ် လှုပ်ရှားမှုဟာ လယ်သမားဆန္ဒပြပွဲတွေလိုပဲ လူထုရဲ့ ဒေါသနဲ့ မကျေနပ်မှုတွေကို ဖော်ထုတ်ခွင့်ပေးပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ် လို့ သုံးသပ်ပါတယ်။

ဆူဟတ်စ် ပါလ်ရှီကာ က သူ့ရဲ့ X ပေါ်မှာ "ပိုးဟပ်လှုပ်ရှားမှုက ဘယ်ကို ဦးတည်သွားမလဲ။ ဘယ်ကိုမှ မရောက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ မကျေနပ်မှုတွေကို ထုတ်ဖော်ခွင့်ပေးပြီးတဲ့အခါ နောက်ဆုံးမှာ အရှိန်လျော့သွားနိုင်ပါတယ်" လို့ ရေးခဲ့ပါတယ်။

သူက ဒီလှုပ်ရှားမှုကို Gen Z လူငယ်အုံကြွမှု တစ်ခုအဖြစ် ဇာတ်လှအောင် အလွန်အကျွံ ပုံဖော်မှုကိုလည်း သတိပေးပါတယ်။

"ဒါကို လူငယ်လှုပ်ရှားမှု ဒါမှမဟုတ် Gen Z လှုပ်ရှားမှုတစ်ခုလို့ ယူဆတာဟာ မှားယွင်းနိုင်ပါတယ်။ ဒါတွေဟာ သတင်းဝေဖန်သုံးသပ်သူတွေအတွက် အဆင်ပြေတဲ့ စိတ်ကူးပုံဖော်မှုဖြစ်ပါတယ်" လို့ ပါလ်ရှီကာက ဆိုပါတယ်။

သူ့အဆိုအရ ဒီလှုပ်ရှားမှုရဲ့ "အယူဝါဒနဲ့ နိုင်ငံရေးသဘောသဘာဝဟာ လက်ရှိအချိန်မှာ မတည်ငြိမ်သေးဘဲ ပြောင်းလဲနိုင်တဲ့ အခြေအနေ" မှာ ရှိနေပြီး၊ နိုင်ငံရေးအင်အားစုအမျိုးမျိုးက ဒီလှုပ်ရှားမှုအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေက အစိုးရကို ရင်ဆိုင်ဖို့ ဆန္ဒရှိကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်လို့ ဆူဟတ်စ် ပါလ်ရှီကာက ပြောပါတယ်။

"လူငယ်တွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ မနှစ်မြို့မှုတွေကို ပြသခဲ့ကြပါတယ်။ ဒီမိုကရေစီအစိုးရရဲ့ ရဲတပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုရဲ့ အကျိုးဆက်တွေကိုလည်း သူတို့ ခံခဲ့ရပါတယ်။ ဒီအစိုးရကို နားထောင်စေပြီး ဆွေးနွေးလာစေနိုင်တာက လမ်းပေါ်က လှုပ်ရှားမှုတွေပဲ ဖြစ်တယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

ဒီလှုပ်ရှားမှုရဲ့ အရှိန်အဟုန် ရေရှည်တည်တံ့နိုင်မလားဆိုတာကတော့ အစိုးရရဲ့ ဖိနှိပ်မှု၊ မီဒီယာအမှောင်ချမှု၊ ခေါင်းဆောင်မှုပြဿနာတွေနဲ့ လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်းနိုင်ဖို့ အခက်အခဲတွေ အပါအဝင် အချက်အများကြီးအပေါ် မူတည်မယ်လို့ ပါလ်ရှီကာ က သုံးသပ်ပါတယ်။

ဒေလီမြို့မှာရှိတဲ့ ဂျဝါဟာလာနေရူးတက္ကသိုလ်က စီးပွားရေးပညာရှင် ဆူရာဂျစ် မာဇမ်ဒါ ကတော့ ဒီလှုပ်ရှားမှုဟာ စာမေးပွဲမေးခွန်းစာရွက် ပေါက်ကြားမှုထက် ပိုကြီးမားတဲ့ ပြဿနာတစ်ခုကို ညွှန်ပြနေပြီ လို့ ယုံကြည်ပါတယ်။

"လက်ရှိ ဆန္ဒပြလှုပ်ရှားမှုနဲ့ အဲဒီအပေါ် အလိုအလျောက် ပေါ်ထွက်လာတဲ့ တုံ့ပြန်မှုတွေဟာ နိုင်ငံအခြေအနေနဲ့ ပညာရေးစနစ်အပေါ် လူငယ်တွေနဲ့ ကျောင်းသားတွေကြားမှာ ကျယ်ပြန့်စွာ ရှိနေတဲ့ မကျေနပ်မှုကို ဖော်ပြနေပါတယ်။ ဒီမကျေနပ်မှုဟာ စာမေးပွဲမေးခွန်းစာရွက် ပေါက်ကြားမှုဆိုတဲ့ သီးခြားပြဿနာတစ်ခုထက် ပိုမိုကျယ်ပြန့်ပါတယ်" လို့ ဆူရာဂျစ် မာဇမ်ဒါ က ဘီဘီစီကို ပြောပါတယ်။

အရင်က ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် လက်ရှိလှုပ်ရှားမှုဟာ "ပိုမိုကျယ်ပြန့်ပြီး အရွယ်အစားပိုကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု" ဆိုတာ ထင်ရှားနေတယ်လို့ မာဇမ်ဒါ က သုံးသပ်ပါတယ်။

မာဇမ်ဒါက ဒီဆန္ဒပြပွဲတွေဟာ အယူဝါဒရေးရာတွေ မပါတဲ့လှုပ်ရှားမှုတွေဆိုတဲ့ အမြင်ကိုလည်း ပယ်ချပါတယ်။ လယ်သမားလှုပ်ရှားမှုတွေလိုပဲ ဒီဖြစ်ရပ်က "အိန္ဒိယလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီစိတ်ဓာတ်ဟာ ရှင်သန်နေဆဲဖြစ်ကြောင်း" ပြသနေတယ်လို့ သူက ဆိုပါတယ်။

ယာမီနီ အိုင်ယာ အတွက်တော့ ဒီ ဒီမိုကရေစီစိတ်ဓာတ်ဟာ နိုင်ငံရေးကို ပြန်လည်ပုံဖော်နေပြီ ဖြစ်ပါတယ်။

"လူတွေဟာ ရွေးကောက်ပွဲနယ်ပယ်ပြင်ပက နေရာတွေမှာ အုပ်ချုပ်ရေးအတွက် တာဝန်ယူမှု ကို တောင်းဆိုလာကြပါတယ်။ ရွေးကောက်ပွဲက ရရှိတဲ့ တရားဝင်မှု နဲ့ ရွေးကောက်ပွဲပြင်ပ ဒီမိုကရေစီတာဝန်ယူမှုကြားက ကွာဟချက်ဟာ အိန္ဒိယနိုင်ငံရေးရဲ့ ဖြစ်စဉ်အသစ်တစ်ခု ဖြစ်လာနေပါတယ်" လို့ ယာမီနီ အိုင်ယာ က ပြောပါတယ်။

(CJP) ပိုးဟပ်ပါတီရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေဟာ အိန္ဒိယနိုင်ငံရေးမှာ အဓိကအမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်မလား၊ ဒါမှမဟုတ် လူထုဒေါသပေါက်ကွဲမှုတစ်ခုအဖြစ်သာ အချိန်တိုအတွင်း ပြီးဆုံးသွားမလားဆိုတာကိုတော့ အချိန်ကပဲ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။