အင်ဒိုနီးရှားရှိ မီးတောင်ပေါက်ကွဲမှုကြောင့်တောင်တက်သမား ၃ ဦး သေဆုံးခဲ့

ကယ်ဆယ်ရေးလုပ်ဆောင်နေမှု

ဓာတ်ပုံ ရင်းမြစ်, National Search and Rescue Agency

ဖတ်ရန်အချိန်: မိနစ် ၄

အင်ဒိုနီးရှားနိုင်ငံ မာလူကူးကျွန်းစု မှာရှိတဲ့ မီးတောင်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တောင်တက်သမား ၂ ဦးနဲ့ ဒေသခံ ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒူကိုနိုလို့ခေါ်တဲ့ အဲဒီသက်ဝင် မီးတောင်ဟာ သောကြာနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီ ကျော်မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေက ကောင်းကင်ပေါ်ကို ၁၀ ကီလိုမီတာအမြင့်အထိ လွှတ်ထုတ်ခဲ့တယ်အင်ဒိုနီးရှား မီးတောင်လေ့လာရေးဌာနက ဆိုပါတယ်။

ဒေသကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ တောင်တက်သမားအချို့ ဒဏ်ရာရရှိထားတယ်လို့လည်း သိရပါတယ်။ ဒေသဆိုင်ရာအရာရှိတစ်ဦးကတော့ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် တောင်တက်သမား သေဆုံးသူ နှစ်ဦးထဲမှာ စင်ကာပူနိုင်ငံသားနှစ်ဦးပါဝင်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှား မီးတောင်ဗေဒနှင့် ဘူမိအန္တရာယ်လျော့ပါးရေးဌာနကတော့ မီးတောင်ချိုင့်ဝှမ်းအနီး ၄ ကီလိုမီတာအကွာအဝေးအတွင်း မဝင်ရောက်ကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

မီးတောင်ဟာ Level Two သတိပေးအဆင့်အောက်မှာ ရှိနေစဉ် ဧပြီလတစ်လလုံး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။ ဒီလို သတိပေးချက်တွေ ရှိနေပေမယ့် ဒူကိုနိုတောင်ပေါ် ကို အထူးသဖြင့် စွန့်စားတောင်တက်မှုကို နှစ်သက်သူတွေနဲ့ မီးတောင်ရှင်ကို ကိုယ်တိုင်မြင်ချင်သူတွေကို ဆက်လက်ဆွဲဆောင်နေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာလည်း မီးတောင်စောင့်ကြည့်ရေးစခန်းကို အသိမပေးဘဲ မီးတောင်ပေါ် တက်ရောက်ခဲ့သူတွေကို တွေ့ရှိခဲ့ရပြီး ဒါဟာ လုံခြုံရေးအတွက် အလွန်စိုးရိမ်စရာဖြစ်စေတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်နေမှု

ဓာတ်ပုံ ရင်းမြစ်, National Search and Rescue Agency

မြောက်ဟာလ်မာဟီရာ‌ဒေသ ရဲချုပ် အဲလစ်ချက်ဆန် ပါဆာရီဘူကတော့ တောင်တက်သမား ၂၀ ဦးအဖွဲ့၊ နိုင်ငံခြားသား ၉ ဦးနဲ့ ဒေသခံတွေဟာ တောင်တက်ခွင့်ပိတ်ထားသော်လည်း ဒူကိုနိုတောင်ထဲကို ဝင်ရောက်ခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံခြားသား တောင်တက်သမား ၇ ဦးကတော့ အန္တရာယ်ကင်းစွာ တောင်အောက်ကို ဆင်းလာနိုင်ခဲ့သလို လူ ၃ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ပြောပါတယ်။ သေဆုံးသူထဲမှာ တာနီတီဒေသက တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်တက်အဖွဲ့နဲ့အတူရှိနေတဲ့ သယ်ယူပို့ဆောင်ရေးလုပ်သား နှစ်ဦးကတော့ မီးတောင်ပေါ်မှာ ဆက်လက်ကျန်ရှိနေပြီး သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပြန်လည်ထုတ်ယူရာမှာ ကူညီနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တောင်ခြေက ကယ်ဆယ်ရေးစခန်း

ဓာတ်ပုံ ရင်းမြစ်, Aldy

အာဏာပိုင်တွေကတော့ တောင်တက်ခွင့်ပိတ်ထားကြောင်း သတိပေးချက်တွေကို လူမှုမီဒီယာများနဲ့ တောင်တက်လမ်းဝင်ပေါက်တွေမှာ ပိုစတာတွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ထားခဲ့တယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေပြောကြားချက်အရ ဒူကိုနိုတောင်ပေါ်မှာရှိနေတယ်လို့ ယူဆထားတဲ့ တောင်တက် သမား ၂၀ ဦးထဲမှာ စင်ကာပူနိုင်ငံသား ၉ ဦးပါဝင်တယ်လို့ Reuters နဲ့ AFP သတင်းဌာနတွေက ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲကို ကိုးကားပြီး ဖော်ပြထားပါတယ်။

မြောက်ဟာလ်မာဟီရာ‌ဒေသ ရဲချုပ် အဲလစ်ချက်ဆန်ကတော့ တောင်ပေါ်မှာရှိနေခဲ့တဲ့ တောင်တက်သမားတွေထဲက အသက်ရှင်နေသူအားလုံးကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒူကိုနို မှာရှိနေခဲ့တဲ့ လူစုစုစုပေါင်း ၁၅ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒူကိုနိုမီးတောင်ဆီသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, BASARNAS

ဓာတ်ပုံ ပုံစာ, ဒူကိုနိုမီးတောင်ဆီသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးဖြစ်သူ အယ်လ်ဒီ နဲ့ ဘီဘီစီက ဆက်သွယ်ပြောဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူနဲ့သူ့အဖွဲ့ဟာ လက်ရှိမှာ မီးတောင်ထိပ်ကနေ ၂ ကီလိုမီတာ ( ၁ မိုင်ကျော်) အကွာရှိ အကာအကွယ်စခန်းတစ်ခုမှာ ရှိနေတယ်လို့ ဆိုပါတယ်။

"နောက်ဆုံးစခန်းအခြေအနေက လုံခြုံပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်" လို့ ဖုန်းလိုင်းအခြေအနေမကောင်းတာကြောင့် အကြိမ်ကြိမ် ပြတ်တောက်သွားတဲ့ ဖုန်းခေါ်ဆိုမှုအတွင်း သူက ပြောပါတယ်။

ဒူကိုနို မီးတောင်ကတော့ မီးတောင်ချိုင့်ဝှမ်းထဲကနေ မီးတောင်ပြာနဲ့ ကျောက်ခဲတွေကို ဆက်တိုက် ထုတ်လွှတ်နေဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် မီးတောင်ထိပ်ပိုင်းဟာ တောင်တက်သူတွေအတွက် အလွန်အန္တရာယ်များနေတယ်လို့ အယ်လ်ဒီက ပြောပါတယ်။

"စခန်းကနေတောင် မီးတောင်ပြာနဲ့ ကျောက်ခဲတွေ ဆက်တိုက် ထွက်နေတာကို မြင်နေရပါတယ်" လို့ သူက ဆိုပါတယ်။

အယ်လ်ဒီရဲ့ ပြောကြားချက်အရ အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကတည်းက တောင်တက်ခွင့်ကို ပိတ်ထားခဲ့ပြီး ဒီကန့်သတ်ချက်ကို သတင်းမီဒီယာတွေနဲ့ တောင်တက်လမ်းကြောင်းတစ်လျှောက်က ပိုစတာတွေကတစ်ဆင့် အသိပေးထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒူကိုနို မှာ တရားဝင် မှတ်ပုံတင်စခန်းမရှိတာကြောင့် တောင်တက်သမားတွေဟာ တောင်တက်လမ်းကြောင်းထဲကို လွတ်လပ်စွာ ဝင်ရောက်လာနိုင်ခဲ့ကြတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အယ်လ်ဒီက ကတော့ တောင်တက်သမားတွေဟာ မီးတောင်ချိုင့်ဝှမ်းကို အနီးကပ်ကြည့်ရှုဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ မီးတောင်မှာ လှုပ်ရှားမှုတွေ ပိုများလာနေပေမယ့် အနီးနားကျေးရွာတွေဟာ မီးတောင်နဲ့ အတော်အလှမ်းဝေးတာကြောင့် လက်ရှိအချိန်ထိ လုံခြုံနေတယ်လို့လည်း သိရပါတယ်။

ဒူကိုနို မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာတွေ ကောင်းကင်ထဲထိုးထွက်ထုတ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, Volcanological Survey of Indonesia

ဓာတ်ပုံ ပုံစာ, ဒူကိုနို မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာတွေ ကောင်းကင်ထဲထိုးထွက်ထုတ်လွှတ်
ဒူကိုနိုမီးတောင်ဆီသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, BASARNAS

ဓာတ်ပုံ ပုံစာ, ဒူကိုနိုမီးတောင်ဆီသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့

အင်ဒိုနီးရှား အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ Basarnas ရဲ့ ထုတ်ပြန်ချက်အရ အာဏာပိုင်တွေ ဆွေးနွေးသုံးသပ်ချက်များအရ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ သို့ တစ်ဦးချင်းအနေနဲ့ တရားဝင်ပိတ်ထားတဲ့ တောင်တက်ဧရိယာကို မလိုက်နာဘဲ ဒူကိုနိုတောင်ကို တက်ရောက်ခဲ့ခြင်းကြောင့် "လစ်ဟာမှုဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း ဆိုပါတယ်။

အစိုးရအနေနဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြည့်စုံစွာဖော်ထုတ်နိုင်ရန် သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။