"မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ"- အရှင်ပညာကာရ (Walk For Peace)

ဓာတ်ပုံ ရင်းမြစ်, Walk for Peace
ဗီယက်နမ်နွယ်ဖွား ဆရာတော်အရှင်ပညာကာရဟာ Walk For Peace ဆိုတဲ့ ခေါင်းစဥ်နဲ့ အမေရိကန်နိုင်ငံတွင်းမှာ မိုင်ပေါင်း ၂,၃၀၀ ကျော် ဖြတ်သန်းပြီး ငြိမ်းချမ်းရေး တရားဓမ္မတွေ ဟောကြားပြသခဲ့ပါတယ်။
ဆရာတော်ဟာ သီရိလင်္ကာနိုင်ငံက ပင့်ဖိတ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ အကြမ်းမဖက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ သီရိလင်္ကာမှာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ၇ ရက်ကြာ ခြေလျင်ကြွခဲ့ပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးက တွေ့ရှိသိမြင်မှုတွေ၊ ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကာလက မြန်မာမှာ နေထိုင်သီတင်းသုံးပြီး ဝိပဿနာတရား အားထုတ်ခဲ့ပုံ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့အတွေ့အကြုံတွေကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ်လျှောက်ထားမေးမြန်းထားပါတယ်။
ဘီဘီစီ ။ ။ ပထမဦးဆုံး လျှောက်ထားမေးမြန်းချင်တာက ဆရာတော်နဲ့ ဘုန်းတော်ကြီးတွေ အများအပြားက အမေရိကန်တခွင်ကို ခြေလျင်ကြွခဲ့ကြတယ်။ အမေရိကန်ပြည်သူတွေကလည်း လက်ခံအားပေးကြတာလည်း တွေ့ရပါတယ်။ အဲဒီလိုအတွေ့အကြုံတွေက ဆရာတော်အတွက် ဘယ်လိုအသိဖြစ်စေခဲ့သလဲ။ အဲဒီခရီးစဉ်ကနေ ဘာတွေကို လေ့လာနိုင်ခဲ့ပါသလဲ ဘုရား။
အရှင်ပညာကာရ ။ ။ ဒီ Walk for Peace အကြောင်းပြောရင် ခံစားချက်တွေ အစုံဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီခရီးအတွင်းမှာ ဘဝနောက်ကြောင်းအမျိုးမျိုးရှိတဲ့ လူမျိုးစုံနဲ့ တွေ့ဆုံခဲ့ရတယ်။ ပျော်တယ်၊ ဝမ်းနည်းတယ်။ ခံစားချက်အစုံပါပဲ။ ဒီတော့ ဦးဇင်း အတွက်ရော၊ အခြားဆရာတော်တွေအတွက်ဆိုရင်ရော ဒီခရီးဟာ ခရီးထူးလို့ ပြောလို့ရပါတယ်။ ကိုယ်တိုင်သဘောပေါက်ခဲ့ရတာတွေရှိတယ်။ ငြိမ်းချမ်းရေးကို သိပ်ကိုတောင့်တနေကြတဲ့လူတွေကို မြင်တွေ့ခဲ့ရတယ်။
ဒီတော့ ဦးဇင်းအတွက်ဆိုရင် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရခဲ့ချိန်က မိန့်မှာခဲ့တာကို ဖြည့်နိုင်ခဲ့တယ်လို့ ပြောလို့ရမယ် ထင်တယ်။ ရဟန်းတို့ ဒေသစာရီကြွကြ၊ အရပ်မျက်နှာ အားလုံးကိုသွားကြ၊ သတ္တဝါတွေအားလုံးအကျိုးအတွက် ဓမ္မကို ဖြန့်ဝေဖို့ မိန့်ကြားခဲ့တာကို ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။
ရဟန်းတစ်ပါးအနေနဲ့ပြောရရင် ဒါနဲ့ပတ်သက်ပြီး အများကြီး ဆင်ခြင်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဦးဇင်းရော၊ ခရီးမှာပါတဲ့ သံဃာတွေအားလုံးရော နေ့တိုင်း လမ်းလျှောက်တိုင်း ခြေလှမ်းတိုင်းမှာ ဒါကို ခံစား ဆင်ခြင်မိကြတယ်။ လူအများကြီး ထွက်လာကြတယ်။ ဦးဇင်းတို့ဘက်ကလည်း ဗုဒ္ဓ၊ ဓမ္မ၊ သတိပဋ္ဌာန်တရားတော်နဲ့ မေတ္တာ ဂရုဏာတွေကို မျှဝေနိုင်ခဲ့တယ်။ လူသားတွေအတွက်ရော၊ ကမ္ဘာမှာပါ ငြိမ်းချမ်းရေး ပျံ့နှံ့ဖို့ မျှော်လင့်ချက်နဲ့ပေါ့လေ။
ပြီးတော့ ဦးဇင်းတို့ ဒါကို ၁၀၂ ရက်တိုင်တိုင် ကျင့်ကြံခဲ့ကြတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်ရော၊ တခြားသူတွေဆီကပါ အများကြီး သင်ယူနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Walk For Peace
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ ။ ။ ဒီခရီးကနေ အမေရိကန်လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဘယ်လို ပြောင်းလဲမှုတွေကို ဆရာတော် မြင်တွေ့ခဲ့ရပါသလဲ။ တိတိကျကျပြောဆိုနိုင်တဲ့ ရလဒ်တွေ၊ သက်ရောက်မှုတွေဆိုရင် ဘာတွေများ တွေ့မြင်ခဲ့တယ်လို့ ပြောလို့ရပါသလဲဘုရား။
အရှင်ပညာကာရ ။ ။ အပြောင်းအလဲဆိုရင် ... အမေရိကန်ပြည်ထောင်စုအတွက်ရော၊ ကမ္ဘာကြီးအတွက်ရော အပြောင်းအလဲ တစ်ခုဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုရင် ဒီနေ့အထိ လူအများစုဟာ သူတို့ကိုယ်တိုင်ရော၊ သူတို့ပတ်ဝန်းကျင်အတွက်ရော ဘယ်လိုငြိမ်းချမ်းအောင်လုပ်မလဲလို့ အသိသတိရှာဖွေ ကျင့်ကြံနေကြတယ်။ သတိပဋ္ဌာန်တရားကျင့်ဖို့ စိတ်ကို ဖြူစင်အောင်ထားဖို့ ၊ မတွယ်ငြိဖို့ လမ်းညွှန်နည်းလမ်းတွေကို အွန်လိုင်းမှာ ရှာဖွေနေကြတယ်။ တရားဘယ်လို ကျင့်ကြံကြမလဲ။ မမြဲခြင်းကို ဆင်ခြင်ဖို့၊ တရားအသိကပ်ဖို့ ရှာနေကြတာမျိုးပေါ့။
ဦးဇင်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဆိုရင် ဖော်လိုဝါ သန်းနဲ့ချီရှိနေပြီ။ နေ့တိုင်းလည်း ဖော်လိုလုပ်တဲ့သူ မပြတ်ဘူး။ သူတို့ အားလုံးက အွန်လိုင်းကနေ တရားပြတာမျိုးကို စောင့်နေကြတယ်။
ဒါကြောင့် ငြိမ်းချမ်းခြင်းကို လိုလားတောင့်တသူတွေအတွက်ဆိုရင် ရိုက်ခတ်မှုကြီးတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ဒီ Walk for Peace ကနေ အကျိုးကျေးဇူးခံစားရသူတွေ အများကြီးရှိနေဆဲပါ။ သူတို့တွေက ဦးဇင်းတို့ကျောင်းတိုက်ကို လာနေကြတုန်းပါပဲ။ စေတနာ့ ဝန်ထမ်းလာလုပ်ကြနေဆဲပဲ။ သတိပဋ္ဌာန်တရားနဲ့ပိုပြီး ထိတွေ့နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ပေါ့။

ဓာတ်ပုံ ရင်းမြစ်, Walk for Peace
ဘီဘီစီ ။ ။ ခရီးစဉ်တစ်လျှောက်မှာ ခက်ခဲတဲ့အချိန်တွေကိုလည်း ဆရာတော်ကြုံတွေ့ခဲ့ရတယ်လို့ တပည့်တော်တို့ ကြားသိရပါတယ်။ အဲဒီလိုအတွေ့အကြုံတွေက ဆရာတော်ရဲ့သနားကြင်နာမှုနဲ့ ကရုဏာတရားအပေါ် မှာ ဘယ်လိုသက်ရောက်မှုရှိခဲ့ပါသလဲ။
အရှင်ပညာကာရ ။ ။ ဒီလမ်းလျှောက်တဲ့ခရီးမှာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ အများကြီး ကြုံရတယ်ပေါ့။ တစ်နေ့ကို ၂၂ မိုင်ကနေ ၂၄ မိုင်လောက်အထိ တချို့နေ့တွေဆိုရင် ၃၂ မိုင်လောက်အထိ နေ့တိုင်း လမ်းလျှောက်တော့ သိပ်ကို ပင်ပန်းပါတယ်။ ခြေဗလာနဲ့ကြွတဲ့ဆရာတော်တွေဆိုရင် ခြေဖဝါး အရေပြားအလွှာတွေကွာပြီး အရည်ကျည်ဖုထတာ၊ သွေးထွက်တာ၊ ခြေကျင်းဝတ်နာကျင်တွေ ဖြစ်တယ်။ ခြေထောက်မှာရော၊ ဒူးမှာရောပေါ့။
ရာသီဥတုဒဏ်လည်းကြုံရတယ်။ အေးလိုက်၊ ပူလိုက်၊ ရေခဲမတတ် အေးလိုက်နဲ့ပေါ့။ ဒီလို အဟန့်အတားတွေ အများကြီး ကြုံရတယ်။ ဆန္ဒပြသူတွေနဲ့လည်း ကြုံခဲ့ရတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်လို့ ဦးဇင်းတို့ကို သဘောမကျတဲ့သူတွေပေါ့။ ဒီလို ပြဿနာတွေကို စစချင်းနေ့ကနေ နောက်ဆုံးနေ့အထိ ခရီးစဥ်အဆုံးအထိ ကြုံရတယ်။
ဒါပေမဲ့ ဦးဇင်းတို့ဟာ မေတ္တာ၊ ကရုဏာကို ထိန်းနိုင်ခဲ့ပါတယ်။ ဒါက ဗုဒ္ဓရဲ့ အဆုံးအမလေ။ အမုန်းကို အမုန်းနဲ့ မတုံ့ပြန်ဖို့။ အမုန်းကို မေတ္တာနဲ့အနိုင်ယူဖို့။ ဒီတော့ ဦးဇင်းအနေနဲ့ အဲဒီအဟန့်အတားတွေကနေ အားလုံးကို ဆင်ခြင် သင်ယူနိုင်ခဲ့တယ်။ ဆန္ဒပြသူတွေဆိုရင်လည်း ကိုယ့်အတွက်ကတော့ မေတ္တာ၊ ကရုဏာနဲ့ ခန္ဓီပါရမီ ဖြည့်ဖို့ရာ ဖြစ်စေခဲ့တယ်။ အဲဒီအတွက်လည်း သူတို့ဟာ ကိုယ်အတွက်ရော၊ တခြား သံဃာတွေအတွက်ပါ ပါရမီဖြည့်ပေးကြတဲ့သူတွေလို့ဆိုပြီး ကျေးဇူးတင်နေတုန်းပဲ။
အဲဒီလိုကြုံရတဲ့အချိန်တိုင်းကတော့ ပင်ပန်းနွမ်းနယ်နေကြတာပေါ့၊ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် အတားအဆီးတွေ ကြုံရတာပဲဖြစ်ဖြစ် ကိုယ့်အဓိဋ္ဌာန်အတိုင်းပဲ ထကြ၊ ထူကြပြီးခရီးဆက်ကြပါတယ်။
Walk for Peace တောက်လျှောက်မှာ ဦးဇင်းပြောခဲ့တဲ့အတိုင်းပါပဲ။ လူတစ်ယောက်တည်းနဲ့ အပြောင်းအလဲကို မလုပ်နိုင်ပါဘူး။ ဒီကမ္ဘာမှာ ဒါကို ဘယ်သူမှလည်း မလုပ်နိုင်ပါဘူး။ ဒီကမ္ဘာမှာ တကယ့်ကို ရဲရင့်တဲ့လူတွေ၊ ရှေးက ဘိုးဘွားတွေဟာ ကမ္ဘာကြီး ငြိမ်းချမ်းအောင် ကြိုးပမ်းခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ လူသားအားလုံးအတွက် မဖြစ်ခဲ့ဘဲ လူဦးရေ အတိုင်း အတာတစ်ခုအထိပဲ လုပ်နိုင်ခဲ့တာပါ။ ဒီတော့ ဘယ်သူမှ ဒီကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းအောင်မလုပ်နိုင်ပါဘူး။
ဒီတော့ ဦးဇင်းတို့လို ဗုဒ္ဓဘာသာဘုန်းကြီးတွေလည်း အတူတူပါပဲ။ ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကမ္ဘာကြီးရဲ့နေရာတစ်စိတ်တစ်ဒေသက လူတချို့ကိုတော့ ပြောင်းလဲအောင် လုပ်နိုင်ပါတယ်။ ဒါလည်းပဲ လူသန်းချီက အခုခရီးကို အဆက်မပြတ်ကြဘဲ သူတို့ကိုယ်သူတို့ အရင်ငြိမ်းချမ်းအောင် ကြိုးပမ်းနေကြတာကို မြင်နိုင်ပါတယ်။
ဒီတော့ ကမ္ဘာကြီးက ဘယ်လိုပဲဖြစ်နေနေ လူတွေဟာ သူတို့ကိုယ်မှာ ငြိမ်းချမ်းပြီဆိုရင် မုန်းတီးရန်လိုမှုတွေ လျှော့ချပြီး ကမ္ဘာကြီးရဲ့ ရန်မလုပ်တော့ဘူး။ ဒါက ကောင်းတဲ့အရာလို့ ဦးဇင်းထင်တယ်။ လူတစ်ဦးချင်းစီ၊ ရွာတစ်ရွာချင်းစီ၊ မိသားတစ်စုချင်းစီကနေ စတင်မယ်ဆိုရင် စုပေါင်းအင်အားနဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။
ဘီဘီစီ ။ ။ ကမ္ဘာတဝန်းမှာ အခုဆိုရင် လူသားတွေက စစ်ပွဲတွေ၊ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သက်ရောက်မှုတွေကို ကြုံနေကြရပါတယ်။ ဒီပြဿနာနဲ့ ဒုက္ခတွေကို ကျော်လွှားဖို့ ဘယ်လို နည်းလမ်းတွေနဲ့ တစ်နေ့ချင်းစီ ကျော်ဖြတ်နိုင်မလဲ။
အရှင်ပညာကာရ ။ ။ ပထမနေ့ကတည်းက ဒါကို ပြောခဲ့ဖူးပါတယ်။ ကမ္ဘာကြီးဟာ ပြောင်းလဲနေမှာပါပဲ။ အရာအားလုံးဟာ မတည်မြဲတဲ့ အနိစ္စတရားလို့ ဗုဒ္ဓကလည်း ဟောခဲ့တယ်လေ။ ဒီအတွက် အသိသတိ ကပ်ဖို့ လိုပါတယ်။ ကိုယ့်တစ်ကိုယ်ရည် ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဦးဇင်းတို့ ခရီးဝေးလမ်းလျှောက်ပြီး အသိမျှဝေခဲ့ကြတယ်။ နည်းလမ်းကတော့ သတိပဋ္ဌာန်တရားကို အားထုတ်တာပါပဲ။
သတိပဋ္ဌာန် အားထုတ်ပြီဆိုပါစို့၊ ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ့်ဘာသာ ထိန်းချုပ်နိုင်ပြီ။ အဲဒီလိုဆိုရင် လက်ရှိကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေကို စိတ်ခံစားချက်နဲ့ တုံ့ပြန်မှာမဟုတ်တော့ဘူး။ ဒါဆိုရင် ဒီလိုဆိုရင် ကိုယ့်ကြောင့်ဖြစ်မယ့် ပြဿနာတစ်ခု ကမ္ဘာကြီးဆီ မရောက်နိုင်တော့ဘူး။
ဒီလိုနဲ့ ဒီကမ္ဘာက လူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီဟာ ဒီလိုပြုမူကျင့်ကြံမယ်ဆိုရင် သဟဓမ္မိကအားကြောင့် အပြောင်းအလဲဖြစ်လာမယ်လို့ ဦးဇင်းယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုရင် နေ့စဥ်နေ့တိုင်းမှာ သတိအသိကပ်ထားပြီး ကိုယ့်ကိုလာရိုက်ခတ်တာတွေကို ကို မတုံ့ပြန်ဘဲ ဖြစ်ပျက်သဘောရှုဖို့ လိုအပ်ပါတယ်။
လောကဓံအရဖြစ်လာတာတွေ၊ အကြောင်းဖန်လာတာတွေကို လိုက်ပြီး ခံစားတုံ့ပြန်နေမယ်ဆိုရင် ကိုယ် ခံစားရမှာပဲ။ လောကဓမ္မတာအရ ပုထုဇဥ်တွေဟာ ဆူးကင်းတဲ့လမ်းကို လျှောက်ရတယ်ဆိုတာမျိုးမရှိပါဘူး။ ဘဝမှာ ပြဿနာတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။
ဘဝဟာ ပန်းခင်းလမ်းဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားလို့မရနိုင်ပါဘူး။ ဒါကြောင့် ဖြစ်ပျက်သမျှကို သတိကပ်ဖို့ အရေးကြီးပါတယ်။ ကာယ၊ ဝစီ၊ မနော အားလုံးကို သတိကပ်ရမယ်။ ကိုယ်က ဒါတွေအားလုံးကို ထိန်းနိုင်ပြီဆိုရင် ဘဝလည်း အေးချမ်းသွားမှာပဲ။
ခဏလောက်ရပ်လိုက်၊ အသက်ကို ဝဝရှု၊ အတွေးကို သိအောင်ကြိုးစားလိုက်။ ဒါဆိုရင် ကိုယ့်ကိုယ်တွင်းမှာ အေးချမ်းမှု တည်ပြီပေါ့။
ဘီဘီစီ ။ ။ သာသနာ့ဘောင်ထဲမဝင်ခင် ဆရာတော်က အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့တယ်လို့ တပည့်တော်တို့ သိထားပါတယ်။ အဲဒီလို သာမန်လောကီဘဝနဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်တွေကို ထားခဲ့ပြီးတော့ ရဟန်းဘဝကို ရွေးချယ်ဖို့ ဘယ်အကြောင်းအချက်က ဆရာတော့်ကို လှုံဆော်ပေးခဲ့သလဲ။
အရှင်ပညာကာရ ။ ။ လူဝတ်ကြောင် ဘဝတုန်းက လုပ်ငန်းခွင်မှာ ကိုယ်က မိတ်ဆွေလို့ ထင်ခဲ့သူတွေက ကိုယ့်ကိုချနင်းပြီး သူတို့ဘဝတက်လမ်းအတွက် ကြိုးစားကြတာတွေကို ကြုံရတယ်။ ဒီလိုဖြစ်နေတာတွေကို နေ့တိုင်းကြုံလာရတဲ့အခါ ကိုယ့်အဖေ၊ အမေ၊ အစ်ကို၊ အစ်မတွေလိုပဲ ဒီလိုလမ်းကို ဆက်လျှောက်ပြီး ဖြေရှင်းမှာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်တယ်။ ဒါမှမဟုတ်လည်း သူတို့နဲ့မတူတဲ့လမ်းကို လျှောက်မှာလားပေါ့။ မိသားစုထဲမှာလည်း ပြဿနာတွေရှိနေတယ်။ အဲဒီမှာ ကိုယ်ကိုယ်ကိုယ်လည်း မေးခွန်းထုတ်တယ်။ ငါလိုချင်တာ ဒီဘဝလားပေါ့။
အဖြေကတော့ မဟုတ်ဘူး။ ငါလိုချင်တာ ဒီလိုဘဝမျိုးမဟုတ်ဘူးဆိုပြီး ထွက်တယ်။ ဒါဆိုရင် ငါတကယ်လိုချင်တာက ဘာလဲ။ အဲဒီတုန်းကတော့ ကိုယ်လျှောက်မယ့်လမ်းဟာ ဒီခရီးဆိုတာကို မသိခဲ့ပါဘူး။ ရဟန်း တစ်ပါးဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။
ဒါပေမဲ့ တစ်နေ့တော့ တက္ကဆက် ရဲ့ သိပ်ကို ပူပြင်းတဲ့နေ့တစ်နေ့မှာ အလုပ်ကထွက်လာလိုက်ပြီးတဲ့နောက် ဆရာတော်တစ်ပါးကို ဥပဇ္စျာယ်ပြုပြီး ရဟန်းဖြစ်လာတယ်ပေါ့။
အရာအားလုံးဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာကို မြင်သွားတာလည်းပါတာပေါ့လေ။ အတုတွေလို့ သုံးနှုန်းချင်ပါတယ်။ အနီးဆုံးလူတွေကတောင် သူတို့အကျိုးစီးပွားအတွက် ကိုယ့်ကို ချနင်းဖို့ အသုံးချဖို့ ဝန်မလေးဘူးဆိုတာကို မြင်တတ်သွားတယ်။ ဒါတွေကြောင့်ပဲ ဒီလမ်းကို လျှောက်ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Walk for Peace
ဘီဘီစီ ။ ။ ဆရာတော်က ဗုဒ္ဓဘာသာကို အစကတည်းက ကိုးကွယ်ခဲ့သူလား။ ဒါမှမဟုတ် ဘဝရဲ့ သက်တမ်းတစ်ခုရောက်တဲ့ နောက်ပိုင်းမှ စိတ်ဝင်စားပြီး ယုံကြည်သက်ဝင်လာတာပါလားဘုရား။
အရှင်ပညာကာရ ။ ။ ဦးဇင်းက အာရှနွယ်ဖွားပေါ့... မြန်မာမှာတော့ မပြောတတ်ဘူး။ ဦးဇင်းတို့ ဗီယက်နမ်တွေကတော့ အများစုက ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်တွေလို့ မှတ်ယူထားကြတတ်တယ်။ ဒါပေမဲ့ ဗီယက်နမ်တွေက ဘိုဘွားတွေကိုပဲ ကန်တော့ကြတာများတယ်။ ဗုဒ္ဓဘာသာဝင် စစ်စစ်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားကျောင်းကန်သွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်လို့ ပြောကြလေ့ရှိတယ်။ ဗုဒ္ဓဘာသာနဲ့က နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။
ထိုနည်းတူပဲ ဗီယက်နမ်က ဦးဇင်းတို့ မိသားစုလည်း အတူတူပဲ။ ဗုဒ္ဓအဆုံးအမကို ကျင့်သုံးတာလည်းမရှိဘူး။ ဗီယက်နမ်မှာတုန်းကဆိုရင် ဗုဒ္ဓဘာသာဆိုတာလည်း မသိခဲ့ဘူး။ ဗုဒ္ဓဟာ ဘယ်သူလဲဆိုတာလည်း မသိခဲ့ဘူး။
ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အခါမှ ဘုရားကျောင်းကန် ရှိမှန်း၊ ဗုဒ္ဓရှိမှန်း သိခဲ့ရတာ။ အဲဒီကနေမှ စပြီး လေ့လာဖြစ်တာပေါ့။ ဆိုတော့ ဦးဇင်းရဲ့ ဗုဒ္ဓဘာသာဝင်ခရီးက အမေရိကန်မှာ စတင်ပါတယ်။
ဘီဘီစီ ။ ။ ရဟန်းဘဝကိုစတဲ့အချိန်မှာ အကြီးမားဆုံးစိန်ခေါ်မှုလို့ပြောရင် ဘာဖြစ်မလဲဘုရား။
အရှင်ပညာကာရ ။ ။ ရဟန်းဘဝအစမှာကတည်းက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ရဟန်းဘဝမှာ ဆက်မနေနိုင်အောင် လာလုပ်ကြသူတွေလည်းရှိတယ်။ ဒါပေမဲ့ အဲဒါတွေကို သည်းခံပြီးပဲ သမာဓိလည်း မြဲအောင် ကျင့်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ။ ခန္ဓီပါရမီ ဖြည့်ဖို့ရာ နည်းလမ်းတွေ ဖြစ်ခဲ့တယ်။
ဘီဘီစီ ။ ။ ဆရာတော် တရားအားထုတ်ဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ဘယ်အချိန်ကသွားခဲ့သလဲ။ ဘယ်တရားစခန်းမှာ နေထိုင်ပြီး တရားအားထုတ်ခဲ့တာပါလဲဘုရား။
အရှင်ပညာကာရ ။ ။ မြန်မာကို ၂၀၁၈ ခုနှစ်တုန်းကနေ စသွားခဲ့ပါတယ်။ ဒီက ကျောင်းတိုက်မှာ အကြာကြီးနေပြီးတဲ့နောက် ဦးဇင်းရဲ့ဆရာသမားက မြန်မာကို သွားဖို့ ခွင့်ပြုခဲ့ပါတယ်။ ဆရာတော်က မြန်မာမှာ ၅ နှစ်ကနေ ၇ နှစ်လောက်အထိ တရားအားထုတ်ဖို့ သီတင်းသုံးနိုင်တယ်လို့ မိန့်တယ်။ တရားလည်းအားထုတ် ဓမ္မစာပေလည်း လေ့လာပေါ့။ တရားအားထုတ်ဖို့ အရင်လုပ်မယ်လို့ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။
ထားဝယ်ကို သွားခဲ့တယ်။ ဆရာတော် ဦးကွန်းရဲ့ထားဝယ်က ဖားအောက်ရိပ်သာကိုပါ။ အဲဒီမှာ တစ်ဝါဆိုတယ်။ ဝါဆိုပြီးတဲ့အခါ ပြင်ဦးလွင်က ဖားအောက်တောရကို သွားပါတယ်။ အဲဒီမှာ ဖားအောက်ဆရာတော်ကြီးလည်းရှိတော့ သူ့ရဲ့သင်ကြားပြသမှုအောက်မှာ ၂၀၂၀ မတိုင်ခင် အထိ သင်ယူခဲ့ပါတယ်။ ၂၀၂၀ ရောက်တော့ ဒီက ဆရာတော်က ဖားအောက်ဆရာတော်ကြီးဆီ ဖုန်းဆက် ခွင့်တောင်းပြီး ဦးဇင်းကို ပြန်လာဖို့ခေါ်တယ်။ ဒီဘက်က ကျောင်းမှာလည်း မြေကိစ္စ ပြဿနာတက်တယ်လေ။ အခု ဘုရားတည်မယ့်မြေနေရာကိစ္စပေါ့။ ဒါကြောင့်ပဲ မြေကိစ္စ ရှင်းဖို့ အမေရိကန်ကို ပြန်ခဲ့ရတယ်။
ပြန်လာပြီး ကိစ္စတွေများနေတာနဲ့ ဒီကနေ ပြန်မရဖြစ်တယ်။ ကိုဗစ်ဖြစ်တော့ မြန်မာကို ပြန်လို့မရဖြစ်တာပေါ့။ ဒါနဲ့ ဒီကျောင်းမှာပဲ လူမှုကူညီရေးတွေလုပ်၊ တရားထိုင်၊ စေတီတည်ရေး ဆက်လုပ်ရတာပေါ့။ ဖားအောက်မှာ ၂ နှစ်ကြာ သီတင်းသုံးခဲ့ရတာက ဆရာတော်ကြီးထံကနေ အများကြီး သင်ယူခဲ့ရသလို တခြားဆရာတွေဆီကလည်း ပညာတွေရခဲ့ပါတယ်။
အဲဒီမှာ တရားနဲ့နေရတာ သိပ်ကို ငြိမ်းချမ်းတယ်ဆိုတာကိုလည်း ကိုယ့်ဘာသာတွေ့ရှိခဲ့ပါတယ်။ ဗာရီဟလည်း မများလှဘူးကိုး။ ဒီကိုပြန်လာတော့လည်း လုပ်စရာရှိတာတွေလုပ်၊ ကိုယ့်အချိန်ဇယားနဲ့ကိုယ် ကျင့်စရာရှိတာလည်း ကျင့်ပေါ့လေ။
၂၀၂၅ တုန်းက မြန်မာကို နောက်ဆုံးရောက်ပါတယ်။ အဲဒီအတိုင်ခင်တုန်းကတော့ MCU တက္ကသိုလ် ၂၅ နှစ်ပြည့်ကိုလည်း ရောက်ပါသေးတယ်။ ပြီးတော့ ငလျင်လှုပ်အပြီးမှာ နောက်တစ်ခေါက် နောက်ဆုံးရောက်ပါတယ်။ လာမယ့် ဇွန်လမှာတော့ မြန်မာကို ဆက်သွားဖို့ရှိပါတယ်။
ဘီဘီစီ ။ ။ ဆရာတော့် အနေနဲ့ မြန်မာနိုင်ငံမှာ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံကနေ ဘယ်လို အချက်တွေ သင်ယူရရှိခဲ့လဲ။
အရှင်ပညာကာရ ။ ။ တရားထိုင်တာနဲ့ပတ်သက်ပြီး သင်ယူနိုင်ခဲ့တာလို့ဆိုရင်တော့ စိတ်ကို စင်ကြယ်အောင် ဘယ်လိုထားမလဲဆိုတာပြောရမှာပါ။ ဖားအောက်ဆရာတော်ကြီးနည်းက တခြားနည်းတွေနဲ့ ကွဲတယ်။ ဒီမှာရှိတုန်းကလည်း ဝိပဿနာကို ကျင့်ပြီးသားပါပဲ။ ဒါပေမဲ့ ဖားအောက်ဆရာတော်ကြီးရဲ့သင်ပြမှုကြောင့် နည်းသစ်ကို သင်ယူနိုင်ခဲ့ပါတယ်။ သူ့နည်းနာနဲ့ ကျင့်ကြံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တရားတွေ့ရှိမှုအပိုင်းကို ဒီလိုထုတ်ပြောလို့ မသင့်လို့ မပြောနိုင်တာကိုတော့ အားနာမိပါတယ်။
ဘီဘီစီ။ ။ မြန်မာနိုင်ငံက ဆရာတော်ကြီးတွေက ဆရာတော့် အတွက် ဘယ်လို အထောက်အပံ့ကောင်းနဲ့ အကြံဉာဏ်ကောင်းတွေကိုပေးခဲ့ပါသလဲဘုရား။
အရှင်ပညာကာရ။ ။ မြန်မာကို အကြိမ်ကြိမ်သွားခဲ့ပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်းမှာတောင် သွားခဲ့ပါသေးတယ်။ သဘာဝဘေးအလွန်ကူညီရေးအတွက်ပေါ့။ အတိအကျတော့ မပြောတတ်တော့ဘူး။ ဒါပေမဲ့ ကူညီခဲ့တာ ဒေါ်လာ ၁ သိန်းကျော်တော့ရှိပါတယ်။ အလှူငွေရှာပြီး သွားလှူလိုက်တာပေါ့။ တိပိဋကဆရာတော် အတော်များများနဲ့လည်းဆုံခဲ့တယ်။ ပါချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသကိုလည်း သွားကန်တော့ခဲ့တယ်။ ဆရာတော်ကြီးတွေ အတော်များများလည်းတွေ့ခဲ့တယ်။ ပြောရရင်တော့ မြန်မာက ဆရာတော်ကြီးတွေဟာ ဦးဇင်းတို့လို ဝါငယ်တဲ့မျိုးဆက်ရဟန်းတွေကို ကြင်နာတယ်၊ အားပေးတယ်။ ဒါတွေကို မြန်မာဆရာတော်ကြီးတွေဆီမှာ တွေ့ရပါတယ်။
မြန်မာဆရာတော်တွေနဲ့ဆုံအပြီးမှာ သိခဲ့ရတာက ဦးဇင်းတို့လို အငယ်ပိုင်းတွေ သာသနာကို ထောက်ပံ့ရာထောက်ပံ့ကြောင်း သွားကူတဲ့အခါတိုင်း ဆရာတော်ကြီးတွေက ချက်ချင်းကို သာဓု သုံးကြိမ်ခေါ်တယ်။ ဦးဇင်းတို့ လုပ်ချင်တာကိုလည်း နည်းလမ်းပေါင်းစုံက သိပ်ကို အားပေးတယ်။ အခု ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးနဲ့ ၂၀၂၁ ခုနှစ်တုန်းက Zoom ကနေ စကားပြောတဲ့အခါ တခြားတိပိဋက ဆရာတော်တွေလည်း ပါပါတယ်။ ဒီမှာ ဓမ္မစေတီ စေတီတော်တည်မယ်လို့ဆိုတဲ့ ဦးဇင်းရဲ့သန္နိဋ္ဌာန်ကို သူကြားတဲ့အခါမှာ သာဓု ၃ ကြိမ်ခေါ်တယ်။ ဆရာတော်ကြီးက ဌာပနာအတွက် ဓာတ်တော်မွေတော်လည်း ချီးမြင့်မယ်။ ဗုဒ္ဓခြေရာတော်လည်း လှူမယ်လို့ ချက်ချင်းမိန့်တယ်။
ပြီးတော့ တိပိဋကဆရာတော်တွေက ဦးဇင်းတည်မယ့် စေတီတော်မှာ အဆင့်လိုက် တပ်ဖို့ ရွှေခေါင်းလောင်းတွေ လှူနိုင်မလားဆိုတာ ဆွေးနွေးကြမယ်ဆိုပြီး အားပေးကြတယ်။
ဒါတွေအားလုံးနဲ့ မြန်မာကို သွားတဲ့အခါတိုင်းမှာ ဆရာတော်တွေဟာ ဦးဇင်းရဲ့ စေတီကိစ္စပြောတဲ့အခါတိုင်းမှာ အကြံဉာဏ်တွေ ချီးမြှင့်တယ်။ပြီးတော့ လုပ်နိုင်တဲ့သူတွေကိုလည်း အားပေးဖို့ တိုက်တွန်းတယ်။ တစ်ခါကတော့ ကိုဗစ်ကာလ ဒီမှာရှိနေတုန်း ဖားအောက်ဆရာတော်ကြီးနဲ့ Zoom ကနေ ခေါ်တော့ ဓမ္မစေတီယ တည်မယ့်ကိစ္စကို ပြောဖြစ်တယ်။ ကျောက်ထက် အက္ခရာကို ဘာသာစကား ၁၀ မျိုးနဲ့ တင်မယ်လို့ဆိုတော့ ဆရာတော်ကြီးက တစ်ခုတည်းနဲ့လုပ်ဖို့ မိန့်တယ်။ ပိဋကတ်သုံးပုံမှာ အနည်းအကျဥ်းလေးမှားသွားမယ်ဆိုရင်တောင် ဗုဒ္ဓသာသနာအတွက် အကျိုးယုတ်စေမယ်လို့ ထောက်ပြပြီး ဒီလိုမှားရင် လုပ်သမျှလည်း အချည်းနှီးဖြစ်လိမ့်မယ်လို့ ပြောပြတယ်။
မင်းတုန်းမင်းကြီးက ကုသိုလ်တော်တည်တဲ့အခါ ကျောက်ထက်အက္ခရာတင်သူတွေ အမှားအယွင်းတစ်ခုလုပ်မိရင် လက်တစ်ဖက်ဖြတ်မယ်လို့ဆိုပြီး မိန့်ခဲ့တယ်တဲ့။ ဒါဟာ ဗုဒ္ဓသာသနာ အဓွန့်ရှည်ဖို့ ဘယ်လောက်အရေးကြီးတဲ့အကြောင်းပေါ့။ ပြီးတော့ ဖားအောက်ဆရာတော်ကြီးက မိန့်တယ်။ ဒီလိုကြောင့် ဘာသာတစ်မျိုးတည်းနဲ့ပဲ လုပ်ပါလို့ မိန့်တာပေါ့။
ဦးဇင်းလည်း ဖားအောက်ဆရာတော်ကို ဦးခိုက်ပြီး တိပိဋကတ်ကို ဘာသာစကားပေါင်းစုံနဲ့ရှိထားပြီးတာကြောင့် တပည့်တော်က ပါဋ္ဌိဘာသာစကားစုံနဲ့ ထိန်းသိမ်းချင်တာလို့ ပြန်လျှောက်တယ်။ ဒါမှပဲ နောင်မှာ သုတေသီတွေဟာ ဒီမူနဲ့ ဟိုမူ ကို နှိုင်းယှဥ်ပြီး တိကျတဲ့မူကို ယူနိုင်မယ်လို့။
ပြီးတော့ ဒီနေ့ခေတ်မှာ စာကို တစ်လုံးချင်း ထွင်းထုတာမျိုးမရှိတော့ဘူးလေ။ ကွန်ပြူတာဖိုင်က တိကျတယ်ဆိုရင် PDF ဖိုင်ကိုပဲ စက်က အဲဒီစာတွေကို တိတိကျကျ ကျောက်ထွင်းနိုင်တယ်လေ။ အဲဒါကို ဆရာတော်ကြီးကို ရှင်းပြတော့ သဘောကျပြီး ထောက်ခံတယ်။
မြန်မာဆရာတော်တွေထံကနေ အများကြီး သင်ယူနိုင်ခဲ့တယ်။ ဗုဒ္ဓသာသနာအကြောင်းပြောတဲ့အခါ ဆရာတော်တွေအားလုံးက ကြီးကြီးငယ်ငယ် ဘယ်သူ့ကို မဆို အားပေးထောက်ခံကြတယ်။

ဓာတ်ပုံ ရင်းမြစ်, Walk for Peace
ဘီဘီစီ။ ။ အခုမြန်မာနိုင်ငံက လူထုက ပြည်တွင်းစစ် နဲ့ မျိုးစုံသော အကျပ်အတည်းတွေကြားမှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းနေရပါတယ်။ ဒီအခြေအနေမှာ မြန်မာပြည်သူတွေအတွက် ဆရာတော် ပေးချင်တဲ့ သတင်းစကား၊ အားပေးစကားရှိရင်သိပါရစေ။
အရှင်ပညာကာရ ။ ။ ငလျင်လှုပ်အပြီး မြန်မာကို ရောက်တဲ့အခါ အိမ်တွေ အဆောက်အဦတွေဆိုတာ အပျက်အစီးတွေ အများကြီးဖြစ်နေတာကို မြင်ခဲ့ရပါတယ်။ မြင်တွေ့ခဲ့ရတာကိုလည်း စိတ်မကောင်းဖြစ်မိတယ်။ အတူပါလာတဲ့ ဆရာတော်ဦးဇနကက ဒါက စစ်ဇုန်လေ။ ဒီနေရာက စစ်ကြောင့် ပျက်စီးတာမျိုးလည်း သူ ရှင်းပြတယ်။ ငလျင်ကြောင့် ပျက်စီးတာက တစ်မျိုး၊ စစ်ကြောင့်လည်း လူတွေ သေကြေနေရတယ်။ ဒါတွေမြင်ရတာ စိတ်မချမ်းမြေ့ရပါဘူး။ ဒီစစ်ပွဲကြီး ဖြစ်နိုင်သမျှမြန်မြန် ပြီးသွားဖို့ မျှော်လင့်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် သူတိုက် ကိုယ်တိုက်နဲ့လုပ်နေတာ အဓိပ္ပါယ်မဲ့ပါတယ်။ အားလုံး ရင်စည်းခံနေကြရတယ်။ စီးပွားရေးဆိုတာလည်း ကျသွားလိုက်တာ။
လူတွေဆိုတာလည်း အပူအပင်တွေနဲ့။ မြန်မာမှာ ဒုက္ခဝေနေတာကို မြင်နေရတယ်။ မြန်မာကို သွားတဲ့အခါ လူတွေက ဦးဇင်းကို မြန်မာဘုန်းကြီးလို့ပဲ ထင်ကြတယ်။ ကိုယ်တိုင်ကလည်း မြန်မာဟာ ကိုယ့်နိုင်ငံပဲလို့ မှတ်ယူတယ်။ ဒါကြောင့် ဒီနိုင်ငံကို အေးချမ်းစေချင်တယ်။ ဒီလောက်ပျက်စီးဆုံးရှုံးမှုများနေတဲ့နိုင်ငံမှာ ဒါမှပဲ လူတွေ အေးအေးချမ်းချမ်းနဲ့နေနိုင်မယ်။ ဒါ မြန်မာနိုင်ငံ အတွက် ဖြစ်စေချင်တဲ့ဆန္ဒပါ။
ဘယ်သူပဲ မှန်မှန် ဘယ်သူပဲ မှားမှား ဒီစစ်ပွဲကြီး ဖြစ်နိုင်သမျှ မြန််မြန်ပြီးသင့်ပြီလို့ တရားထိုင်တဲ့အခါတိုင်း၊ မေတ္တာပွားတဲ့အခါတိုင်းမှာ ဆုတောင်းပေးပါတယ်။ ဒါမှပဲ အရပ်သားတွေဟာ စိုးရိမ်ကြောင့်ကြမှုကင်းကင်းနဲ့ ဘဝကို နောက်တစ်ကြိမ် အေးအေးချမ်းချမ်းပြန်နေနိုင်မယ်။
ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးအနေနဲ့ အစိုးရ၊ နိုင်ငံရေးမှာ ကြားဝင် စွက်ဖက်လို့မသင့်ဘူး။ အားလုံးလုပ်နိုင်တာက မေတ္တာ၊ စေတနာနဲ့ ကရုဏာပဲ။ ပြဿနာတွေကြောင့် ပြန်တိုက်ခိုက်တာတွေလည်း ရှိတာကိုလည်း သိပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ သေကြေတာလည်းများပြီ။ ပျက်စီးတာလည်း များပြီ။ စီးပွားရေးလည်း ချွတ်ခြုံကျနေပြီ။ အားလုံးအဆုံးသတ်လို့ နိုင်ငံက သူ့ခြေထာက်ပေါ် သူပြန်ရပ်ပြီဆိုရင်တောင် ဆယ်စုနှစ်များစွာ ခိုင်ခံ့အောင်ကြိုးပမ်းခဲ့တဲ့အရာတွေ ပျက်စီးကုန်လို့ ပြန်တည်ဆောက်ဖို့ဆိုရင် နှစ်ပေါင်းများစွာကြာမြင့်မှာ။
ဒါကြောင့် မြန်မာပြည်က လူတွေအားလုံးဟာ ကိုယ့်ကိုယ်ကိုယ်အရင် ငြိမ်းအေးအောင်နဲ့ အရာအားလုံး အကြောင်းကြောင့် အကျိုးဖြစ်လာတာလို့ ပြန်ရှုမြင်မယ်ဆိုရင် အရာအားလုံးမှာ ကံကံ၏ အကျိုးဆိုတာရှိပါတယ်။ ဗုဒ္ဓဘာသာတွေမို့ အားလုံးလည်း ဒါကို နားလည်ထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူပဲ မှားမှား ဘယ်သူပဲ မှန်မှန် အချိန်လည်းကြာပြီမို့ ဒါကိုအဆုံးသတ်သင့်ပါပြီ။ ဒါမှသာ အားလုံးဟာ ငြိမ်းချမ်းတဲ့ဘဝကို ရရှိကြပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, Walk for Peace
ဘီဘီစီ ။ ။ နောက်ထပ် မပါမဖြစ် ထည့်မေးချင်တဲ့မေးခွန်းကတော့ ခွေးကလေး အာလောက အကြောင်းပါ။ သူက Walk for Peace ခရီးလမ်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းလို့ ပြောလို့ရမလား။ နောက်တစ်ခုက သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိနေလဲ။ ဘာ့ကြောင့်လဲ ဆိုရင် မြန်မာနိုင်ငံမှာ အာလောက ကို ချစ်ခင်တဲ့သူတွေလည်း အများကြီးရှိနေပါတယ်။
အရှင်ပညာကာရ ။ ။ အာလောကကတော့ သိပ်လိမ္မာတဲ့ခွေးလေးလို့ ဆိုရမှာပဲ။ သူအခု ကျန်းကျန်းမာမာပါပဲ။ ကျောင်းဝင်းထဲ ပြေးလိုက်ဆော့လိုက်ပေါ့။ ကျန်းမာရေးလည်း ကောင်းပါတယ်။ လောလောဆယ်တော့ သူ့ ကျန်းမာရေးကို ဦးဇင်းက ဂရုစိုက်ပေးနေပါတယ်။ ပြီးတော့ သူ့ကို ပြန်လေ့ကျင့်ပေးနေရတယ်။ လမ်းလျှောက်တုန်းမှာ အားလုံးရဲ့အချစ်ခံရတော့ ဆိုးချင်ချင်ဖြစ်နေတယ်။ အဲတော့ သူ့ကို ပြန်လေ့ကျင့်ပေးနေရတယ်။
အခု ဇွန်လမှာ ဦးဇင်းထိုင်းကို သွားတဲ့အခါ အာလောကလည်း ပါလာမယ်။ ပြီးရင်တော့ မြန်မာပြည်ကို သွားကြမှာပေါ့။ ဒါကြောင့် သူ့ခရီးဟာလည်း တိရစ္ဆာန်တွေအားလုံးအတွက် ငြိမ်းချမ်းခြင်းကို ဆောင်မယ်လို့ ထင်ပါတယ်။ သူ့မှာလည်း အခုဆိုတာဝန်ရှိပြီလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုရင် တချို့နိုင်ငံတွေက သူတို့နိုင်ငံထဲက တိရစ္ဆာန်လေးတွေ ငြိမ်းချမ်းရေးအတွက် အာလောကကို ဖိတ်နေတာလည်း ရှိနေတော့လေ။ ဒါကြောင့် အာလောကဟာ သံဃာတော်တွေလိုပဲ သူ့ကိုယ်ပိုင်ခရီးလည်း ရှိနေမှာပါ။












